Headlines

စစ်ကောင်စီကင်းစင်တာ ၃ လနီးပါးရှိပြီဖြစ်တဲ့ ကန်ပက်လက်မြို့ပေါ် ကို ဒေသခံတွေ ပြန်မလာနိုင်ကြသေးဘူးလို့ သိရ

စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့ပေါ်ကို ဒေသခံတွေ အများစုဟာ လုံခြုံစိတ်ချရတဲ့ အနေအထားမှာ မရှိသေးတာကြောင့် ပြန်မလာနိုင်သေးဘူးလို့ ကန်ပက်လက်ဒေသခံတွေဆီကနေ သိရပါတယ်။

လက်ရှိကန်ပက်လက်မြို့ပေါ်မှာ ချင်းညီနောင်တပ်ဖွဲ့ဝင် CDF – Kanpetlet နဲ့ အာရက္ခတပ်တော် (AA) တွေက မြို့တွင်းလုံခြုံရေး၊ သန့်ရှင်းရေးတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ကန်ပက်လက် ဒေသခံတစ်ဦးက “ကျနော်ထင်တာက အခုလိုပြန်မနေကြသေးတာက အားလုံးသိတဲ့အတိုင်းဘဲ လေကြောင်းအန္တရာယ်တွေ လုံခြုံစိတ်ချမှုမရှိသေးတာတို့ ပြီးတော့အဲဒီမှာ မိုင်းတွေ၊ ဗုံးတွေ အဲလိုမျိုးအန္တရာယ်တွေ စိုးရိမ်တာတွေလည်းဖြစ်မယ်ထင်တယ် အရမ်းကြီးစိတ်ချရတဲ့ အနေထားမျိုးမဟုတ်သေးဘူးလို့ အများစုကမခံစားရသေးဘူးပေါ့နော် အဲလိုကြောင့် ကြာနေသေးတာလည်းဖြစ်ပါတယ် ကျနော်တော့ အဲလိုနားလည်တာပေါ့နော်၊မြို့ကိုသန့်ရှင်းရေး၊ ဘာတွေလုပ်တာကတော့ (AA) တွေနဲ့ သန့်ရှင်းရေးတွေ လုပ်တာကိုတော့ကြားရတယ် ပြည်သူတွေကတော့ လောလောဆယ် ပြန်လာတာမျိုးတွေ သိပ်မရှိသေးဘူးလို့ သိရတယ် ချင်းဘက်ကလက်နက်ကိုင်နဲ့ AA ဘက်ကလည်း ရှိတယ် ဒေသခံတွေက သိပ်ပြန်မလာကြသေးဘူး ရွာဘက်တွေမှာ တိမ်းရှောင်တာတွေရှိတယ် မကွေးတိုင်းဘက်တိမ်းရှောင်တာတွေရှိတယ် အနယ်နယ်အရပ်ရပ်ပေါ့ တိမ်းရှောင်ကြတာက မြို့ထဲပြန်ဝင်လာကြတာက အခုလောလောဆယ် မရှိသေးဘူး” လို့ပြောပါတယ်။

ချင်းညီနောင်တပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့ဟာ မင်းတပ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ(၂၁) ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီးနောက် နောက်တစ်နေ့မှာဘဲ မင်းတပ်မြို့အနီးမှာရှိတဲ့ ကန်ပက်လက်မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ကိုစွန့်ခွာထွက်ပြေးသွားတာကြောင့် ဒီဇင်ဘာလ (၂၂) ရက်နေ့မှာ ချင်းညီနောင်ဘက်က သေနတ်တစ်ချက်မှ မဖောက်လိုက်ရဘဲ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ချင်းညီနောင်အဖွဲ့သိမ်းပိုက်ထားတဲ့ချင်းပြည်နယ်တောင်ပိုင်းက ကန်ပက်လက်မြို့နယ်၊ မင်းတပ်မြို့နယ် ၊ မတူပီမြို့နယ် နဲ့ ပလက်ဝမြို့နယ်တွေဟာ စစ်ကောင်စီကင်းစင်သွားပြီဖြစ်ပြီး ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် (AA) ကသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *