Headlines

ကန်ပက်လက်မြို့နယ်မှာ အသက်မပြည့်သေးတဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ဖမ်းဆီးတာမျိုးမရှိကြောင်း CDF – Kanpetlet ပြော

ဧပြီလ ၁၆ ရက်။

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်မှာ အသက်မပြည့်သေးတဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ဖမ်းဆီးတာမျိုးမရှိကြောင်း၊ကန်ပက်လက်မြို့နယ် အမှတ် ၅ ဒေသ မကြားရွာအုပ်စုက ဒေသခံ အသက်မပြည့်သေးတဲ့ လူငယ်၁၆ ဦးကို CDF – Kanpetlet ဖမ်းဆီးခေါ်ဆောင်တယ်ဆိုတဲ့ သတင်းတွေဟာ အချောင်သမားတချို့ရဲ့ ထိုးနှစ်တိုက်ခိုက်တဲ့ အပြုမှုစကားလုံးတွေသာဖြစ်တယ်လို့ CDF – Kanpetlet အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

CDF – Kanpetlet ရဲ့ဝိတိုရိယတပ်ရင်း(၁) ဟာ မကြားအုပ်စုတွင်း မတ်လ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ အကြောင်းပြချက်မရှိ ကျောင်းနေအရွယ် အသက်မပြည့်တဲ့ လူငယ် အမျိုးသား ၇ ဦး အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၆ ဦးကို CDF – Kanpetlet တပ်ဖွဲ့က အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့ မကြားအုပ်စုပြည်သူတွေရဲ့ ဧပြီလ ၁၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်တစ် စောင် online မှာ ပြန့်နှံ့လာတဲ့ အပေါ် CDF – Kanpetlet ဘက်က အခုလို တုန့်ပြန်တာဖြစ်ပါတယ်။

CDF – Kanpetlet ကတာဝန်ှရှိသူတစ်ဦးက “ကျနော်တို့ရဲဘော်သစ်စုဆောင်းထားတာတော့ရှိပါတယ်။ စစ်မှုမထမ်းမနေရ ဆိုတာမျိုးနဲ့စုဆောင်းတာမျိုးတော့ မဟုတ်ပါဘူး၊ လူငယ်တိုင်းမဖြစ်မနေ အခြေခံစစ်ပညာသင်တန်း တက်ရောက်သင့်တဲ့ ခေတ်ကာလအခြေအနေမျိုး ရောက်ရှိနေတယ်ဆိုတဲ့ သဘောမျိုးပါ ၂၀၂၁ ခုနှစ် တော်လှန်ရေးအစကတည်းက CDF – Kanpetlet ရဲ့ တပ်ရင်း (၁) က မကြားအုပ်စုမှာရှိနေတာပါ။ မကြားအုပ်စုက လူငယ်ဘယ်နှစ်ဦးဆိုတာထက် အစကတည်းက အင်နဲ့အားနဲ့ ပါကြသလို၊ အမျိုးသားရေးအတွက် တိုက်ပွဲဝင်ရင်းနဲ့ ကျဆုံးသူတွေ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးသူတွေ အများကြီးရှိခဲ့ပြီးဖြစ်ပါပြီ အခုမှ အချောင်သမားတချို့က ကျ နော်တို့ကို ထိုးနှစ်တိုက်ခိုက်တဲ့ အပြုမှု စကားလုံးတွေပါ” လို့ပြောပါတယ်။

ချင်းညီနောင်တပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့ဟာ မင်းတပ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ အပြီးသိမ်းပိုက်လိုက်ပြီးနောက် နောက်တစ်နေ့မှာဘဲ မင်းတပ်မြို့အနီးမှာရှိတဲ့ ကန်ပက်လက်မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မြို့ကိုစွန့်ခွာထွက်ပြေးသွားတာကြောင့် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာCDF – Kanpetlet တပ်ဖွဲ့ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့ က ကန်ပက်လက်မြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *