Headlines

လက်နက်ငယ်ကျည် ပေါက်ကွဲမှုကြောင့် ကလေးမြို့မှာ စစ်ရှောင် ချင်းကလေးငယ် ညီအစ်ကို ၂ ဦး သေဆုံး

ဧပြီလ ၁၆ ရက်။

ဒီကနေ့ ဧပြီလ ၁၆ ရက်နေ့ မနက် ၈ နာရီခန့်မှာ ကလေးမြို့ တောင်ဖီလာ ရပ်ကွက် (အရပ်ခေါ် နေပြည်တော်)မှာ နေထိုင်သူ ၅ အရွယ် နှင့် ၂ နှစ်ခွဲ အရွယ် ညီအစ်ကို နှစ်ဦး ခြံထဲမှာ ဆော့ကစားစဉ် လက်နက်ငယ်ကျည်ပေါက်ကွဲမှု ဖြစ်ပွားပြီး နှစ်ယောက်စလုံး ပွဲချင်းသေဆုံး သွားခဲ့တယ် လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦး ထံမှ သိရှိခဲ့ရပါတယ်။

“ရပ်ကွက်ကတော့ မပေါက်ကွဲသေးတဲ့ ဒရုန်း drop bomb ဖြစ်နိုင်တယ် လို့ ထင်ကြေး ပေးထားပါတယ်။ ပေါက်ကွဲ မှု ဖြစ်ဖြစ်ချင်း စစ်သားတွေ ရောက်လာတယ်။ ကလေး နှစ်ယောက် ရဲ့ ‌အလောင်း ကိုလည်း ဆေးရုံ ခေါ်သွားတယ်။ တချို့ လူတွေ စစ်ဆေး မေးမြန်း ခဲ့တယ်။ ကလေး တွေရဲ့ အဖေလည်း ခေါ် သွား ခဲ့တယ်။ အ‌ေမဖြစ်သူက သတိမေ့လဲ သွားတယ်။ အခုတော့ အလောင်းလည်း ပြန်ရပြီ။ အဖေ ဖြစ်သူလည်း ပြန် ရောက်ပြီ” လို့ ယင်းရပ်ကွက်နေ ဒေသခံမှ ဖြစ်စဉ်ကို ပြောကြား ခဲ့ပါတယ်။

သေဆုံးသူတွေဟာ Tg Gin Lam Sang (Sangpi, ၅ နှစ်) နှင့် ညီ ဖြစ်သူ Tg Tuan Sian Hon (Honpi, ၂နှစ်ခွဲ) တို့ ဖြစ်ပြီး ပြီးခဲ့တဲ့ ပြည်တော်သာရွာတိုက်ပွဲ ကာလ အတွင်း ပြည်တော်သာရွာက သူတို့နေအိမ် ‌မီးလောင် ပြာကျ ခဲ့တဲ့ အတွက် ကလေးမြို့ တောင်ဖီလာ ရပ်ကွက် (အရပ်ခေါ် နေပြည်တော်) မှာ မိသားစုနဲ့ အိမ်ငှား နေထိုင် ခဲ့ကြတာ ဖြစ်တယ် လို့လည်း စုံစမ်း သိရှိရ ပါတယ်။

“ကလေး နှစ်ယောက်လုံး ဝမ်းဗိုက် ပွင့်ထွက်တဲ့ ဒဏ်ရာ နဲ့ သေဆုံးခဲ့တာပါ။ တယောက် က လက်တဖက် ပြတ်သွားတယ်။ လတ်တလော ကာလမှာတော့ ရပ်ကွက် အတွင်း စစ်ရေး လှုပ်ရှားတာ၊ တိုက်ပွဲ ဖြစ်တာမျိုးတော့ မရှိဘူး” လို့ ယင်းဒေသခံ မှ ဆက်လက် ပြောကြား ခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့်သေဆုံးသွားတဲ့ ကလေးငယ်တွေရဲ့အလောင်းတွေကို ဇာတိ ဖြစ်တဲ့ ကလေးမြို့နယ် ပြည်တော်သာရွာကိုပို့ဆောင်ခဲ့ ပြီး ဧပြီလ ၁၇ ရက်နေ့ မနက် ၉ နာရီမှာ ဈာပန အခမ်းအနား စတင်ကာ ရွာသုဿာန်မှာ သင်္ဂြိုလ် သွားမယ် လို့လည်း သိခဲ့ရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *