Headlines

ထိုင်း-မြန်မာ-မလေးရှား နယ်စပ်တကြောက လူမှောင်ခို လုပ်ငန်းများနှင့် တစ်ပူပေါ် နှစ်ပူဆင့်မလေးရှားရောက် မြန်မာများဘ၀

Samchomun (ဆမ်ချိုမွန်း) ‌‌

 စစ်ကောင်စီက စစ်မှုမထမ်းမနေမရ ဉပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အတည်ပြု ပြဌာန်းလိုက်သည်။  ပြည်တွင်းနိုင်ငံရေး ၊ စစ်ရေး ၊ စီးပွားရေး မတည်ငြိမ်မှုများကြောင့် မိသားစုစားဝတ်နေရးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ခက်ခဲကျပ်တည်းလာခြင်း ၊ စစ်တပ်၏ နေ့စဉ်ရက်ဆက် ဖမ်းဆီးနေမှု များကြောင့် ရသည့်နည်းလမ်းဖြင့် ပြည်ပထွက်ရန်  လူငယ်များ စဉ်းစားလာကြသည်။

ထို စိုးရိမ်ကြောင့်ကြမှုများကြောင့် မြန်မာပြည်ကို စွန့်ခွာတိမ်းရှောင်ရန် ကြိုးစားနေသူများထဲတွင် အောင်မိုး(အမည်လွှဲ)  အပါအဝင်ဖြစ်သည်။ အောင်မိုး (အမည်လွှဲ) သည် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement-CDM) တွင် ပါဝင်ခဲ့သည့် အင်ဂျင်နီယာ တစ်ဦးဖြစ်သည်။ ထို့အပြင် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း (Removal) နှင့် နိုင်ငံကူးလက်မှတ် ပိတ်ပင်သည့်စာရင်း (Black list) သွင်းခံထားရသည်။ 

အသက် (၃၀) ဝန်းကျင် ဖြစ်သည့် အောင်မိုး (အမည်လွှဲ) ၏ ယခင်အလုပ် အကိုင်သည်လည်း အင်ဂျင်နီယာ ဖြစ်နေခြင်းကြောင့် စက်မှုလက်မှုတတ်မြောက်သူ(ကျွမ်းကျင်သူ) အဆင့်တွင် ပါဝင်နေသဖြင့် ကိုအောင်မိုး (အမည်လွှဲ) သည် စစ်မှုထမ်းဉပဒေတွင် အသက် (၄၅) နှစ်အထိ အကျုံးဝင်နေသည်။ 

ကို အောင်မိုး နေထိုင်သည့် အင်းစိန်မြို့နယ် အတွင်း၌လည်း စစ်မှုထမ်းရန် လူသစ် စုဆောင်းမှုများ ဆက်တိုက်ရှိလာနေသည် ။ ထို့ကြောင့် အောင်မိုးသည် ထိုင်းနိုင်ငံ (သို့မဟုတ်) မလေးရှား နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင် ရန် ဆုံးဖြတ်လိုက်သည်။ 

ထို့နောက် ပွဲစားနှင့် ချိတ်ဆက်ကာ ရန်ကုန်မှ မြဝတီမြို့ အထိ ကားစီး၍ ရောက်ရှိလာခဲ့သည်။ မြဝတီမြို့ သို့ ရောက်ရှိပြီးနောက် ၊ ကမ်းကူးပေးသည့် ပွဲစား ထံတွင် တစ်ညအိပ်ခဲ့ရသည်။ နောက်နေ့ နံနက် အစောပိုင်းတွင် မဲဆောက်မြို့သို့ သွားရန် ကမ်းကူးခဲ့ရသည်ဟု ကိုအောင်မိုးက ပြန်ပြောပြသည်။

 “သောင်ရင်းမြစ်ကမ်းနားမှာပဲ ပွဲစားပို့တဲ့ တဲက ၊ အဲဒီကနေ မနက် (၂) နာရီ ထပြီး ချောင်းဘက်ကို ဆင်းသွားရတယ်။ အဲဒီကနေ လှေနဲ့ ဟိုဘက်ကမ်း ကူးရတယ်။ ကမ်းကူးခ ထိုင်းဘတ် (၇၅၀) ပေးခဲ့ရတယ်။ ” ဟု ကိုအောင်မိုးက ဆိုသည်။ 

ကိုအောင်မိုးသည် မဲဆောက်မြို့တွင် လ, အတန်ကြာ နေထိုင်ပြီးနောက် မလေးရှားနိုင်ငံသို့ ဆက်လက် ထွက်ခွာ လာခဲ့သည်။

မဲဆောက်-ဘန်ကောက် တောလမ်း

ကိုအောင်မိုးသည် ထိုင်းနိုင်ငံမှ မလေးရှားနိုင်ငံသို့ (အောက်လမ်း) ဖြင့် ပို့ဆောင်ပေးသည့် ပွဲစားနှင့် ချိတ်ဆက်ပြီးနောက် ၊ ပွဲစား လမ်းညွှန်သည့် အတိုင်း မဲဆောက်မြို့မှ လိုင်းကားဖြင့် (၁) နာရီကြာ သွားရသည့် နေရာတစ်ခုသို့ ရောက်လာခဲ့သည်။ 

ပွဲစားပို့ဆောင်ရမည့် လူဦးရေ သတ်မှတ်ချက် မပြည့်သေးသဖြင့် ပွဲစားအိမ်တွင် ၊ ၂ ညတာ, ညအိပ်စောင့်ခဲ့ရပြီး လူဦးရေ (၃၅) ဦးဝန်းကျင် ရှိလာချိန်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ပွဲစားက စတင်ပို့ဆောင်ခဲ့သည် ဟု ကိုအောင်မိုးက ပြောသည်။ 

မဲဆောက်မြို့မှ ဘန်ကောက်မြို့သို့ သွားရသည့် လမ်းကြောင်းသည် အင်မတန်ခက်ခဲ ကြမ်းတမ်း၍ တောင်တက် တောင်ဆင်း ခရီးကို ခြေကျင်ဖြင့်ညလုံးပေါက် လမ်းလျှောက်ခဲ့ရကြောင်း ကိုအောင်မိုးက ပြန်လည်ပြောပြသည်။ 

“ည ၈ နာရီကနေ စလမ်းလျှောက်ရတယ် ၊ အဲဒီကနေ မနက် ၂ နာရီ လောက် တောင်ယာတဲ တစ်ခုမှာ ခဏနားတယ် ၊ အဲဒီကနေ သစ်တင်ကားနဲ့ တစ်နေရာကိုပြန်ပို့တယ် ၊ နောက်ထပ် (၂) နာရီ လောက် ထပ်ပြီး လမ်းလျှောက်ရတယ်။”ဟု ကိုအောင်မိုးက ဆိုသည်။ 

လူမှောင်ခို ကူးလမ်းကြောင်းများ တွင် ပွဲစားများက လူအုပ်စုလိုက်အား ခြေကျင်ဖြင့် တောထဲ တောင်ထဲတွင် လမ်းလျှောက်စေခြင်းမှာ စစ်ဆေးရေး ဂိတ်များကို ရှောင်ကွင်းရန် စီစဉ်ခြင်း ဖြစ်နိုင်ကြောင်း ကိုအောင်မိုးက သုံးသပ် သည်။  

ခြေကျင်ဖြင့် တလှည့် ကားဖြင့် တလှည့် တောတောင် အထပ်ထပ် ဖြတ်ကျော်ပြီးနောက် ၊ ၂ ရက်ခန့် အကြာတွင် ဘန်ကောက် မြို့သို့ ရောက်ရှိသွားခဲ့ ကြောင်း ကိုအောင်မိုးက ဆိုသည်။ 

ဘန်ကောက်-ကွာလာလမ်ပူ ကြား ကုန်းကြောင်းခရီး 

ဘန်ကောက်မြို့ အရောက်တွင် ၊ ဘန်ကောက်မြို့ပြင်တစ်နေရာ၍ ထိုင်းလူမျိုးပွဲစားတစ်ဦးက လက်ခံထားပြီး နောက် မြန်မာစကားပြောသည့် ပွဲစား ထံသို့ ညတွင်းချင်းလွှဲပြောင်းပို့ဆောင်ခံရကြောင်း ကိုအောင်မိုးက ပြောသည်။ 

ဘန်ကောက် ရှိ မြန်မာစကားပြောသည့် ပွဲစား အိမ်တွင် တစ်ည အိပ်ရပြီး ၊ နောက်နေ့ ညနေပိုင်းတွင် ကြိုတင် ချိတ်ဆက်ထားသော ကားဖြင့် ထိုင်း-မလေး နယ်စပ် သို့ ဆက်လက် ပို့ဆောင်ပေးသည် ဟုဆိုသည်။

 ထိုင်း-မလေး နယ်စပ် အရောက်တွင် ပွဲစားအသီးသီး (ထိုင်း-မလေး နယ်စပ်လမ်းကြောင်းအား တာဝန်ယူမည့် နောက်ထပ် ပွဲစား အသစ်များ) က ၎င်းတို့ ကြိုတင် ချိတ်ဆက်ထားပြီး ဖြစ်သော လူဦးရေ အလိုက် သီးခြားစီ လာရောက် ခေါ်ဆောင်ကြသည်ဟု ကိုအောင်မိုးက ပြောသည်။ 

ထို့နောက် ယင်းပွဲစားများက ထိုင်း-မလေး နယ်စပ်တကြောရှိ တောလမ်းခရီး ကျွမ်းကျင်သော စိုက်ပျိုးရေးသမားများ (သို့မဟုတ်) တောလိုက်မုဆိုးများဟု ယူဆရသူများထံ ထပ်ဆင့် လွှဲပြောင်းပေးသည်။ 

စိုက်ပျိုးရေးသမားများ (သို့မဟုတ်) တောလိုက်မုဆိုးများဟု ယူဆရသူများက လမ်းပြခေါ်ဆောင် ပေးကြသည်။ ထိုင်း-မလေး နယ်စပ်ရှိ ရာဘာခြံများ ၊ ဆီအုန်းခြံများ နှင့် တောတောင် အထပ်ထပ် ကို ခြေလျင်ဖြတ်ကျော်ခဲ့ရသည်။ ထိုင်း-မလေးနယ်စပ်ရှိ နယ်ခြားစောင့် တပ်များက ရိပ်မိ နိုင်သောကြောင့် နယ်စပ် ဖြတ်ကူးချိန် တွင် မီးမထွန်းဘဲ တောထဲတောင်ထဲတွင် စမ်းတဝါးဝါး လျှောက်သွားခဲ့ရသည်ဟု ကိုအောင်မိုးက ပြောသည်။

“ကျနော်တို့ နယ်စပ်မျဉ်း နားရောက်ချိန် ဟိုဘက်ဒီဘက် (၃/၄) မိုင်လောက်ကတည်းက မီးထွန်းလို့ မရတော့ဘူး ၊   သံဆူးကြိုးတွေလည်း ကျော်ခဲ့ရတယ် ၊မိုးကလည်း ရွာနေတော့ ၊ ချော်လဲတဲ့သူကလဲ ၊ မြောင်းထဲ ပြုတ်ကျ တဲ့သူက ကျ နဲ့ တစ်ညလုံး စမ်းတဝါးဝါး ထပ်လျှောက်ခဲ့ရတယ်။” ဟု ကိုအောင်မိုးက ပြောပြသည်။ 

ထို့ အပြင် မြန်မာ-ထိုင်း-မလေးရှား နယ်စပ် တလျှောက်တွင် ပွဲစားများသည် လူမှောင်ခိုကူးခံရသူများ (ခရီးသည်များ) ကို ပွဲစားတစ်ဦးမှ နောက်တစ်ဦးလက်သို့ လွှဲပြောင်း ပေးအပ်ကြသည်။

 ခရီးသည်များ၏ လက်တွင် ကြိုးစချည်၍ သော်လည်းကောင်း ၊ ဆော့ဖ်ပင်ဖြင့် ခန္ဓာကိုယ်တွင် အမှတ်အသား တစ်ခုခု ပြုလုပ်၍ သော်လည်းကောင်း လွှဲပြောင်း ကြသည်ဟု ကိုအောင်မိုးက ဆိုသည်။

သုံးနိုင်ငံရှိ လူမှောင်ခိုပွဲစားများနှင့် လူကုန်ကူးဂိုဏ်းများ

မြန်မာပြည်ကို စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်သူ များပြားလာသောကြောင့် ၎င်းတို့ကို အခြေပြု၍ လူအစုလိုက်အပြုံလိုက် သယ်ယူပို့ဆောင်မှုလုပ်ငန်း( လူမှောင်ခိုလုပ်ငန်း)အား စီးပွားဖြစ်လုပ်ကိုင်မှု ပိုမိုတွင်ကျယ်လာနေသည်။ 

ထိုသို့သော လူအစုလိုက်အပြုံလိုက်သယ်ယူ ပို့ဆောင်သည့် လူမှောင်ခိုကူးသူများ (ပွဲစားများ) သည်၊  မြန်မာနိုင်ငံဘက်ခြမ်းတွင် မန္တလေး ၊ ရန်ကုန် ၊ ဘားအံ ၊ မြဝတီ ၊ မော်လမြိုင် ၊ မုဒုံ ၊ တနင်္သာရီတိုင်း – ဘုးရားသုံးဆူ , ထားဝယ်  ၊ ထိုင်းနိုင်ငံ မဲဆောက်မြို့ ၊ ဘန်ကောက်မြို့ ၊ ရနောင်းမြို့ နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ၊ ပီနန်းမြို့ ၊ ကင်မရွန်းဟိုင်းလန်းမြို့ စသည်တို့တွင် အခြေချ၍ ချိတ်ဆက် လုပ်ကိုင်နေကြကြောင်း မလေးရှားရောက်မြန်မာ အသိုင်းအဝိုင်းထံမှ သိရသည်။

 လူမှောင်ခိုကူးသည့် လမ်းကြောင်းများသည် မြန်မာ နိုင်ငံ ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်တို့ကို အခြေပြုထားသည်။ ထိုလမ်းကြောင်းသည် အဓိက အားဖြင့် ထိုင်းမြန်မာနယ်စပ် တာချီလိတ်-မယ်ဆိုင်လမ်းကြောင်း  ၊ မြဝတီ-မဲဆောက်-ဘန်ကောက် လမ်းကြောင်း ၊ ဘုရားသုံးဆူ လမ်းကြောင်းဟူ၍ ၃ ကြောင်းရှိနေပြီး ဘုရားသုံးဆူ လမ်းကြောင်း ကို အထူးသဖြင့် အသုံးပြုကြကြောင်း လူမှောင်ခို ကူးခံရသူများထံမှ စုံစမ်း သိရှိရသည်။ 

အဆိုပါ လူမှောင်ခိုကူးသည့် လမ်းကြောင်းသည် မြန်မာနိုင်ငံကို အဓိကအခြေပြုထားပြီး အရှေ့‌တောင်အာရှအတွင်း လူမှောင်ခိုကူးမှု ရာခိုင်နှုန်း၏ ၃၀% မှ ၆၀ % အတွင်း ရှိနေကြောင်း ၂၀၂၄ ခုနှစ် မတ်လ တွင် UNODC က ထုတ်ဝေသည့် Observatory on Smuggling of Migrants First Edition ၌ ဖော်ပြထားသည်။ 

ယင်းလမ်း‌ကြောင်းတလျှောက်တွင် ပွဲစား(တရားမဝင်လူအစုလိုက် သယ်ယူပို့ဆောင်ရန် စီစဉ်သူများ) သည် သက်ဆိုင်ရာ နေရာ‌ဒေသအလိုက် တာဝန် အသီးသီး ခွဲယူထားကြသည်။ ထို့နောက် ၊ သယ်ယူ ပို့ဆောင်ခံရသူများထံမှ ငွေကြေးရယူကာ ပြန်လည်ခွဲဝေ ရယူကြသည်။ 

ကျသင့်ငွေ ပမာဏ အလုံးအရင်းကို ချက်ချင်း ပေးချေနိုင်ခြင်းမရှိသူများသည် အကြွေးစနစ်ဖြင့် အတိုးနှင့်အရင်းပေါင်း၍ ၃ လ ၊ ၆ လ ၊ ၁ နှစ် စသည်ဖြင့် အချိန်ကာလ အလိုက် အသီးသီးပြန်လည် ပေးဆပ်ရ ကြောင်း လူမှောင်ခိုကူးခံရသူများက ‌ပြောပြသည်။ 

လူမှောင်ခိုကူးခံရသူများက ပွဲစားများအား ပေးရသည့် ငွေကြေးပမာဏသည် ၂၀၂၁ ခုနှစ် မတိုင်မီက မြန်မာငွေ ကျပ် ၁၀ သိန်းဝန်းကျင်ရှိခဲ့ရမှ ၂၀၂၄ ခုနှစ်တွင် သိန်း ၅၀ ဝန်းကျင် အထိရှိလာပြီဟု ဆိုသည်။ 

ပွဲစား (သယ်ယူပို့ဆောင်ရေးတာဝန်ခံများ) ထံပေးရသည့် ငွေသားများကို ယခင်က မြန်မာနိုင်ငံ အတွင်း၌ ပေးချေ၍ ရခဲ့သော်လည်း နောက်ပိုင်းတွင် သွားလိုသည့် နိုင်ငံရောက်မှသာ  မိမိအား လာရောက် ရွေးယူမည့် သူက ကြိုတင် အာမခံ၍ သက်ဆိုင်ရာနိုင်ငံ၏ ငွေကြေးအလိုက် ပေးချေရကြောင်း လူမှောင်ခိုကူးခံရသူများထံမှ စုံစမ်း သိရှိရသည်။ 

မြန်မာနိုင်ငံမှ ထိုင်းဘက်သို့ ကူးရာတွင် ရန်ကုန်မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အရောက် ထိုင်းဘတ်ငွေဖြင့် (၂၀,၀၀၀+) နှစ်သောင်းကျော် ဝန်းကျင် ဈေးပေါက်နေပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အရောက် မလေးငွေဖြင့် ရင်းဂစ် (၃၀၀၀-၃၅၀၀) သုံးထောင့်ငါးရာမှ သုံးထောင့်ငါးရာ ဝန်းကျင်ဈေးပေါက်နေသည်။ 

ရန်ကုန်မြို့မှ မလေးရှားနိုင်ငံ အရောက်ဈေးနှုန်းမှာ ရင်းဂစ် (၄၅၀၀ မှ ၅၅၀၀) လေးထောင့်ငါးရာမှ ငါးထောင့်ငါးရာ အတွင်းဈေးပေါက်နေသည်။ ယင်းကဲ့သို့ လူမှောင်ခိုကူး၍ သယ်ယူပို့ဆောင်ရာတွင် ကလေး သူငယ်များ နှင့် သက်ကြီးရွယ်အိုများပါလျှင် မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံအရောက် ရင်းဂစ် (၁၀,၀၀၀) တစ်သောင်း ဝန်းကျင်အထိ ဈေးပေါက်နေကြောင်း လူမှောင်ခိုကူးခံရသူများထံက သိရသည်။ 

“ကျနော်တို့ သွားတုန်းက ဆိုရင် ရိုဟင်ဂျာ မိသားစုတွေ အယောက် (၆၀) ဝန်းကျင်လောက်ပါတယ်၊ သက်ကြီးပိုင်းနဲ့ ကလေးတွေလည်းပါတယ် ၊ သူတို့ နဲ့တင် ပွဲစားတွေ တော်တော် ပိုက်ဆံရလောက်တယ်။” ဟု ကိုအောင်မိုးက ပြောပြသည်။ 

လူမှောင်ခိုပွဲစားများ နှင့် လူကုန်ကူးဂိုဏ်း/အုပ်စုများသည် တစ်ဖွဲ့ပြီး တစ်ဖွဲ့ အထက်အောက် အဆင့်ဆင့် ချိတ်ဆက်၍ အပြန်အလှန်ဆက်သွယ်ကြသည် ။ ထိုသို့ အဆင့်ဆင့် ချိတ်ဆက်၍ သယ်ယူပို့ဆောင်ခံရသည့် ပုဂ္ဂိုလ်များထံမှ ရရှိလာသော ဝင်ငွေများကို အဆင့်လိုက် ပြန်လည် ခွဲယူကြ ကြောင်း မလေးရှားတွင် နေထိုင်သည့် ပွဲစားလုပ်သက် (၈) နှစ်ခန့်ရှိပြီဖြစ်သော အမည်မဖော်လိုသည့် ပွဲစား တစ်ဦးကပြောသည်။ “အဆင့်က ၄/၅ ဆင့်လောက်ရှိတယ်လို့ ယူဆရတယ် ၊ ကျနော်တို့လည်း ကိုယ့်အထက်က နောက်တစ်ဆင့် လောက်ကိုပဲ ဘယ်သူဘယ်ဝါဆိုတာ သိတယ် ၊ ကျန်တဲ့ အထက်ပိုင်း ကတာဝန်ယူတဲ့လူတွေ ကို ၊ ဘယ်သူနဲ့ ဘယ်မှာနေမှန်း မသိဘူး။” ဟု ၎င်းကပြောပြသည်။

 အထူးသဖြင့် လူမှောင်ခိုကူးသူများ(ပွဲစားများ) သည် ခရီးသည် တစ်ဉီးလျှင် အသားတင် အမြတ်ငွေ မလေး ရင်းဂစ် (၁၅၀၀ မှ ၂,၀၀၀) တစ်ထောင့်ငါးရာ မှ နှစ်ထောင် ဝန်းကျင် အထိ ရရှိကြောင်း အဆိုပါ ပွဲစားက ပြောသည်။ 

ထိုသို့သော လူမှောင်ခိုကူးမှုနှင့် လူကုန်ကူးမှု လုပ်ငန်းစဉ် တာဝန်ယူသူများ(ပွဲစားများ) အဆင့်ဆင့်ချိတ်ဆက်ရာတွင် သက်ဆိုင်ရာနိုင်ငံအလိုက် ရဲ ၊ လူဝန်မှုကြီးကြပ်‌ရေး ဝန်ထမ်းများ နှင့် သစ်တော ဝန်ထမ်းများ ပါဝင်ပတ်သက်နေနိုင်သည်ဟူသော မှန်းဆချက်များလည်း ရှိနေသည်

 “နယ်စပ်ဘက်မှာ တာဝန်ကျနေတဲ့ ရဲအရာရှိကြီးတွေ သို့မဟုတ် ရဲဝန်ထမ်းတွေ ၊ နဲ့ သစ်တောဝန်ထမ်းတွေ ပါဝင်ပတ်သက်နေနိုင်တယ် ဆိုတဲ့ သတင်းတွေ ကျနော်တို့ သိရတာရှိတယ် ၊ ဒါတွေက လာဘ်ပေးလာဘ်ယူမှုတွေ လို့လည်းပြောလို့ ရတာပေါ့လေ ၊ ဒါပေမယ့် အခြေခံလူတန်းစားတွေ အတွက် အကျိုးရှိတဲ့ လာဘ်ပေးလာဘ်ယူမှု ဆိုတာလည်း ရှိနေတယ်။” ဟု ထိုင်း-မြန်မာ နယ်စပ်တွင် နေထိုင်သည့် အလွတ်တမ်း သုတေသန ပညာရှင် Billy က ပြောသည်။ 

မည်သို့ပင်ဖြစ်စေ ၊ မြန်မာ-ထိုင်း-မလေးရှား ၊ (၃) နိုင်ငံစပ်ကြားရှိ လူမှောင်ခို ကူးသည့် လမ်းကြောင်းသည် ၊ မြန်မာပြည်တွင်းတွင် စစ်ကောင်စီ၏ အဖက်ဖက်မှ ဖိနှိပ်မှုဒဏ်ခံနေရသူများ အတွက် လွတ်မြောက်ရာ လမ်းတစ်ခု အပါအဝင် အဖြစ်ရှိနေသည်။  

“ကျနော်တို့က စစ်တပ်ရဲ့အုပ်ချုပ်မှုအောက်မှာ မနေချင်တော့ဘူး ၊ လက်နက်ကိုင် တော်လှန်ဖို့လည်း ကျနော်တို့အတွက် အဆင်မပြေဘူးဆိုတော့ နောက်ဆုံး ဒီလမ်းပဲ ရွေးခဲ့ရတယ်။” ဟု မလေးရှား-စင်္ကာပူ နယ်စပ် ဂျိုဟိုးပြည်နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုတွင်  အလုပ်လုပ်ကိုင်နေသော အသက် ၃၁ နှစ်အရွယ်  CDM ဝန်ထမ်း တစ်ဦးက ပြောသည်။ 

လူကုန်ကူးခြင်းခံရသူများ နှင့် လူမှောင်ခိုကူးခံရသူများ၏ ဒုက္ခ 

ပြည်တွင်းကို စွန့်ခွာ၍ နိုင်ငံရပ်ခြားသို့ တိမ်းရှောင် ထွက်ပြေးသူ အများစုသည် စစ်ကောင်စီ ထိန်းချုပ်မှုအောက်တွင် မရှိသော နယ်စပ်ထွက်ပေါက် လမ်းကြောင်းများ(အရပ်ခေါ် အောက်လမ်း) ကိုအဓိက အသုံးပြု၍ ထွက်ပြေးတိမ်းရှောင်ကြရသည်။ 

ထိုသို့ ထွက်ပြေးတိမ်းရှောင်စဉ် လူမှောင်ခိုကူးသူများက တဆင့်ထပ်မံ ငှားရမ်း အသုံးပြုသည့် ကားသမားများ ၊ (လမ်းပြ)များ၏ အော်ဟစ် ဆူငေါက်မှုများကိုလည်း ခံကြရသည်။

လူမှောင်ခိုကူးသူများ(ပွဲစားများ) သည် လူအစုလိုက်အပြုံလိုက် သယ်ယူပို့ဆောင်ရန်အတွက် စိုက်ပျိုးရေးသုံး မော်တော်ယာဉ်များ ၊ ကုန်တင်ယာဉ်များ ၊ သစ်တင်ယာဉ် နှင့် ထော်လာဂျီ များ ကို အသုံးပြု၍ သယ်ယူပို့ဆောင်ကြသည်။ 

သို့သော်, စစ်ဆေးရေး တင်းကျပ်သော ဂိတ်များ နှင့် မြို့တွင်းဂိတ်များ ဖြတ်ကျော်ရာတွင် ဇိမ်ခံကား အသစ်များ နှင့် အဆင့်မြင့် ခရီးသည်တင်ယာဉ် အသစ်များ အသုံးပြုကြသည်။ အဆိုပါယာဉ်များတွင် လူအမြောက်အမြားကို ပြွတ်သိပ်ကျပ်ညပ်နေအောင် ထိုးထည့်၍ သယ်ဆောင်ကြသည်။ 

 ယင်းကဲ့သို့ သယ်ဆောင်စဉ်တွင် အသက်ရှူကျပ်၍ သေဆုံးခြင်းများလည်း ရှိနေသည်။ ထို့အပြင် သယ်ယူပို့ဆောင်ရေးအတွက် လှေ နှင့် စက်လှေများကိုလည်း မြန်မာ-ထိုင်း နယ်စပ်အချို့နေရာများ နှင့် ထိုင်း-မလေး နယ်စပ်ရှိ တချို့နေရာများ တွင် အသုံးပြုကြသည်။

 “ကျနော်တို့ တုန်းက ဓါတ်မြေဩဇာ ရောစပ် တဲ့နေရာမှာ သုံးတဲ့ ပီနံ အိတ်တွေ နဲ့ ကားကို အလုံပိတ်မိုးပြီး သယ်တာ ၊ ဓါတ်မြေဩဇာနံ့ကလည်း နံလွန်းတယ် ၊ အသက်ရှူအရမ်းကျပ်တယ် ၊ ပီနံအိတ်ကို မသိမသာလေး အပေါက်ဖောက်ပြီး လေဝင်လာအောင်လုပ်ရတာ ၊ အပေါက်သာ မဖောက်ခဲ့ရင် သေနိုင်တယ်။” ဟု ကိုအောင်မိုးက ပြောပြသည်။ 

မြန်မာ-ထိုင်း နယ်စပ်တလျှောက်တွင် ရှိနေသည့် လူမှောင်ခိုလမ်း ကြောင်းများမှ တဆင့် ထိုင်းနိုင်ငံ အတွင်းသို့ ဝင်ရောက်ပြီးနောက် ထိုင်းနယ်စပ်လုံခြုံရေးတပ်ဖွဲ့များ နှင့် ရဲတပ်ဖွဲ့များ၏ ဖမ်းဆီးမှုလည်း အများအပြားရှိနေသည်။ 

အဆိုပါလူမှောင်ခိုကူးခံရသူများကို ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီး စစ်ဆေးပြီးနောက် မြန်မာနိုင်ငံဘက်ခြမ်းသို့ ပြန်လည်ပို့ဆောင်၍ စစ်ကောင်စီ လက်သို့ အပ်နှံမှုများလည်းရှိနေသည်။ 

ယင်းကဲ့သို့ စစ်ကောင်စီ လက်သို့ ပြန်လည် အပ်နှံခံရသည့် လူငယ်များကို စစ်ကောင်စီက အတင်းအဓမ္မ စစ်မှုထမ်းစေသည့် အမှုများပါ တိုးလာနေသည် ။

ထို့ကြောင့် လူမှောင်ခိုကူးခံရသူများ သည် ဘက်ပေါင်းစုံက လာသည့် အန္တရာယ်နှင့် ရင်ဆိုင်နေကြရပြီး အသက်နှင့် လုံခြုံရေး အကာအကွယ်မရရှိမှု အပြင် ပွဲစားများ၏ အမြတ်ထုတ်မှု ကိုပါ ဆက်လက် ရင်ဆိုင်ကြရသည်။ 

လူမှောင်ခိုကူးသည့် ခရီးစဉ် တလျှောက်ရှိ အနားယူရသည့်တောတွင်းနေရာများ တွင် အမိုးအကာမရှိခြင်း ၊ အစားအသောက် မလုံလောက်ခြင်း ၊ ပင်ပန်းနွမ်းနယ်ခြင်း (အမောဖောက်ခြင်း) ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ နှင့် အခြားသော ဆပ်စပ် အကြောင်း အရာများ ကြောင့် လူမှောင်ခိုကူးခံရသူများသည် လမ်းခုလတ် တွင် သေဆုံးမှုများ လည်းရှိနေသည်။  

လူမှောင်ခိုကူးသည့် လုပ်ငန်းစဉ် ၌လူအစုလိုက်အပြုံလိုက် မော်တော်ယာဉ်များဖြင့် သယ်ယူပို့ဆောင်ရာတွင် မော်တော်ယာဉ်အတွင်း အောက်ဆီဂျင်ပြတ်လပ်၍ သေဆုံးခြင်း နှင့် မော်တော်ယာဉ် တိမ်းမှောက်၍ သေဆုံးခြင်းများလည်း ရှိနေသည်။ 

၂၀၂၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ၊ မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ရန် ထွက်ခွာလာသော အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင်ပါဝင်ခဲ့သည့် ဒေါက်တာ ခွါလ်ရှန်းတုန် (ခေါ်) ဒေါက်တာတူတုန်း သည် ကရင်ပြည်နယ် တစ်နေရာ ၊ လမ်းခုလတ်တွင် သေဆုံးခဲ့ရသည်။ ဇာတိ ချင်းပြည်သို့ ပြန်လည် သယ်ဆောင်ရန် အခက်အခဲရှိသဖြင့် ကရင်ပြည်တစ်နေရာတွင် မြှုပ်နှံသင်္ဂြိုဟ်ခံခဲ့ရသည်ဟု သိရသည်။ 

ရိုဟင်ဂျာလူမျိုးများသည်လည်း မလေးရှားနိုင်ငံသို့ သွားရောက်ရန် ထိုင်းနိုင်ငံအား ဖြတ်ကျော်စဉ်တွင် ထိုင်းရဲ နှင့် ထိုင်း နယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးမှုခံနေကြရသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာ တတိယ ပတ်တွင်လည်း မလေးရှားနိုင်ငံသို့ သွားရန် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ရိုဟင်ဂျာလူမျိုး (၂၆) ဦးထဲမှ ၃ ဦးသည် လူမှောင်ခို ကားအတွင်း၌ သေဆုံးခဲ့ရသည်။ ထိုအလောင်းများ နှင့် ဒဏ်ရာရရှိသူများကို လူမှောင်ခိုကူးသူ ပွဲစားများက ဆက်လက် သယ်ဆောင်ခြင်းမပြုဘဲ ထိုင်းနိုင်ငံ ချွမ်ဖွန် (Chumphorn) ခရိုင် တောတွင်း တစ်နေရာတွင် စွန့်ပစ်ထားခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။ 

ယင်းဖြစ်စဉ်များသည် လူမှောင်ခိုကူးသူ (ပွဲစားများ) နှင့် ကားသမားများ၏ တာဝန်ယူမှု တာဝန်ခံမှု ပျက်ကွက်ခြင်းကြောင့်ဖြစ်ပြီး မိသားစုနှင့် အဆက်အသွယ် မရ၍ တောထဲတွင် လူမသိသူမသိ ပျောက်ဆုံး သွားသူများလည်း ရှိနေကြောင်း ထားဝယ်မြို့ ဇာတိ ၊ ကရင်တိုင်းရင်းသား တစ်ဦးက ပြောသည်။ 

“ကျနော်တို့ မလေးရှားကို ရောက်လာတာတော့ ဆယ်စုနှစ် တစ်ခုကျော်ပါပြီ ၊ ဒါပေမယ့် အဲလိုကိစ္စတွေက ကြားရခဲတယ် ၊ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ အဲလိုဖြစ်စဉ်တွေ ၄/၅ ကြိမ်မက ကြားလာရတယ် ။ အဓိက, က ပွဲစားတွေက တာဝန်ယူမှု တာဝန်ခံမှု မရှိတာကြောင့်ပေါ့ ၊ အရင်က ဒါမျိုးတွေ မရှိဘူး တော့ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။ 

 လမ်းခုလတ်တွင် သေဆုံး၍ တာဝန်ယူမည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ မရှိခြင်းသည် လူမှောင်ခိုကူးသူများ (ပွဲစားများ) ပိုမို များပြားလာခြင်း ကြောင့် သော်လည်းကောင်း ၊ တရားမဝင်နိုင်ငံဖြတ်ကျော်ခြင်း (အောက်လမ်း) ဖြင့် နိုင်ငံကူးသူများ ပိုမိုများပြားလာခြင်း နှင့် သက်ဆိုင်ရာ နိုင်ငံများအလိုက် လုံခြုံရေး တင်းကျပ်မှုများ ပိုမို တိုးမြင့်လာခြင်းတို့ ကြောင့် ဖြစ်လာသည်ဟု ဆိုနိုင်သည်။ 

လူမှောင်ခိုကူးသည့် ခရီးစဉ်သည် ရံဖန်ရံခါ အစစ်အဆေးမရှိ (လမ်းကြောင်းရှင်း) လျှင် လမ်းလျှောက်စရာမလိုဘဲ ကား အဆင့်ဆင့်  ပြောင်းစီးရုံဖြင့် လိုရာခရီးရောက်နိုင်သည်။

  တခါတရံတွင် လမ်းကြောင်းတင်းကျပ်လျှင် တောတောင်များ ၊ ရာဘာခြံများ ၊ ပီလောပီနံ ခြံများနှင့် ဆီအုန်းခြံများ ကိုဖြတ်၍ ၂ ရက်မှ ၃ ရက်ခန့် လမ်းလျှောက်ရသည်များလည်း ရှိကြောင်း မွန်ပြည်နယ် ၊ ပေါင်မြို့ဇာတိ အစ္စလာမ်ဘာသာဝင် တစ်ဦးက ပြောပြသည်။ 

“ကျနော်တို့လာတုန်းကတော့ ခရီးတော်တော် ကြမ်းတယ် ၊ မဲဆောက်ကနေ ဘန်ကောက်ကို လာတဲ့ လမ်းကြောင်းက အဆိုးဆုံးပဲ ၊ တောင်အထပ်ထပ် ဖြတ်ခဲ့ရတယ်။ တောထဲက လမ်းပြတွေကလည်း သေနတ်တွေ ဆောင်ထားကြတယ်။” ဟု ဆိုသည်။ 

အခြားတဖက်တွင် နိုင်ငံဖြတ်ကျော် လူမှောင်ခိုကူးမှုသည် မြန်မာနိုင်ငံတွင် စစ်တပ်၏ ဖိနှိပ်မှုမှ လွတ်မြောက်ရန် ထွက်ပြေးတိမ်းရှောင်လာသူများ အတွက် အသက်ရှုပေါက် တစ်ခုအသွင် တည်ရှိနေသည်။ 

ထို့ကြောင့် တချို့သော လူမှောင်ခိုကူးသည့် လုပ်ငန်းများသည် အဖိနှိပ်ခံ မြန်မာပြည်သားများ အတွက် အပြုသဘောဆောင်သည့် သက်ရောက်မှုများလည်း ရှိနေသည်။ 

“လူမှောင်ခိုကူးတယ်လို့ ပြောရင် တရားမဝင်တဲ့လုပ်ငန်း လို့ပဲ အများစုက ရှုမြင်ကြတယ် ၊ တစ်ဖက်မှာတော့ မြန်မာနိုင်ငံမှာ ဒီလိုတွေ ဖြစ်လာတဲ့အခါကျတော့ အခုလို လူမှောင်ခိုကူးပေးတဲ့ (တရားမဝင် နယ်စပ်ဖြတ်ကျော်သယ်ဆောင်ပေးတဲ့) လုပ်ငန်းတွေက အသက်ကယ်တဲ့ လုပ်ငန်းလိုဖြစ်လာတယ် ၊ ဆိုတော့ တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ ၊ ရာဇဝတ်မှု ကျူးလွန်တဲ့ လူမှောင်ခိုသမားတွေကတော့ အရေးယူခံရသင့်တယ်။” လို့ Magnitsky Human Rights Awards ဆုရှင် လည်းဖြစ် မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်သည့် မသဉ္ဇာရွှန်းလဲ့ရည်က မှတ်ချက်ပြုသည်။ 

လူကုန်ကူးခြင်းနှင့် လူမှောင်ခို ကူးခြင်း လုပ်ငန်းများကို တိုက်ဖျက်ရာတွင် အထက်ပါ အချက်ကဲ့သို့သော လူကယ်သည့် လုပ်ငန်းဖြစ်နေမှု နှင့် တာဝန်ယူမှု တာဝန်ခံမှုမရှိသော လူသေစေမှု ကိစ္စ များကို ထည့်သွင်း စဉ်းစား၍ ဖြေရှင်းဆောင်ရွက်သင့်ကြောင်း မသဉ္ဇာရွှန်းလဲ့ရည်က ထောက်ပြသည်။ 

သက်ဆိုင်ရာနိုင်ငံအလိုက် အာဏာပိုင်များ၏ တုံ့ပြန်မှု

မြန်မာ-ထိုင်း-မလေး နယ်စပ်တွင် ဖြစ်နေသော လူမှောင်ခိုမှု နှင့် လူကုန်ကူးမှုများသည် မြန်မာနိုင်ငံအတွင်း ရှိ မတည်ငြိမ်မှုများကြောင့် ပိုမိုဆိုးရွားလာနေသည်။ စစ်ကောင်စီ အနေဖြင့်  အပြည့်အဝထိန်းချုပ်နိုင်သော နေရာဒေသများ ပိုမိုကျဉ်းမြောင်းလာသည် နှင့် အတူ နိုင်ငံနယ်စပ်ရှိ နိုင်ငံဖြတ်ကျော်မှုခင်းများလည်း ဆက်လက် တိုးလာနေသည်။ 

ယင်းအခြေအနေသည် အွန်လိုင်းငွေကြေးလိမ်လည်မှု နှင့် အတင်းအဓမ္မ ခိုင်းစေမှု ၊ လုပ်အားခ ခေါင်းပုံဖြတ်မှု (ကျွန်သဖွယ်ခိုင်းစေမှုများ) ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ ၊ တရားမဝင် လောင်းကစားလုပ်ငန်းများ ကြီးထွားလာနေမှု ၊ ဒုစရိုက်ဂိုဏ်းများလက်ထဲသို့ လက်နက်များ ပိုမို ရောက်ရှိလာမှု စသည်တို့ကို မီးလောင်ရာလေပင့်သလို တစ်ဟုန်ထိုး မြင့်တက်လာစေခဲ့သည်။ 

အာဆီယံနှင့် တရုတ်နိုင်ငံ တို့၏ စိုးရိမ်မှုများလည်း ပို၍ တိုးမြင့်လာနေသည်။ စစ်ကောင်စီ အနေဖြင့် ကိုင်တွင်ဖြေရှင်းရန် မဆိုထားနှင့် နယ်စပ်နေရာများသို့ ရောက်ရှိရန်ပင် ခက်ခဲလာသည်။ အကျပ်ရိုက်နေသော စစ်ကောာင်စီ အနေဖြင့် လူကုန်ကူးမှုနှင့် လူမှောင်ခိုကူးမှု တို့ကို ဖြေရှင်းနိုင်ရန်မှာ မဖြစ်နိုင်သည့် အနေအထားတွင် ရှိနေသည်။ 

ထို့အတူ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အနေဖြင့်လည်း ယင်းကိစ္စများကို ဖြေရှင်းနိုင်ရန် အလှမ်းဝေးသည့် အခြေအနေတွင် ရှိနေပါသည်။ 

ထိုင်းအစိုးရ အနေဖြင့် မြန်မာ-ထိုင်း နယ်စပ်ရှိ နိုင်ငံဖြတ်ကျော် မှုခင်းများကို တတ်နိုင်သည့် နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်နေရသော်လည်း မြန်မာနိုင်ငံဘက်ခြမ်း မှ ပူးပေါင်းဆောင်ရွက်မည့်အဖွဲ့အစည်း မရှိသလောက် နည်းပါးနေခြင်းကြောင့် ထိုင်းနိုင်ငံ အနေဖြင့်လည်း ယင်းကိစ္စများကို ဖြေရှင်းရန် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရသည်။

 လတ်တလော သတင်းကြီးနေသော ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်(အွန်လိုင်း ငွေကြေးလိမ်လည်မှု) ကိစ္စနှင့် ပတ်သက်၍ ၂၀၂၅ ဇန်နဝါရီ ၂၀ ရက်နေ့ တွင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အနေဖြင့် ဆိုက်ဘာရာဇဝတ်မှုနှင့် လူကုန်ကူးမှုများကို တားဆီးသွားရန် ကြိုးပမ်းသွားမည်ဟု ဆိုလာသည်။ 

တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့် သော်လည်းကောင်း အာဆီယံ ဒေသတွင်းနိုင်ငံများ ၊ ကုလသမဂ္ဂ၏ အေဂျင်စီများ  နှင့်သော်လည်းကောင်း ပူးပေါင်းဆောင်ရွက်ရန် အသင့် ရှိကြောင်း NUG ထုတ်ပြန်ချက်တွင် တွေ့ရသည်။ သို့သော်လည်း လက်တွေ့အလုပ်ဖြစ်မဖြစ်ကိုမူ ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။ 

စစ်ကောင်စီ ဘက်မှလည်း နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ နှင့် ထိုင်းနိုင်ငံ (တစ်ဖက်နိုင်ငံ ဟုသာ သတင်းစာတွင်ဖော်ပြထား) တို့ ရွှေကုက္ကိုလ် (KK Park) ကျားဖြန့်ကိစ္စတွင် ပါဝင်ပတ်သက်မှု ရှိနေကြောင်း နိုင်ငံပိုင်သတင်းစာများတွင် စွပ်စွဲ၍ ဝါဒဖြန့်နေသည်။ 

လတ်တလော အခြေအနေတွင် စစ်ကောင်စီ၏ အာဏာစက် သက်ရောက်မှု နည်းပါးသော ထိုင်း-မြန်မာ နယ်စပ်ရှိ ရာဇဝတ်မှုများကို စစ်ကောင်စီအနေဖြင့် တရုတ် ၊ အာဆီယံ ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင် ဖြေရှင်းရန် ကိစ္စသည်လည်း အလှမ်းဝေးနေသည် ဟုဆိုနိုင်သည်။ 

သို့သော်လည်း ထိုင်းနိုင်ငံနှင့် မလေးရှားနယ်စပ်ကြားတွင် ဖြစ်နေသည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို သက်ဆိုင်ရာသက်ဆိုင်ရာ နိုင်ငံများ အနေဖြင့် အင်တိုက် အားတိုက် ပူးပေါင်း ဆောင်ရွက်နေကြကြောင်း တွေ့ရသည်။ 

အာစီယံ အလှည့်ကျ ဉက္ကဌ ဖြစ်လာသည့် မလေးရှားနိုင်ငံ အနေဖြင့် ဒေသတွင်းနိုင်ငံများနှင့် အတူ သတင်းအချက်အလက်များ အကျိုးတူမျှဝေသည့် (Cross-intelligence) အစီအစဉ်များ လုပ်ဆောင်သင့်ကြောင်း ဒေသတွင်း အစည်းအဝေးများ၌ ပြောဆိုလာသည်။ ကြီးထွားလာသည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ထိန်းသိမ်း ကိုင်တွယ်ရန် ရည်ရွယ်ပုံရသည်။ 

Asia International Security Summit And Expo 2025 အစည်းအဝေး တွင် မလေးရှားပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး Mr Saifuddin Nasution Ismail က “နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ ၊ လူကုန်ကူးမှု နှင့် လူမှောင်ခိုကူးလုပ်ငန်းများ ၊ မူးယစ်ဆေးဝါးကုန်သွယ်မှုများ ၊ ဆိုက်ဘာရာဇဝတ်မှုများ၊ ပင်လယ်ဓါးပြမှုများ နှင့် သဘာဝပတ်ဝန်းကျင် အရင်းအမြစ်များ ဉပဒေမဲ့ ရောင်းဝယ်ဖောက်ကားမှု ၊ လက်နက်မှောင်ခိုမှု ၊  စတာတွေ တိုးမြင့်လာနေတာဟာ အာစီယံ ဒေသတွင်းရဲ့ တည်ငြိမ်မှု ကိုခြိမ်းခြောက်လာနေပါတယ်” ။ ဟု ဇန်နဝါရီ ၂၁ ရက်နေ့ (အင်္ဂါနေ့) မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသည်။ 

ထို့အပြင် မလေးရှားအစိုးရ နှင့်ထိုင်းအစိုးရ တို့ကြား နယ်စပ် ဂိတ်ဝင်ပေါက်များ အား စနစ်တကျ ထိန်းသိမ်းဆောင်ရွက် နေကြောင်း မလေးရှား သတင်းဌာနများက ရေးသားသည်။ 

“ထိုင်း-မလေး” နယ်စပ် တကြောရှိ နယ်စပ်ဂိတ်များကို ခြံစည်းရိုးကာခြင်း နှင့် လုံခြုံရေး အင်အား တိုးမြှင့်ခြင်းများ ဆက်လက်ပြုလုပ်နေကြကြောင်း မလေးရှားနေ့စဉ်သတင်းစာ The Sun က ဖော်ပြသည်။ 

ထို့အပြင် မြန်မာနိုင်ငံကိုစွန့်ခွာ ထွက်ပြေးလာနေသော ရိုဟင်ဂျာလူနည်းစု များက ထိုင်းနိုင်ငံအား ကြားခံ အဖြစ်အသုံးပြုကာ  နယ်စပ်ဖြတ်ကျော်မှု များ ဆက်တိုက်ပြုလုပ်နေကြသည်ကို ထိုင်းနိုင်ငံနှင့် မလေးရှား အစိုးရတို့ အနေဖြင့် သိရှိထားသည်ဟုဆိုသည်။

 တရားမဝင် လူမှောင်ခိုကူးသည့် လုပ်ရပ်များကြောင့် ထိုင်းနိုင်ငံသား တချို့ကို မလေးရှားအာဏာပိုင်များက ဖမ်းဆီးအရေးယူမှုများလည်း ရှိနေကြောင်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းတွင် The Sun သတင်းစာက ဖော်ပြသည်။ 

ထို့ကြောင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့သည် နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်ရေး အတွက် အရှိန်မြှင့်၍ ပူးပေါင်း လုပ်ဆောင်လာသည့် အနေအထားများ တွေ့ရသည်ကြောင်းတွေ့ရသည်။ သို့သော်လည်း မြန်မာနိုင်ငံ မှ ထွက်ခွာလာပြီး ထိုင်းနိုင်ငံကို ကြားခံ ဖြတ်ကျော်၍ မလေးရှားနိုင်ငံ ဘက်သို့ ထွက်ပြေး တိမ်းရှောင်လာသူများလည်း ဆက်ရှိနေကြောင်း မြန်မာအလုပ်သမားနှင့် ဒုက္ခသည်များအရေး ဦးဆောင်လှုပ်ရှားသူ တစ်ဦးဖြစ်သည့် ချင်းတိုင်းရင်းသား Ai Lwin ကပြောသည်။ 

“မလေးရှား တို့ ထိုင်းနိုင်ငံတို့ကနေ ဒီလို နယ်စပ်ကိစ္စတွေ ဖိဖိစီးစီ လုပ်နေတာမှန်ပေမယ့် ၊ မြန်မာနိုင်ငံမတည်ငြိမ်တော့ အလုပ်အကိုင်ရှားပါးလာတယ် ၊ မိသားစုစားဝတ်နေရေးတွေ မပြေလည်တော့ဘူး၊ ဆိုတော့ ဒီလိုကိစ္စတွေ ဆက်လက်ပြီးရှိနေမယ့် အနေအထားဖြစ်ပါတယ်၊ အလုံးစုံ ကင်းစင်သွားဖို့တော့ မလွယ်ဘူး။” ဟု ၎င်းကဆိုသည်။ 

(Ai Lwin သည် မလေးရှားနိုင်ငံ ပါဟန်းပြည်နယ်၊ ကွန်တန် ရဲစခန်း ၊ ရဲချူပ် Dato’ Mohd Yusri Binti Othman ကပေးအပ်သည့် လူမှုကူညီရေးစွမ်းဆောင်မှု ဂုဏ်ပြုလွှာရရှိထားသူဖြစ်ပြီး ၊ မလေးရှား တရားရုံးများတွင် (မြန်မာ-မလေး) ဘာသာပြန်အဖြစ် လုပ်ကိုင် ဆောင်ရွက်နေသူလည်းဖြစ်သည်။)

မလေးရှား UNHCR နှင့် မြန်မာသံရုံး က ပေးသော အကာအကွယ် 

၂၀၂၅ ခုနှစ် ဇန်နဝါရီလ တွင် မလေးရှား အစိုးရ နှင့် UNHCR တို့မှ နောက်ဆုံး ထုတ်ပြန်ထားသည့် စာရင်းများအရ မလေးရှားနိုင်ငံတွင် ဒုက္ခသည် (Refugee) နှင့် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူ (Asylum-seeker) ပေါင်း ၁၉၂,၄၂၀ ဦး ရှိနေကြောင်း သိရသည်။

 မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသူ ၁၇၀,၉၂၀ ဦးရှိပြီး ၊ ထိုအထဲတွင် ရိုဟင်ဂျာ ဒုက္ခသည်ဦးရေ ၁၁၁,၉၈၀ ဦး , ချင်းတိုင်းရင်းသား ဒုက္ခသည် ၂၇,၇၉၀ ဦး ၊ နှင့် အခြား မြန်မာဒုက္ခသည် ပေါင်း ၃၁,၁၄၀  ဦး ရှိကြောင်း ဖော်ပြထားသည်။

 ထိုအရေအတွက်သည် ကုလသမဂ္ဂလ၏ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) ရုံးတွင် မှတ်ပုံတင်ထားပြီး သူများ၏ စာရင်းသာဖြစ်ပြီး မှတ်ပုံမတင်ရသေးသူများနှင့် မှတ်ပုံတင်ရန် လျှောက်ထားဆဲ ဦးရေသည်လည်း သိန်းဂဏန်းနှင့် အထက်ရှိ နိုင်ကြောင်း မလေးရှားရောက် မြန်မာအသိုင်း အဝိုင်းထံမှ သိရသည်။ မလေးရှားနိုင်ငံရှိ မြန်မာဒုက္ခသည် နှင့် နိုင်ငံရေးခိုလှုံခွင့်တောင်းခံထားသူ ပေါင်း (၁၇၀,၀၀၀) ဝန်းကျင်ထဲက အများစုသည် မြန်မာ-ထိုင်း-မလေးရှား (၃) နိုင်ငံနယ်စပ်ကို ဖြတ်ကျော်၍ လူမှောင်ခိုကူး လမ်းကြောင်း(အောက်လမ်း) ဖြင့် နယ်စပ်ဖြတ်ကျော် ရောက်ရှိလာသူများ ဟုဆိုနိုင်သည်။

မလေးရှားနိုင်ငံတွင် UNHCR (မှတ်ပုံတင်)ကတ် ကိုင်ဆောင်လျှင် (ရာဇဝတ်မှုများမှအပ) အဖမ်းအဆီးမှ ကင်းလွတ်နိုင်ကြောင်း ၊ အဖမ်းအဆီးခံရလျှင်လည်း ပြန်လည် လွတ်မြောက်လာရန် လွယ်ကူကြောင်း ၊ အလုပ်အကိုင်အခွင့်အလမ်းလည်း ပိုမို ရရှိကြကြောင်း သိရသည်။ အလားတူ ဗီဇာသက်တမ်းရှိသည့် မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားလျှင်လည်း ဖမ်းဆီးထိန်းသိမ်းခံရမှုမှ ကင်းလွတ်ကြောင်း သိရသည်။ 

သို့သော်လည်း မြန်မာသံရုံး အနေဖြင့် မလေးရှားနိုင်ငံတွင် ရှိနေသော မြန်မာနိုင်ငံသားများအတွက် တာဝန်ယူမှု တာဝန်ခံမှု အလွန်နည်းပါးသည်ဟု မလေးရှားရောက် မြန်မာအသိုင်းအဝိုင်းထံမှ သိရသည်။ 

ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ် (PJ) ပြုလုပ်ရန် ရင်းဂစ် (၄၅၀-၅၀၀) – မြန်မာငွေဖြင့် (၅ သိန်း) ဝန်းကျင် ကုန်ကျ၍ အချိန် (၅-၆ လ) ခန့်ကြာမြင့်ကြောင်း သိရသည်။

 နိုင်ငံကူးလက်မှတ်ရရှိရန် ပွဲစားများမှ တစ်ဆင့် (သို့မဟုတ်) အမြန်လမ်းကြောင်း ဖြင့် နိုင်ငံကူးလက်မှတ် ပြုလုပ်လိုလျှင် ရင်းဂစ် (၂၀,၀၀) –  မြန်မာကျပ်ဖြင့် သိန်း (၂၀) ကျော် ကုန်ကျပြီး ရက်သတ္တပတ် တစ်ခုအတွင်း နိုင်ငံကူးလက်မှတ် (PJ) ရရှိနိုင်ကြောင်း မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ် သွားရောက် လျှောက်ထားသူများထံမှ သိရသည်။ 

မြန်မာသံရုံးသည် နိုင်ငံကူးလက်မှတ်များ ထုတ်ပေး၍ သံရုံးဝန်ထမ်းများက အပိုဝင်ငွေများ ရရှိနေသော်လည်း မလေးရှားရောက် မြန်မာဒုက္ခသည်များ ကိစ္စတာဝန်ယူမှု တာဝန်ခံမှု မရှိကြောင်း မလေးရှားရောက် တရားမဝင် မြန်မာအလုပ်သမားများ အသိုင်းအဝိုင်းထံမှ သိရသည်။ 

မလေးရှား ရဲဌာန နှင့် လူဝန်မှုကြီးကြပ်ရေးဌာနများက တရားမဝင် မြန်မာ လုပ်သားများကို ဖမ်းဆီး အရေးယူပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ရာတွင် သာ မြန်မာသံရုံး၏ ညွှန်ကြားမှုများ ရှိနေသည်ဟုဆိုသည်။ 

အဖမ်းခံရသူများကို လေယာဉ်ဖြင့် ပြန်လည်ပို့ရာတွင်မူ မြန်မာသံရုံးမှ တာဝန်ယူပေးခြင်းမရှိဘဲ အဖမ်းခံရသူများ ကိုယ်တိုင်က လေယာဉ်လက်မှတ် ဝယ်ယူရကာ မြန်မာသံရုံးနှင့် မလေးရှား လူဝင်မှုကြီးကြပ်ရေး ရုံးများသို့ တင်ပြရကြောင်းသိရသည်။ 

“သံရုံးမှာ ပတ်စပို့လုပ်ဖို့က ကျနော်တို့ (၃/၄) လ အလုပ်လုပ်ပြီးမှ အသားတင် ကျန်တဲ့ ငွေကိုစုပြီး လုပ်ရတယ် ၊ ကျနော်တို့အတွက် ရင်းဂစ် (၅၀၀) ဆိုတာ တော်တော် ခြစ်ကုပ်မှ ရတယ် ၊ သံရုံးဝန်ထမ်းတွေ ကတော့ ကျနော်တို့ဆီက ပိုက်ဆံလေး ယူပြီး သံရုံးက အိမ်သာတွေတောင် သန့်ရှင်းအောင် မထားနိုင်ကြဘူး ၊ သံရုံးအိမ်သာတွေက တော်တော်ညစ်ပတ်တာ။ ကျနော်တို့ ဒုက္ခရောက်ရင် ကူညီပေးဖို့တော့ ပြောမနေပါနဲ့တော့။” ဟု မလေးရှားနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်ခွင့် ရရန်အတွက် မြန်မာနိုင်ငံကူးလက်မှတ်(PJ) အသစ်လျှောက်ထားသည့် လူငယ်တစ်ဦးက ပြောပြသည်။ 

လူမှောင်ခိုကူးမှု မှ လူကုန်ကူးမှုသို့ 

လူမှောင်ခိုကူးခံရသူများသည် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံကို တဆင့်ဖြတ်ကျော်ပြီးနောက် မလေးရှားနိုင်ငံ အရောက်တွင် ရောင်းစားခံရသည့် အမှုများလည်း ရှိနေသည်။ မြန်မာပြည်မှ တိမ်းရှောင်လာသော လူငယ်အချို့သည် လမ်းစရိတ်(ပွဲစားအားပေးရမည့် ငွေကြေးပမာဏ) မတတ်နိုင်သောကြောင့် မလေးရှား နိုင်ငံရောက်မှသာ အလုပ်ဝင်၍ ပြန်ဆပ်မည် ဟူသော ဆုံးဖြတ်ချက်ဖြင့် ရောက်လာသူများလည်း ရှိနေသည်။ 

ထိုလူငယ်များ ပွဲစားလက်သို့ ရောက်လာသောအခါ ပွဲစားက အခကြေးငွေ မရရှိသဖြင့် စားသောက်ဆိုင်များ ၊ စိုက်ပျိုးရေးခြံများ ၊ စက်ရုံများ နှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင် များတွင် (၆ လ ၊ ၁ နှစ်) အကန့်အသတ်ထား၍ မလေးရှားရင်းဂစ် (၁၀,၀၀၀ မှ ၂၀,၀၀၀) ကြား ပမာဏဖြင့် အပ်နှံရောင်းချ မှုများလည်း ရှိနေသည်။ 

ယင်းကဲ့သို့ ပွဲစား၏ ရောင်းချခံရသူများသည် လုပ်ငန်းခွင်ပြင်ပသို့ ထွက်ခွာခွင့်မရှိဘဲ ၊ ပွဲစားက ၎င်းတို့ကို ရောင်းချသည့် အချိန်ကာလ အတိုင်းအတာ တစ်ခုအထိ (သို့မဟုတ်) အကြွေးမကျေမချင်း လုပ်အားခ မရဘဲ နေထိုင်ရသည့် အမှုများလည်း ရှိနေကြောင်း ၊ မလေးရှားရောက် မြန်မာအသိုင်းအဝိုင်းထံမှ သိရသည်။ 

“လူမှောင်ခိုကူးတဲ့ အမှု (Human Smuggling/Migrant Smuggling)  ၊ နဲ့ လူကုန်ကူးတဲ့ အမှု (Trafficking in person/Human Trafficking) အမှုတွေက တူသယောင်ရှိပေမယ့် တကယ်တော့ မတူဘူးပေါ့ ၊ လူကုန်ကူးမှု (Trafficking in person/Human Trafficking) မှာ ကျတော့ Victim (လူကုန်ကူးခံရသူ) ဟာ များသောအားဖြင့် ကယ်ထုတ်ဖို့ လိုအပ်တဲ့ အခြေအနေဖြစ်တော့ ပြစ်မှုပြစ်ဒဏ်ကနေ ကင်းလွတ်နိုင်ချေရှိပြီး ၊ လူမှောင်ခိုကူးမှု (Human Smuggling/Migrant Smuggling)  မှာ ကျတော့ ပွဲစားလည်း အရေးယူခံရမှာဖြစ်သလို ၊ မှောင်ခိုကူးခံရသူ လည်း တရားမဝင်နယ်စပ် ဖြတ်ကျော်မှုနဲ့ ထပ်မံတရားစွဲဆို ခံရနိုင်တယ်။” ဟု Alliance of Chin Refugees (ACR) ဥက္ကဌ Salai James Bawi Thang Bik က ရှင်းပြသည်။ 

မလေးရှားနိုင်ငံတွင် လူကုန်ကူးမှု နှင့် လူမှောင်ခိုကူးသည့် လုပ်ရပ်များကြောင့် တရားစွဲဆိုပြစ်ဒဏ်ချမှတ် ခံရသူ မြန်မာနိုင်ငံသား အမြားအပြား ရှိနေပြီး အမှုရင်ဆိုင်နေရသူ မြန်မာနိုင်ငံသား ဦးရေ ထောင်ဂဏန်းထိ ရှိနိုင်ကြောင်း Ai Lwin ကပြောသည်။ “ထောင်ဒဏ် ၅ နှစ်ကနေ ၇ နှစ်အထိ ချမှတ်ခံရတဲ့ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ အမှုတွေ ကျနော်ကိုယ်တိုင် လိုက်ပါ ကူညီဆောင်ရွက်ခဲ့ဖူးတယ် ၊ ဒီလို ထောင်ဒဏ်ပေးတဲ့နေရာမှာ တရားခံကို သက်ညှာပေးတဲ့ တရားသူကြီး တွေလည်း ရှိတယ်၊ နောက် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု ဉပဒေ 6(1)(c) နဲ့ တရားစွဲဆိုခံရသူလည်း တော်တော်များတယ်။”  ဟု Ai Lwin က ဆက်လက်ပြောပြသည်။

KTV နှင့် အနှိပ်ခန်းများတွင် မြန်မာအမျိုးသမီးငယ်များ ကို အုပ်စုလိုက် အလုပ်သွင်းပေးသည့် ပွဲစားများလည်း ရှိနေပြီး ၊ ထိုကိစ္စများကို ကာယကံရှင်များ ကိုယ်တိုင်က သဘောတူမှု ရှိမရှိ မသိရပေ။ “ကျနော်နဲ့ အတူ လာကြတဲ့ ကချင်ပြည်က အမျိုးသမီး (၁၀) ဦးလောက် ကို KTV နဲ့ မာဆတ်မှာ လုပ်ဖို့ဆိုပြီး ပွဲစားကခေါ်သွားတယ်။ သူတို့ကိုယ်တိုင်လည်း အဲဒါလုပ်ရမှာကို ကြိုသိကြတယ် ပြောတာပဲ ။” ဟု ၂၀၂၅ ခုနှစ် ဇန်နဝါရီလ လယ်ပိုင်းတွင် လူမှောင်ခိုလမ်း(အောက်လမ်း) ဖြင့် မလေးရှားသို့ ရောက်ရှိလာသော ရခိုင်ပြည် ၊ ကျောက်တော်မြို့ ဇာတိ – လူငယ်တစ်ဦးက ပြောပြသည်။ 

မလေးရှားနိုင်ငံ၏ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှု တားဆီးနှိမ်နှင်းရေး ဉပဒေ ၊  အပိုင်း (၃) ၊ အပိုဒ် ၁၂ တွင် (မည်သူမဆို ကလေးသူငယ်မဟုတ်သူ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းမှု သို့မဟုတ် အခြေအနေတစ်ခုခုကြောင့် မိမိကိုယ်ကို အပြည့်အဝ ဂရုစိုက်နိုင်စွမ်း သို့မဟုတ် ကာကွယ်နိုင်စွမ်း မရှိသူများကို လူကုန်ကူးပါက ပြစ်မှုကျူးလွန်ရာရောက်ပြီး ပြစ်ဒဏ်ချမှတ်ခံရပါက အနှစ် (၂၀) ထက် မပိုသော ထောင်ဒဏ်ကျခံရမည့်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်သည်။) ဟုဖော်ပြထားသည်။  

အပိုင်း ၃(က) ၊ အပိုဒ် ၂၆ (က) တွင် (မည်သူမဆို ရွှေ့ပြောင်းအလုပ်သမားများအား တရားမဝင်ခေါ်ယူမှု ပြုလုပ်ပါက ပြစ်မှုကျူးလွန်ရာရောက်ပြီး ပြစ်ဒဏ်ချမှတ်ခံရပါက အနှစ် (၂၀) ထက် မပိုသော ထောင်ဒဏ်ကျခံရမည့်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်သည်၊ သို့မဟုတ် နှစ်မျိုးလုံး ချမှတ်ခံရနိုင်သည်။) ဟုဖော်ပြထားသည်။ 

မလေးရှားအာဏာပိုင်များ အနေဖြင့် ၎င်းတို့၏ နိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများအား အပူတပြင်း လိုက်လံ ဖမ်းဆီးလျက်ရှိပြီး မြန်မာနိုင်ငံသား အများအပြား စံချိန်တင် ပါဝင်နေသည်။ 

ဖမ်းဆီးခံရသူများကိုလည်း ရုံးတင်စစ်ဆေးကာ မြန်မာနိုင်ငံသို့ ဆက်တိုက် ပို့ဆောင်လျက်ရှိသည်။ “ကျနော်တို့ကို ဖမ်းတော့ တရားရုံးမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု ကျူးလွန်ကြောင်း ဝန်ခံ ထွက်ဆိုရတယ် ၊ ပြီးတာနဲ့ ဒဏ်ပေးပြီး မြန်မာပြည်ပြန်ပို့တယ်။” ဟု  အဖမ်းဆီးခံရပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ပို့‌ ဆောင်ခံရသော စက်မှုအင်ဂျင်နီယာ (CDM) တစ်ဦးကပြောပြသည်။ 

လူကုန်ကူးမှုဖြင့် အဖမ်းဆီးခံရသူများလည်း ရှိနေပြီး ထိုအမှုများသည် တရားရုံးရင်ဆိုင်ရန် အချိန်ကြာမြင့်နိုင်ကြောင်း ၎င်းက ပြောပြသည်။ 

မလေးရှားရောက် မြန်မာပြည်သားများ၏ ပြည်တော်ပြန်ရေးမျှော်လင့်ချက် 

တရုတ်နှစ်သစ်ကူး အချိန်ကာလ ကျရောက်နေသဖြင့် မလေးရှားအစိုးရ သည် နယ်စပ်နှင့် ပြည်တွင်းလုံခြုံရေး တင်းကျပ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ တရားမဝင် အလုပ်သမားများ နှင့် နယ်စပ်ဖြတ်ကျော်လာသူများကိုလည်း အထူးစီမံချက်များဖြင့် ဆက်လက် အရေးယူဆောင်ရွက်နေပြီး မြန်မာနိုင်ငံသား အများအပြား အဖမ်းဆီးခံနေရသည်။ 

ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး ဘက်ကလည်း မလေးရှားရောက် တရားမဝင် အလုပ်သမားများ အတွက် နိုင်ငံကူးလက်မှတ် (PJ) အသစ်ပြုလုပ်လျှောက်ထားခြင်းများ ရပ်ဆိုင်းထားကြောင်း မလေးရှားရှိ (တရားမဝင်) မြန်မာအလုပ်သမားများထံမှ သိရှိရသည်။ ထို့အပြင် မလေးရှားနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ထားကြောင်း မလေးရှားမြန်မာသံရုံးက ဖေဖော်ဝါရီလ (၁၀) ၊ ၂၀၂၅ တွင် သတင်းထုတ်ပြန်ထားသည်။ 

မလေးရှားသို့ လူမှောင်ခိုကူးလမ်းကြောင်းဖြင့်ရောက်ရှိပြီး မလေးရှားတွင် (တရားမဝင်နေထိုင်နေကြသော) မြန်မာအလုပ်သမားများကို မလေးရှား ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေး ဌာနများကလည်း ဆက်တိုက်ဖမ်းဆီး၍ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်း များလည်း တိုးမြင့်လာကြောင်း မြန်မာအလုပ်သမားများက ပြောသည်။ 

ထိုသို့ ပြန်လည် ပို့ဆောင်ခံရသည် မြန်မာအလုပ်သမားများကို စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဉပဒေဖြင့် ဖမ်းဆီးချုပ်နှောင်ကာ စစ်မှုထမ်းရန် အတင်းအဓမ္မ စုဆောင်းနေကြောင်း ယခုရက်ပိုင်းတွင် မြန်မာသတင်းမီဒီယာများက လည်း ဆက်တိုက်ဖော်ပြနေကြသည်။ 

 အလားတူ ၂၀၂၅ တွင် မလေးရှားနိုင်ငံသည် အာဆီယံ အလှည့်ကျ ဉက္ကတာဝန်ယူနေရပြီ ဖြစ်သောကြောင့် အာဆီယံ ဒေသတွင်း အခြေအနေများကို မည်ကဲ့သို့ကိုင်တွယ် လာနိုင်သည်ကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။ 

စစ်ကောင်စီ၏ ရွေးကောက်ပွဲနှင့် မြန်မာပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စများကို ပြောဆိုလာသဖြင့် စစ်အာဏာရှင် တော်လှန်ရေး အင်အားစုများက မလေးရှား အစိုးရအပေါ်တွင် အပြုသဘောင် ဆောင်သည့် မျှော်လင့်ချက်များ ထားရှိနေကြသည်။ 

မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်နေသာ မြန်မာပြည်သားများ အနေဖြင့် UNHCR ၏ အကာအကွယ်ရရှိရန် မျှော်လင့်နေကြပြီး UNHCR တွင် မှတ်ပုံတင်ထားပြီး ဖြစ်သော ဒုက္ခသည်များသည်လည်း Resettlement (ခေါ်) တတိယ နိုင်ငံ ရောက်ရှိနိုင်ရေးအတွက် စောင့်မျှော်နေကြသည်။ 

မြန်မာပြည်တွင်းတွင်လည်း ပဋိပက္ခပိုမို ရှည်ကြာလာနိုင်သည့် အရိပ်အယောင်များ တွေ့လာနေရပြီး UNHCR နှင့် မြန်မာသံရုံး တို့မှ အကာအကွယ် မရရှိသည့် မလေးရှားနိုင်ငံရောက် တရားမဝင် အလုပ်သမားများ၏ ပြည်တော်ပြန်ရေး မျှော်လင့်ချက် ဝေးတော့မည်လော ဟူသည့် ပြောဆိုသံများလည်း ထွက်ပေါ်လာသည်။ 

အမေရိကန် နိုင်ငံတွင် ၊ ၄၇ ဦးမြောက် သမ္မတ ဖြစ်လာသည့် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက်တွင် အမေရိကန်အိပ်မက် (American Dream) ရှိနေသော မလေးရှားရှိ မြန်မာဒုက္ခသည်များ အိပ်မက်နှင့် အလှမ်းဝေးပြီ ဟူသော ပြောဆိုသံ များလည်း ရှိနေပါသည်။

Ref: 

  1. LAWS OF MALAYSIA, ANTI-TRAFFICKING IN PERSONS AND ANTI-SMUGGLING OF MIGRANTS ACT 2007 (Anti-Trafficking_in_Persons_Amendment_Act_2022)
  2. UNODC’s Observatory on Smuggling of Migrants First Edition | March 2024 ~ (MIGRANT SMUGGLING IN SOUTHEAST ASIA : Research Findings on Migrant Smuggling in Southeast Asia

Samchomun (ဆမ်ချိုမွန်း) ‌‌

Leave a Reply

Your email address will not be published. Required fields are marked *