Headlines

အာဏာသိမ်းပြီးနောက် မြန်မာပြည်မှာ ဈေးအကြီးဆုံးနဲ့ရင်ထိတ်စရာခရီးစဉ်ထဲက ၁ ခု ဖြစ်လာတဲ့  ချင်းပြည် နဲ့ရန်ကုန်ခရီး

၂၀၂၁ မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် တော်လှန်ရေးအင်အားကောင်းလာတဲ့ ချင်းပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေနဲ့ မြို့ချင်းဆက်လမ်းမတွေမှာ တိုက်ပွဲတွေ ခဏခဏဖြစ်တဲ့အပြင်ဆီဈေးတွေအဆမတန်တက်တဲ့ အခြေအနေမှာ ပြည်မနဲ့ ချင်းပြည်ကြားသွားလာရတဲ့ယာဉ်စီးခဈေးနှုန်းတွေဟာ သိန်းဂဏန်းအောက်ဈေးနှုန်းမရှိတော့တာကြာပါပြီ။ ဒါတောင်တိုက်ပွဲတွေအခြေအနေအပေါ်မူတည်ပြီး ခရီးသွားလာရေးက ပုံမှန်အနေအထားမှာမရှိပါဘူး။ ဒီသိန်းဂဏန်းကုန်ကျစရိတ်ဟာ အကြမ်းဖျင်း ချင်း တောင်က ဟားခါး၊တီးတိန် မြို့ တွေနဲ့ ကလေးမြို့အကြား ကုန်ကျစရိတ်သာဖြစ်ပြီး က လေး မြို့ကနေ ရန်ကုန်မြို့ကို စီးရတဲ့ လူ ၁ ယောက်စာ  ခရီး တကြောင်းစာ လေယာဉ်စီးခ ၅ သိန်း ဝန်းကျင်ကုန်ကျတာမပါသေးပါဘူး ။ မြို့နယ် ၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ်မှာ  လက်ရှိမှာပလက်ဝ၊မတူပီ၊မင်းတပ်၊ကန်ပက်လက်၊တွန်းဇံမြို့နယ်တို့ကို ချင်းလက်နက်ကိုင်တော်လှန်ရေးအင်အားစု တွေနဲ့ AA က သိမ်းပိုက်ထိန်းချုပ်ထားပြီးထန်တလန်နဲ့ဖလမ်းမြို့တွင်းမှာ အပြင်းအထန်တိုက်ပွဲဖြစ်ပွားလျက်ရှိကာ ဟားခါးနဲ့တီးတိန်မြို့ ၂ မြို့ကိုသာစစ် ကောင်စီကထိန်းချုပ်နိုင်ပါတော့တယ်။

ကလေးမြို့နဲ့ ဟားခါးမြို့ပြေးဆွဲတဲ့ မော်တော်ယဉ်လိုင်းများမှာယခင်က နာရီ ၇ချက်နီးပါးသာကြာမြင့်ပေမယ့် ဖလမ်းမြို့ပေါ်တိုက်ပွဲဖြစ်ပွားပြီးနောက် ဈေးအဆမတန်တက်သွား တဲ့အပြင် တစ်ခါတစ်ရံ ရက်နဲ့ချီကြာမြင့်တာမျိုးလည်းရှိတယ်လို့သိရပါတယ်။ ကလေးမြို့နဲ့ ဟားခါးမြို့အကြားပြေးဆွဲတဲ့ မော်တော်ယာဉ်လိုင်းစီးခဟာစစ်ကောင်စီအာဏာသိမ်းမှုမဖြစ်ပွားခင်က ပုံမှန်မော်တော်ယာဉ်လိုင်းဆိုလျှင် တစ်ဦးကို ကျပ်၁၅၀၀၀ – ၂၀၀၀၀ ဖြင့်သွားလာနိုင်ခဲ့တာဖြစ်ပေမယ့် အခုဆိုရင် ကလေးမြို့နဲ့ဟားခါးမြို့အကြား မော်တော်ယာဉ်စီးခဟာ တစ်ဦးကို ၂ သိန်း ၂သောင်းအထိရှိပြီးလက်မှတ်ဈေးအကြီးဆုံးဖြစ်ပါတယ်။

“ ဖလမ်းမြို့ပေါ်တိုက်ပွဲဖြစ်တော့ ကလေးကနေ ရိဒ်ဖက်ကိုသွားပြီး ရိဒ် – ဖလမ်းလမ်းကနေပြန်ပတ်လာပြီး ဟားခါးမြို့ကို သွားရတာဖြစ်တယ်။ အခုတော့ရိဒ်ဖက်ကိုမပတ်တော့ဘူး။ ဖလမ်းမြို့တွင်းကိုတော့မဝင်တော့ပဲဖလမ်းဂေါက်ကွင်းလမ်းဖက်ကနေ မြို့ကိုပတ်ပြီး ဟားခါးကို ဆက်သွားတယ်။ ဟားခါးကနေကလေးသွားမယ်ဆိုရင်လည်း အဲဒီအတိုင်းပဲ။ တစ်ခုခုအကြောင်းထူးတာ၊အသိပေးတာမျိုးမရှိရင်တော့ ကလေး – ဟားခါးကို နေ့တိုင်းထွက်ပေးပါတယ်” လို့ရွှေလွင်ပြင်ကားလိုင်းလက်မှတ်အရေးစာရေးမကပြောပါတယ်။

အရင်က ကလေး – ဖလမ်းမြို့ကြား၊ ကလေးမြို့ကနေ မိုင် ၃၀ ဝန်းကျင်သာဝေးတဲ့ တီးတိန်မြို့နယ်သိုင်ငင်းရွာမှာတိုက်ပွဲရက်သတ္တပတ်ကြာကြာဖြစ်ပွားခဲ့စဉ်ကတီးတိန်မြို့ဖက်နဲ့ မြန်မာ – အိန္ဒိယနယ်စပ် ရိခေါဒါရ်မြို့ ကိုသွားမယ့်ကားလိုင်းတွေဟာတမူးမြို့ဖက်ကိုသွားတဲ့ လမ်းမပေါ်မှာရှိတဲ့ ခမ်းပတ်မြို့ဖက်ကနေပတ်ကာ အဲဒီကနေတစ်ဆင့်
ချင်းပြည်နယ် တွန်းဇံမြို့ဖက်ကနေပတ်ပြီး သွားခဲ့ရပါတယ်။ ၂၀၂၃ ခုနှစ်တွန်းဇံမြို့သိမ်းတိုက်ပွဲပြင်းထန်ပြီးနောက် ခမ်းပတ်မြို့ဖက်နေ ကျီခါး – တွန်းဇံဖက်ကိုသွားတဲ့လမ်းကြောင်းကနေ ခရီးသည်တွေမသွားတော့ဘူးလို့ သိရပါတယ်။ အခုအခါမှာလည်းတွန်းဇံမြို့နယ်တွင်းက ကျေးရွာဆယ်ရွာကို ZRA က ဝင်ထွက်သွားလာခွင့်ပိတ်ပြီး
ထိန်းချုပ်ထားတဲ့အတွက် အဲဒီဖက်လမ်းကြောင်းကိုတော့ သိပ်မသွားကြတော့ဘူးလို့ခမ်းပတ်မြို့ကိုခေတ္တရောက်ရှိတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

သိုင်ငင်းတိုက်ပွဲကြောင့် ကလေးမြို့ကနေ ဖလမ်း နဲ့ ဟားခါးကိုသွားမယ့်ကုန်ပစ္စည်းတင်ကားကြီးများ၊ ခရီးသည်တင်မော်တော်ယာဉ်များဟာဝေဘူလလမ်းဖက်ကနေပတ်ပြီးသွားခဲ့ရပါတယ်။ကလေးမြို့တောင်ပိုင်းဖက်တိုက်ပွဲမပြင်းထန်ခင်က ကလေးမြို့ကနေဟားခါးကို သွားမယ့်မော်တော်ယာဉ်လိုင်းများဟာ ကလေး – ဂန့်ဂေါလမ်းကနေ ဟားခါးဖက်ကို သွားခဲ့ကြရပါတယ်။

ကိုဗစ်ကပ်ဘေးကနေစပြီး အထိနာခဲ့တဲ့ ချင်းတောင်လမ်းမဘေးက စားသောက်ဆိုင်တွေဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုပြီးနောက် လက်နက်ကိုင်တော်လှန်ရေးအားကောင်းလာတဲ့ ချင်းပြည်နယ်မှာ ပိုပြီးအထိနာခဲ့ရပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုပြီးနောက်မှာ ဧည့်သည်မရှိ တော့တာကြာမြင့်လာလို့ ချင်းတောင်လမ်းမဘေးက စားသောက်ဆိုင်တွေဟာပိတ်ခဲ့ရပါတယ်။ တိုက်ပွဲအကြားမှာ စားသောက်ဆိုင်တွေရှိတဲ့ ချင်းရွာတွေဟာမီးလောင်ပြာကျခဲ့ရပါတယ်။


ဟားခါး – ရန်ကုန်ကားလိုင်းမှာလည်း ၂၀၂၁ အာဏာမသိမ်းခင် ယခင်က ၃ သောင်းခွဲဖြင့်တစ်ညအိပ်ခရီးဖြင့်သွားလာရပေမယ့် အခုဆိုရင် လမ်းကြောင်းအခြေအနေပေါ်မူတည်ပြီး ၂ ညအိပ် ၃ ရက်ခရီးဖြင့်သွားလာရကြောင်း၊ မုံရွာခရိုင်တွင်းရှိ ခရီးစဉ်လမ်းကြောင်းမှာရုတ်တရက်တိုက်ပွဲများဖြစ်ပွားပါက တစ်ပါတ်အထိကြာမြင့်တတ်သလို တိုက်ပွဲကြာမြင့်လျှင်လှည့်ပြန်ရတဲ့အခြေအနေမျိုးလည်းရှိတယ်လို့သိရပါတယ်။ 

ရန်ကုန် – ဟားခါးယာဉ်စီးခဈေးနှုန်းကတော့ ကလေး – ဟားခါးထက်သက်သာပြီး တစ်ဦးလျှင် ၁၇၀၀၀၀
ရှိတယ်လို့ရန်ကုန်ရွှေလွင်ပြင်ဂိတ်ကနေသိရပါတယ်။အခုလက်ရှိအချိန်မှာ ချင်းပြည်နယ်တောင်ပိုင်းဖက်ကိုတော့ ခရီးသည်ယာဉ်လိုင်းများပုံမှန်ပြေးဆွဲနိုင်သေးခြင်းမရှိသေးသလို ဖလမ်းမြို့မှာလည်းမြို့တွင်းတိုက်ပွဲပြင်းထန်နေတာကြောင့် ယာဉ်ပြေးဆွဲမှုမရှိနိုင်သေးဘူးလို့သိရပါတယ်။

ပခုက္ကူ – မင်းတပ် ကိုပြေးဆွဲခဲ့တဲ့ မော်တော်ယာဉ်ဟာလည်း နေ့တိုင်းပြေးဆွဲပေမယ့်ဆောအထိသာ ပုံမှန်ပြေးဆွဲတယ်လို့ဆိုပါတယ်။ မင်းတပ်မြို့တွင်းကိုတော့မဝင်ဘူးလို့သိရပါတယ်။ အရင်က ပခုက္ကူ ကနေ မင်းတပ်မြို့အထိကို ယာဉ်စီးခဟာနှစ်သောင်းတောင်ပြည့်တာမဟုတ်ပေမယ့် အခုဟာ ပခုက္ကူကနေ – ချင်းပြည်နယ်နယ်စပ်
မကွေးတိုင်း ဆောမြို့အထိကို လူတစ်ဦးကို ယာဉ်စီးခဈေးနှုန်း ၁ သိန်းကျတယ်လို့မိုပီကားလိုင်းဆီကသိရပါတယ်။
“အခြေအနေအမျိုးမျိုးကြောင့် မင်းတပ်မြို့တွင်းထဲထိခရီးသည်တင်ယာဉ်လိုင်းတွေမဝင်ပါဘူး။ ပခုက္ကူကနေ ဆောမြို့အထိကတော့နေ့တိုင်းပြေးဆွဲပေးပါတယ်” လို့ မိုပီးမော်တော်ယာဉ်လိုင်းကပြောပါတယ်။

မင်းတပ်မြို့ကို ချင်းညီနောင်အဖွဲ့က သိမ်းပိုက်ပြီးနောက် မင်းတပ်မြို့ဝင်မယ့်သူများအနေနဲ့တော်လှန်ရေးရန်ပုံငွေထည့်ဝင်ကြောင်းအထောက်အထားပြမှသာ မင်းတပ်မြို့တွင်းကိုပေးဝင်မယ်လို့ CDF – Mindat ကထုတ်ပြန်ထားပါတယ်။လက်ရှိမှာ အများပြည်သူပြန်လည်နေထိုင်နိုင်ရန်အတွက်ဟုဆိုကာ CDF – Mindat ကမြို့တွင်းမိုင်းရှင်းလင်းခြင်းကို ဆောင်ရွက်လျက်ရှိသလို ခွေးရူးကာကွယ်ဆေးများကိုလည်းထိုးပေးလျက်ရှိပါတယ်။


ချင်းပြည်မြောက်ပိုင်း ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇန်မြို့များကနေကလေးမြို့ဖက်ရောက်ပြီးနောက် ကလေး – မန္တလေး၊ ကလေး – ရန်ကုန်ဆက်သွားမယ့်ခရီးသည်များရဲ့ ယဉ်စီးခဈေးနှုန်းမှာ ယခင်က သုံးသောင်းခွဲဝန်းကျင်ရှိရာကနေ ယခုဆိုရင် ကလေး – မန္တလေးကို တစ်ဦးလျှင် ၁၅၀၀၀၀ ကျသင့်ပြီးခေါင်းခန်းစီးလိုသူတွေကတော့ ၁၇၀၀၀၀ ကျသင့်ပါတယ်။ ကလေး – ရန်ကုန်ကတော့တစ်ဦးလျှင် ၁၈၀၀၀၀ ကျသင့်တယ်လို့ မော်တော်ယာဉ်လိုင်းဂိတ်တွေဆီကသိရပါတယ်။

ကလေးမြို့ကနေ မန္တလေး၊ ရန်ကုန်ဖက်ကိုသွားမယ့်ခရီးသည်တင်ယာဉ်လိုင်းများဟာ ကလေး -ဂန့်ဂေါကြားတိုက်ပွဲမကြာခဏဖြစ်ပွားတာကြောင့် မဟာမြိုင်လမ်းကနေပဲပြေးဆွဲလျက်ရှိပါတယ်။ 

ကလေး – ရန်ကုန်ကို လေယာဉ်ဖြင့်သွားလိုပါကလေယာဉ်ခတစ်ဦးလျှင် ၄ သိန်းကိုးသောင်းအထိဈေးပေါက်ပါတယ်။


ဟားခါးမြို့ကနေ ရန်ကုန်ကို ဆေးဝါးကုသဖို့လာတဲ့ ဒေါ်မွေမွေ (အမည်လွှဲ) က “အရင်ကလိုဟားခါးကနေ ကလေးမြို့ကိုသွား၊ ပြီးတော့ ကလေးကနေ ရန်ကုန်ကိုလေယာဉ်နဲ့သွားဖို့စိတ်ကူးတာ။ ကားခနဲ့လေယာဉ်ခကပေါင်းလိုက်ရင်အရမ်းများတယ်။ ပြီးတော့ကလေးနဲ့ဟားခါးကြားက လုံခြုံရေးအရလည်း သွားလာရတာသိပ်အဆင်မပြေလို့ ဟားခါး -ဂန့်ဂေါ – ရန်ကုန် ကားလိုင်းနဲ့လာခဲ့တယ်။ လမ်းမှာတော့ အစစ်အဆေးအရမ်းများတယ်။တစ်ချို့နေရာမှာ စစ်ကောင်စီဖက်စစ်တာခံရ၊ တစ်ချို့ရွာဝင်ရွာအထွက်မှာစစ်ကောင်စီကိုတော်လှန်နေတဲ့လက်နက်ကိုင်တွေရဲ့အစစ်အဆေးခံရလိုက်နဲ့ခရီးသွားရတာလုံးဝအဆင်မပြေဘူး၊တစ်ချို့တော်လှန်ရေးအဖွဲ့ဆိုရင် ငွေကောက်တော့ ငွေပေးရတာလည်းရှိတယ်။တစ်ယောက်ဘယ်လောက်ဆိုတာမျိုးလည်းမရှိဘူး။ကိုယ့်ကိုစစ်တဲ့သူနဲ့ညှိပြီးဒီလောက်ဆိုရင်အဆင်ပြေမလားဆိုပြီးပေးခဲ့လိုက်တယ်”လို့ပြောပါတယ်။

အခုအခါ မော်တော်ယဉ်လိုင်းများအနေနဲ့ ခရီးသည်များမှတ်ပုံတင်မူရင်းပါမှသာလက်မှတ်ရောင်းချပေးပြီး ခရီးစဉ်တစ်လျှောက် စစ်ဆေးရေးဂိတ်များမှာလည်းမှတ်ပုံတင်မူရင်းပါမှသာ အစစ်ဆေးခံရမှုသက်သာတယ်လို့ သိရပါတယ်။ မှတ်ပုံတင်ပြုလုပ်ဆဲ၊ပျောက်ဆုံးသွားသူတွေအနေနဲ့ ရပ်ကွက်ထောက်ခံစာပါမှသာခရီးသွားလာခွင့်ပေးကြောင်းမော်တော်ယာဉ်လိုင်းတွေဆီကသိရပါတယ်။

ကလေးမြို့ကနေ ချင်းပြည်မြောက်ပိုင်း တီးတိန် မြို့ နဲ့ အိန္ဒိယနယ်စပ်ရိခေါဒါရ်မြို့အထိမော်တော်ယာဉ်လိုင်းများပြေးဆွဲနေသလို ထိုင်ခုံနေရာနဲ့ မော်တော်ယာဉ်အပေါ်မူတည်ပြီးခရီးသည်တစ်ဦးလျှင် ၁ သိန်း ခွဲကနေ ၂ သိန်းအထိ ကျသင့်ပါတယ်။

တီးတိန်မြို့သိမ်းပွဲဆင်နွှဲမယ်ဆိုတဲ့ သတင်းမကြာခင်ကထွက်ပေါ်လာပြီးနောက်ခရီးသည်တင်မော်တော်ယာဉ်လိုင်းများ ခေတ္တအခြေအနေစောင့်ကြည့်နေခဲ့ပေမယ့် အခုတော့ပုံမှန်နီးပါး ပြန်လည်ပြေးဆွဲနေတယ်လို့သိရပါတယ်။

အရင်က ရန်ကုန် – ဟားခါးအထိ Express ကားကြီးတွေသွားလာခဲ့ပေမယ့် အခုချိန်မှာတော့ယာဉ်လိုင်းအားလုံးဟာ အန်စာတုံးကား၊ Surf ကား နဲ့ ရံဖန်ရံခါ mini busများဖြင့်ပြေးဆွဲနေတယ်လို့သိရပါတယ်။ အချို့အရေးပေါ်အတွက်မော်တော်ယာဉ်စင်းလုံးငှားမယ်ဆိုပါက ဟားခါး – ရန်ကုန်လမ်းကြောင်းအတွက် သိန်း ၂၀အထက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *