
မတ်လ ၁၄ ရက်။
အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်ရောက်နေတဲ့ မြန်မာနိုင်ငံသားအပါအဝင်၊ နိုင်ငံခြားသားတွေအနေနဲ့ အိန္ဒိယနိုင်ငံသားတွေသာ ပိုင်ဆိုင်ခွင့်ရှိတဲ့ အထောက်အထားတွေကို ရယူပိုင်ဆိုင်ခွင့်မရှိကြောင်း အိုင်ဇောလ်ခရိုင်တရားသူကြီးက မတ်လ ၁၃ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
အိန္ဒိယနိုင်ငံသားတွေသာ ပိုင်ဆိုင်ခွင့်ရှိတဲ့ Voter ID၊ Aadhar Card၊ Birth Certificate လို အထောက်အထားတွေကို အိန္ဒိယနိုင်ငံရောက်နေတဲ့ မြန်မာစစ်ဘေးရှောင်တွေ အပါအဝင် တခြားနိုင်ငံခြားသားတွေ ပိုင်ဆိုင်ခွင့်မရှိတဲ့ကြောင်း အိုင်ဇောလ်ခရိုင်တရားသူကြီးက အသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
အသိပေးချက်ထဲမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က စစ်ဘေးရှောင်တွေ အပါအဝင် နိုင်ငံခြားသားတွေဟာ Voter ID၊ Aadhar Card၊ Birth Certificate၊ Tribal Certificate၊ Residential Certificate လို စာရွက်စာတမ်းတွေကို ပိုင်ဆိုင်ခွင့် မရှိဘူးလို့ ဖော်ပြထားပြီး ဒီစာရွက်စာတမ်းတွေကို ထုတ်ပေးတဲ့ ဌာနတွေအနေနဲ့လည်း စစ်ဘေးရှောင်တွေနဲ့ နိုင်ငံခြားသားတွေကို မဆောင်ရွက်ပေးဖို့ ကန့်သတ်ထားပါတယ်။
မီဇိုရမ်ပြည်နယ်ထဲကို ရောက်နေတဲ့ မြန်မာစစ်ဘေးရှောင်တွေထဲကနေ အိန္ဒိယနိုင်ငံသားတွေသာ ပိုင်ဆိုင်ခွင့်ရှိတဲ့ အထောက်အထားတွေကို တရားမဝင် ရယူထားတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက်ပိုင်း မီဇိုးလူငယ်အသင်း (YMA) က ပြည်နယ်အစိုးရထံ တင်ပြခဲ့ပြီးနောက် အိုင်ဇောလ်ခရိုင် တရားသူကြီးက အခုလို သတိပေးချက် ထုတ်ခဲ့တာလို့လည်း သိရပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပဋ္ဋိပက္ခတွေကြောင့် ချင်းပြည်နယ်အပါအဝင် တခြားဒေသကနေ အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ကို စစ်ဘေးရှောင်တဲ့ လူဦးရေဟာ ၇ သောင်းကျော်လောက်ရှိတယ်လို့လည်း ချင်းစစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေဆီကသိရပါတယ်။
