Headlines

စစ်ကောင်စီအာဏာသိမ်းပြီးနောက် နိုင်ငံအဝန်း မီးရှို့ဖျက်ဆီးခံရတဲ့အိမ် အရေအတွက် ၁ သိန်းကျော်ပြီဖြစ်

ဖေဖော်ဝါရီလ ၂၅ ရက်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်ပဋိပက္ခကာလအတွင်း တစ်နိုင်ငံလုံးမှာ မီးရှို့ဖျက်ဆီးခံရတဲ့အိမ်အရေအတွက် တစ်သိန်းကျော်ရှိပြီဖြစ်တယ်လို့ Data for Myanmar က ဖေဖော်ဝါရီလ (၂၁) ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရသိရပါတယ်။

အဆိုပါအစီအရင်ခံစာဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ နိုဝင်ဘာလအထိ ကောက်ခံရရှိတဲ့စာရင်းဖြစ်ပြီး ၂၀၂၄ နိုဝင်ဘာလ နောက်ပိုင်း မီးရှို့ဖျက်ဆီးခံရတဲ့အိမ် အခြေအနေနဲ့ ကချင်ပြည်နယ်၊ ကယားပြည်နယ်တို့က အရေအတွက်အချို့မပါဝင်သေးဘူးလို့ဆိုပါတယ်။ ၂၀၂၄ နိုဝင်ဘာလအထိ ကောက်ခံရရှိတဲ့ စာရင်းအရ တစ်နိုင်ငံလုံးမှာ လူနေအိမ်အပါအဝင် အခြားအဆောက်အဦး မီးလောင်ပျက်စီးမှုအရေအတွက်ဟာ ၁၀၉၂၄၂ လုံးရှိပြီဖြစ်တယ်လို့ အစီရင်ခံစာကဖော်ပြပါတယ်။ ယခုအရေအတွက်ဟာလည်း Data for Myanmar ရဲ့ကောက်ခံရရှိထားတဲ့စာရင်းဖြစ်ပြီး လက်တွေ့မြေပြင်မှာ ယခုအရေအတွက်ထက် ပိုများမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

၄ နှစ်အတွင်း ချင်းလူမျိုးတွေပိုင်ဆိုင်တဲ့အိမ် ၃၇၀၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး၊ အဲဒီအထဲ ၂၀၂၄ ခုနှစ်အတွင်း မြို့သိမ်းနိုင်တဲ့ အရေတွက် များလာတာနဲ့အမျှ စစ်ကောင်စီတွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ အိမ်တွေကလည်း အရမ်းများလာတယ်၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း နေအိမ် ၁၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ချင်းရေးရာအဖွဲ့ချုပ် (ICA) က အာဏာသိမ်း ၄ နှစ်ပြည့် ၂၀၂၅ ေဖ ေဖာ်၀ါရီလ ၁ ရက်မှာသတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၄ နိုဝင်ဘာလတစ်လအတွင်းမှာပင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်၊ ပဲခူးတိုင်း (အနောက်ခြမ်း)၊ ကချင်ပြည်နယ် နဲ့ ရှမ်းပြည်တောင်ပိုင်းက အရပ်သား နေအိမ်ပေါင်း ၁၉၉၂ လုံးမီးရှို့ဖျက်ဆီးခံရပါတယ်။ အဆိုပါ တစ်လအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ အရပ်သားနေအိမ်များမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အများဆုံးဖြစ်ပြီး ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည်မြို့နယ်တွေထဲက ကျေးရွာပေါင်း ၂၃ ရွာမှာ နေအိမ်ပေါင်း ၈၅၀ ကျော်မီးရှို့ဖျက်ဆီးခံရပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ကျွန်းလှမြို့နယ်ထဲက လွှတ်တိုက်ရွာ၊ မြင်းခြံမြို့နယ်ထဲက ခြေဆေးရွာ၊ ပခုက္ကူမြို့နယ်ထဲက နှောကုန်းရွာနဲ့ ပွင့်ဖြူမြို့နယ်ထဲက လယ်မကျေးရွာစတဲ့ ကျေးရွာလေးရွာမှာ တစ်လအတွင်း အိမ်ခြေ ၁၀၀ ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

Data for Myanmar ရဲ့အစီရင်ခံစာအရ စစ်ကောင်စီအာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးသိန်းဂဏန်းကျော်အထိ နေအိမ်များမီးရှို့ဖျက်ဆီးခံရမှုရဲ့ ၆၉ ရာခိုင်နှုန်းဟာ စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုအတွင်း ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၁ ခုနှစ်အတွင်း အရပ်သားလူနေအိမ် ၂၁၁၁ လုံး၊ ၂၀၂၂ ခုနှစ်အတွင်း ၄၆၈၅၆ လုံး၊ ၂၀၂၃ ခုနှစ်မှာ ၃၁၆၃၃ လုံး၊ ၂၀၂၄ နိုဝင်ဘာလကုန်အထိ ၂၈၆၄၂ လုံးပျက်စီးဆုံးရှုံးခဲ့ပြီး လအလိုက် မီးရှို့ဖျက်ဆီးမှုအခြေအနေကို ကြည့်လျှင် ၂၀၂၂ ဒီဇင်ဘာလအတွင်း အများဆုံးဖြစ်ပြီး တစ်လတည်းမှာပင် နေအိမ်ပေါင်း ၁၀၅၆၂ လုံးမီးရှို့ဖျက်ဆီးခံရပါတယ်။

စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးခံရမှုအများဆုံးဒေသတွေဟာ မြို့သိမ်းတိုက်ပွဲဆင်နွှဲတဲ့မြို့ရွာဒေသနဲ့ တော်လှန်‌ေရးအင်အားစုတွေကို ထောက်ခံတဲ့ ကျေးရွာတွေအများဆုံးဖြစ်ပြီး လက်နက်ကြီး၊ လေကြောင်းနဲ့စစ်သင်္ဘောတွေရဲ့ပစ်ခတ်မှုကြောင့်လည်း နေအိမ်အများအပြားမီးလောင်ပျက်စီးခဲ့ရတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *