Headlines

Chinland Council နဲ့ ICNCC တို့အကြား ချင်းအမျိုးသားညီညွှတ်ရေး သဘောတူညီချက်တွေရရှိတဲ့အပေါ် ကြိုဆိုဂုဏ်ပြုကြောင်း NUG သဝဏ်လွှာပေးပို့

ဖေဖော်ဝါရီလ ၂၇ ရက်။

အယူအဆ၊ သဘောထားကွဲလွဲခဲ့မှုများ ရှိခဲ့သော်လည်း ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်း အဖြေ ရှာခဲ့တဲ့ ချင်းနိုင်ငံရေးဦးဆောင်အဖွဲ့နှစ်ခုဖြစ်တဲ့ ချင်းပြည်(Chinland)ကောင်စီနှင့်ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) တို့အကြား ချင်းအမျိုးသားညီညွတ်ရေး သဘောတူညီချက်များရရှိခဲ့ခြင်း အပေါ်ကြိုဆိုဂုဏ်ပြုကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ချင်းပြည်သူတစ်ရပ်လုံး၏ ရေရှည်အနာဂတ် အကျိုးကို မျှော်ရည်လျက် ချင်းအမျိုးသားနိုင်ငံရေး ဦးဆောင်အဖွဲ့များဖြစ်ကြတဲ့ ချင်းပြည် (Chinland)ကောင်စီနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့အကြား သဘောတူညီချက်များ ရယူနိုင်ခဲ့ပြီး ချင်းပြည်သူတစ်ရပ်လုံးကို လွှမ်းခြုံကိုယ်စားပြုမည့် “ချင်းအမျိုးသားကောင်စီ” ဟူသော ကောင်စီတစ်ရပ် တည်ထောင်ရန်အတွက် သဘောတူညီမှု ရရှိခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရက လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုပါ ကြောင်း အလေးအနက်ဖော်ပြအပ်တယ်လို့ ဆိုပါတယ်။

ချင်းနိုင်ငံရေးဦးဆောင်အဖွဲ့နှစ်ခုဖြစ်တဲ့ ချင်းပြည်(Chinland)ကောင်စီနှင့်ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) တို့အကြား နိုင်ငံရေးသဘောထားကြီးမှုသည် ပြည်သူ့နွေဦး တော်လှန်ရေးတွင် ပါဝင်နေသော တော်လှန်ရေးအင်အားစုများအတွက် ဒီမိုကရေစီအလေ့ အကျင့်ကောင်းအဖြစ် အလေးအနက် စံပြုထိုက်ဖွယ် ဖြစ်တယ်လို့လည်း NUG က ဆိုပါတယ်။

အခုလို ချင်းအမျိုးသားနိုင်ငံရေးဦးဆောင်အဖွဲ့များရဲ့ စည်းလုံးညီညွတ်စွာ ပေါင်းစည်းပြီး “ချင်းအမျိုးသားကောင်စီ” အုတ်မြစ်အား ခိုင်မာမြဲမြံစွာ ချမှတ်နိုင်ခဲ့မှုမှအစပြု၍ ချင်းပြည်သူ တစ်ရပ်လုံးအတွက် တရားမျှတမှု၊လွတ်လပ်မှု၊တန်းတူညီမျှမှု၊ ကွဲပြားစုံလင်မှုအပေါ် လက်ခံနိုင်မှု စသည်တို့အား အခြေခံသည့် ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ရေးဆွဲပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်နိုင်သည့်တိုင်အောင် အတူတကွ လက်တွဲချီ တက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စိတ်အားထက်သန်မှု အပြည့်ဖြင့် မျှော်ရည်မှန်း လျက် ဤသဝဏ်လွှာအား ပေးပို့တာလို့ NUG ကဆိုပါတယ်။

ချင်းပြည် (Chinland) ကောင်စီနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) အ နေဖြင့် ချင်းပြည်အတွင်းရှိ ချင်းပြည်သူများအတွက် ကောင်စီ ၂ ရပ် ရှိ နေခြင်းကိုမဖြစ်သင့်ကြောင်း နှစ်ဖက်လက်ခံယုံကြည်ကြသည်နှင့်အညီ ကောင်စီအသစ်တစ်ရပ်အဖြစ် ပေါင်းစည်းရန်သဘောတူညီခဲ့ကြပြီး ထိုကောင်စီအမည်ကို ချင်းအမျိုးသားကောင်စီ(Chin National Council ) ဟု ခေါ်တွင်ရန်သဘောတူညီကြကြောင်း Chinland Council နဲ့ ICNCC တို့အကြား ချင်းအမျိုးသားညီညွတ်ရေး သဘောတူညီချက်ကို ဖေဖော်ဝါရီလ ၂၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ချင်းပြည် (Chinland) ကောင်စီမှာ ချင်းလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး ( CNF/CNA) ၊ CDF -–Matupi တပ်မဟာ (၂) ၊ CDF – Lautu ၊ CDF – Tongzang ၊ CDF – Zotung၊ CDF – Hakha ၊ CDF-Thantlang ၊ CDF-Hualngoram ၊CDF / CDM SIYIN၊ PDA – Tedim ၊ CDF – KKG၊ CDF – Mara ၊ CDF – Paletwah ၊ CDF – Zanniatram နဲ့ Mindat Council စတဲ့ အဖွဲ့တွေနဲ့ ဖွဲ့စည်းထားပါတယ်။

ချင်းညီနောင်(CB)အဖွဲ့ရဲ့ နိုင်ငံရေးဦးဆောင်မှုကို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)ကနေ လုပ်ဆောင်တာဖြစ်ပြီး ချင်းညီနောင်အဖွဲ့မှာ ချင်းလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ၊ ZFU / PDF – Zoland၊ CDF – Mindat ၊ CDF – Kanpalet ၊ CDF -–Matupi တပ်မဟာ (၁) ၊ MTC/ MDF နဲ့စတဲ့ လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့နဲ့ဖွဲ့စည်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *