
ဧပြီလ ၁၀ ရက်။
ဧပြီလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ၁၆ နှစ်မြောက် အာရက္ခတပ်တော်နေ့အတွက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ရာမှာချင်းညီနောင်အနေဖြင့်အနေဖြင့်စစ်အာဏာရှင်စနစ် အလုံးစုံချုပ်ငြိမ်းပြီး အမျိုးသား တန်းတူရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး၊ အာရက္ခဒေသနေ ပြည်သူလူထုနှင့် ချင်းပြည်သူလူထုတို့၏ အကျိုးစီးပွားတို့ကို အပြန်အလှန် စောင့်ရှောက်ကူညီရေးတို့တွင် အိမ်နီးချင်းကောင်းပီသစွာဖြင့် အာရက္ခတပ်တော်နှင့် ရေရှည်လက်တွဲပြီး မိမိတို့၏ပန်းတိုင် ရောက်ရှိသည်အထိ အတူချီတက်သွားမှာ ဖြစ်ကြောင်း ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့(CB) မှ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါတယ်။
ချင်းညီနောင်ရဲ့ မြို့သိမ်း တိုက်ပွဲများနဲ့ ပတ်သက်ပြီး ယင်း သဝဏ်လွှာတွင် “မိမိတို့နဲ့ ပထဝီနယ်မြေချင်း ဆက်စပ်လျက်ရှိတဲ့ အာရက္ခတပ်တော် အနေဖြင့် ချင်းညီနောင် (Chin Brotherhood) အား မိမိတို့ဒေသတွင် မြို့သိမ်းတိုက်ပွဲများ အောင်မြင်စွာဆင်နွှဲနိုင်သည်အထိ လေ့ကျင့်သင်တန်းပေးခြင်း၊ လက်နက် ခဲယမ်းတပ်ဆင်ပေးခြင်း၊ နိုင်ငံရေးအကူအညီများ ပေးအပ်ခြင်း နှင့်တကွ ချင်းညီနောင် အဖွဲ့ ဝင်များ၏ ဘိုးဘွားပိုင် ဌာနေဒေသများ စစ်ကောင်စီ လက်အောက်မှ လွတ်မြောက်လာစေရန် အသက်ခန္ဓာ၊ ကိုယ်လက်အင်္ဂါများ ပေးဆပ် တိုက်ပွဲဝင်ခဲ့ကြတဲ့ အာရက္ခတပ်တော်နှင့် အာရက္ခစစ်သည်တော်များကိုလည်းလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် ဂုဏ်ပြု အပ်ပါတယ်” လို့လည်း ချင်းညီနောင်အဖွဲ့(CB) မှဖော်ပြပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ ချုပ်(ULA)နှင့် အာရက္ခတပ်တော်(AA) တို့၏ စစ်ဆင်ရေးများကို အောင်ပွဲရစစ်ဆင်ရေးကြီးများ ဟု ချင်းညီနောင်ရဲ့ သဝဏ်လွှာတွင် ဖော်ပြ ထားပြီး ယင်းစစ်ဆင်ရေး များဟာ ချင်းညီနောင် အပါအဝင် မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ကြီးစွာ အထောက်အပံ့နှင့် မျှော်လင့်ချက်ဖြစ် ေစ တယ်လို့ လည်း ဖော်ပြခဲ့ပါတယ်။
ရက္ခိုင် အမျိုးသားအဖွဲ့ ချုပ်/အာရက္ခတပ်တော် (ULA/AA)၏ ဖြတ်သန်းမှု နဲ့ ပတ်သက်ပြီးအာရက္ခတပ်တော်ကို စတင်တည်ထောင်ခဲ့သော ၂၀၀၉ ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့မှစ၍(၁၆)နှစ် တာ ကာလ အတောအတွင်း အခက်အခဲ၊ အကျပ်အတည်းများနှင့် စိန်ခေါ်မှုများကို ရက္ခိတလမ်းစဉ်အတိုင်း သဝေမတိမ်းကြံ့ကြံ့ခံ ရင်ဆိုင်ဖြတ်သန်းနိုင်ခဲ့ကြကြောင်း၊ လက်ရှိအချိန်တွင် အာရက္ခဒေသတစ်ခုလုံး လွတ်မြောက်ရန် လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ ဤအခြေအနေထိ ရောက်ရှိလာရန် ကြီးမားခက်ခဲသော တိုက်ပွဲ ပေါင်းများစွာကို ဆင်နွှဲခဲ့ရပြီး အောင်ပွဲပေါင်းများစွာကို ဆွတ်ခူးနိုင်ခဲ့ကြောင်း လည်း ချင်းညီနောင်အဖွဲ့မှ ပေးပို့တဲ့ သဝဏ်လွှာတွင် ဖော်ပြခဲ့ပါတယ်။
