
မတ်လ ၂၇ ရက်။
စစ်ကိုင်းတိုင်း၊ တမူးမြို့နဲ့ မဏိပူရပြည်နယ်၊မိုးရေးမြို့ကြားက အိန္ဒိယ – မြန်မာနယ်စပ် နှစ်နိုင်ငံနယ်စပ်ကို အိန္ဒိယအစိုးရဘက်က မတ်လ ၂၅ ရက်နေ့ ကစလို့ နယ်စပ်ခြံစည်းရိုးခတ်ဖို့ လုပ်ဆောင်နေတာဟာ သာမန်ပြည်သူ အရေးပေါ် စစ်ဘေးရှောင်ချင်သူတွေကို ဟန့်တားနိုင်တာကလွဲရင် ကျန်တာဘာမှ အကျိုးမရှိနိုင်တဲ့အကြောင်း အိန္ဒိယ မြန်မာ့အရေးလေ့လာစောင့်ကြည့်တဲ့ India For Myanmar အဖွဲ့တည် ေထာင်သူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။
နယ်စပ်ခြံစည်းရိုးကာရံမယ့် နေရာဟာ အိန္ဒိယ – မြန်မာနယ်စပ် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားကနေ နယ်စပ်မှတ်တိုင် ၇၇ ကနေ ၇၉ အထိ ကာရံဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ဟောင်လင်ဖိုင်ကျေးရွာအနီး မိုင်တိုင် ၇၆ အထိ တိုးချဲ့ကာရံဖို့ အိန္ဒိယအစိုးရဘက်က လုပ်ဆောင်နေတာလို့ ဒေသအခြေစိုက် မီဒီယာနေတွေကနေ တဆင့်သိရပါတယ်။
အိန္ဒိယ မြန်မာ့အရေးလေ့လာစောင့်ကြည့်သူ ဆလိုင်းဒိုခါရ်က “ငွေကြေးအကုန်ကျခံပြီး နယ်စပ်ခြံစည်းရိုးခက်တဲ့ဟာက အခုလက်ရှိ အိန္ဒိယနဲ့မြန်မာနိုင်ငံ နယ်စပ်ကြားမှာ ကြုံတွေ့နေတဲ့ပြဿနာအတွက် ေဖြရှင်းနည်းမဟုတ်ဘူးလို့တော့မြင်တယ် ဒီထက်ပိုကောင်းတဲ့ နည်းလမ်းမျိုးနဲ့ အိန္ဒိယဘက်က အဖြေရှာသင့်တယ်လို့ မြင်တယ် ဒီလိုဟာတွေထက် ပိုစိတ်ချရတဲ့ဟာ မြန်မာနိုင်ငံမှာ စနစ်အပြောင်းအလဲပိုဖြစ်အောင် ပိုကြိုးစားအားထုတ်သင့်တယ် လို့မြင်ပါတယ်၊ဒီခြံစည်းရိုးခတ်မှုကတော့ စစ်ဘေးရှောင်ပြည်သူတွေကိုတော့ တော်တော်လေးအခက်တွေ့စေမှာဖြစ်တယ် ဒါပေမယ့် လက်တွေ့သူတို့ တားဆီးချင်တဲ့ တရားမဝင်ကူးလူးဖြတ်သန်းသွားလာတို့ မှောင်ခိုပစ္စည်းတွေတို့ကိုတားနိုင်ဖို့အတွက် လက်တွေ့ကျမယ်လို့တော့ မထင်ဘူး ဒီထက်ပိုကောင်းတဲ့ ခြံစည်းရိုးတွေကတောင်မှ လူကုန်ကူးအပါအဝင် တခြားမှောင်ခိုဈေးကွက်ကို တားဆီးနိုင်တဲ့ဟာ မရှိတဲ့အတွက်ကြောင့် ကမ္ဘာပေါ်မှာ လက်တွေ့ပြစရာတွေလည်းရှိတဲ့အခါကြတော့ ဒါက သာမန်ပြည်သူအရေးပေါ် စစ်ဘေးရှောင်ချင်တဲ့သူတွေကို ဟန့်တားနိုင်တာမျိုးကလွဲလို့ ကျန်တာက နှစ်နိုင်ငံအတွက် အကျိုးမရှိဘူး ဘတ်ဂျက်အလဟသကုန်တာဘဲ အဖက်တင်တယ်လို့ဘဲမြင်တယ်” လို့ပြောပါတယ်။
အိန္ဒိယအစိုးရဘက်က တိုးချဲ့ကာရံမယ့် နယ်စပ်စည်းရိုးဟာ စစ်ကိုင်းတိုင်း၊ တမူးမြို့နဲ့ ထိစပ်နေတဲ့ နေရာဖြစ်လို့ တမူးဒေသခံတွေနဲ့ မိုးရေးဒေသခံတွေအတွက် အဓိကဝင်ထွက်သွားလာနေတဲ့ နယ်စပ်ဝင်ထွက်ပေါက်နေရာတစ်ခုဖြစ်တာကြောင့် ဈေးသည်တွေ အရေးပေါ်စစ်ဘေးရှောင်ချင်သူတွေအတွက် ဒုက္ခများစွာကြုံလာနိုင်တယ်လို့လည်း သိရပါတယ်။
အိန္ဒိယအစိုးရအနေနဲ့ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ နိုင်ငံခြားသားနဲ့ မူးယစ်ဆေးဝါး တွေ နိုင်ငံအတွင်း ဝင်ရောက်မှုကို တားဆီးနိုင်ဖို့ နဲ့ ပြည်တွင်းလုံခြုံရေးအတွက် အဓိကကျတဲ့ တမူးမြို့နဲ့ မိုးရေးမြို့ကြား နယ်စပ်ခြံစည်းရိုးကာရံနိုင်ဖို့ ကြိုးစားလုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။