
မတ်လ ၂၆ ရက်။
စစ်ကောင်စီ ကင်းစင်ပြီးဖြစ်တဲ့ချင်းပြည်နယ်၊ ဇိုတုန်ဒေသအတွင်း လက်နက်ကိုင်ဆောင်ခြင်းနဲ့ပက်သက်ပြီး စည်ကမ်းသတ်မှတ်ချက်တွေ ပြဌာန်းထားပြီးဖြစ်လို့ ပြည်သူတွေအနေနဲ့ မောင်းပြန်သေနတ်၊ ခြေမှုန်းရေးရိုင်ဖယ်၊ ပစ္စတိုလိုမျိုး သေနတ်တွေ ကိုင်ဆောင်ထားခြင်း ရှိမရှိ စစ်ဆေးတာတွေ လုပ်တော့မယ်လို့ CDF – Zotung တပ်ဖွဲ့က မတ်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်အသိပေးထားပါတယ်။
ဇိုတုန်ဒေသအတွင်း နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ ချင်းထုံစံအတိုင်း အမဲလိုက်ရာမှာ အသုံးပြုတဲ့ ရိုးရာတူမီးသေနတ်၊ နှစ်လုံပြူးသေနတ်၊ ခါးချိုးသေနတ်နဲ့ လေသေနတ်တွေသာ ကိုင်ဆောင်ခွင့်ရှိပြီး အခြားမောင်းပြန်သေနတ် ၊ ခြေမှုန်းရေးရိုင်ဖယ်၊ ပစ္စတိုလိုမျိုး သေနတ်နဲ့ ဖောက်ခွဲရေးပစ္စည်တွေကိုတော့ ကိုင်ဆောင်ခွင့်မရှိတာကြောင့် ကိုင်ဆောင်ခြင်းမပြုကြရန် CDF – Zotung ကဆိုထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီကိုတော်လှန်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း ဇိုတုန်ဒေသကို ဖြတ်သန်းသွားလာလိုပါက ကြိုတင်သတင်းပေးပို့ကြရန် နဲ့ဒါမှမဟုတ် ခိုင်လုံတဲ့ အထောက်အထားများပါရှိကြရန်ကိုလည်း အသိပေးထုတ်ပြန်ထားပါတယ်။
ဇိုတုန်ဒေသဟာ စစ်ကောင်စီကင်းစင်ပြီးဖြစ်တဲ့ ဒေသတစ်ခုဖြစ်သည့်နှင့်အညီ ပြည်သူ့လုံခြုံရေးနဲ့ ပတ်သက်ပြီး CDF – Zotung အနေဖြင့် တက်စွမ်းသမျှ ဆောင်ရွက်လျက်ရှိပြီး စစ်ကောင်စီကို တော်လှန်တဲ့တပ်ဖွဲ့ဝင်များ၏ လက်နက် ကိုင်ဆောင်ခြင်းနဲ့ ပက်သက်ပြီး စည်းကမ်းသတ်မှတ်ချက်တွေကို ပြဌာန်းချမှတ်ထားပြီးဖြစ်တယ်လို့လည်း CDF – Zotung ထုတ်ပြန်ပါတယ်။
ဇိုတုန်ဒေသဖြစ်တဲ့ မတူပီမြို့နယ် ရေဇွာမြို့ကိုလည်း CDF – Zotung ပါဝင်တဲ့ ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
