
ဖေဖော်ဝါရီလ ၂၇ ရက် ။
အာရက္ခတပ်တော် (AA) က ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်ရှိ ဌာနဆိုင်ရာအဆောက်အဦးတချို့ကို ရှင်းလင်းဖျက်ဆီးတာတွေ လုပ်သလို ပလက်ဝမြို့ပြည်သူ့ဆေးရုံကပစ္စည်းတွေ အပါအဝင် ဌာနဆိုင်ရာရုံးတွေက ပစ္စည်းတွေ အားလုံးနီးကိုလည်း ရခိုင်ပြည်နယ်ဘက်ကို စက်လှေတွေနဲ့ အခုရက်ပိုင်းအတွင်း ရွှေ့ပြောင်းသယ်ဆောင်တာတွေ လုပ်တဲ့အကြောင်း ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။
ပလက်ဝဒေသခံတစ်ဦးက “အခုရက်ပိုင်းအတွင်း စက်လှေနဲ့ ရခိုင်ဘက်ကို သယ်သွားကြတယ် ဌာနဆိုင်ရာက အရေးကြီးပစ္စည်းတွေ အားလုံးကို ဆေးရုံပစ္စည်းတွေဆို အကုန်သယ်သွားကြတယ်လို့ သိရတယ် တချို့ဒီဆောက်လုပ်ရေး ဌာန အဆောက်ဦးတွေဆို ဖျက်ဆီးတယ်လို့ သိရတယ်။ ဒါကတော့ မဖြစ်သင့်ဘူးလေ အစိုးရပိုင်ဆိုပေမယ့် ပြည်သူပိုင်ပစ္စည်းတွေပါ အခုလို ဒေသခံပြည်သူတစ်စုံတစ်ရာမပါဘဲ လုပ်တာဟာ မဖြစ်သင့်ဘူး တချို့ဆေးရုံဆေးခန်းတွေက ပစ္စည်းတွေဆို ပလက်ဝမြို့နယ်မှာလည်း လိုအပ်တယ်လေ” လို့ပြောပါတယ်။
အခုလို အာရက္ခတပ်တော် (AA) က ဆေးရုံးသုံးပစ္စည်းတွေအပါအဝင် ဌာနဆိုင်ရာရုံးပစ္စည်းတွေ ရခိုင်ပြည်ဘက် ပြောင်းရွှေ့နေတာဟာ ရခိုင်ပြည်ဘက်မှာ ဆေးဝါးပစ္စည်းတွေ ရုံးသုံးပစ္စည်းတွေ မလောက်ငှတာတွေကြောင့်ဖြစ်နိုင်ပြီး ပလက်ဝပြည်သူပိုင်ပစ္စည်းတွေကို အခုလို လုပ်ဆောင်တာဟာ တရားနည်းလမ်းမကျဘူးလို့ ဒေသခံတွေအနေနဲ့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။
ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေအားလုံးကို အာရက္ခတပ်တော် (AA)က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး လက်ရှိမှာ AA က ပလက်၀မြို့နယ်အုပ်ချုပ်ရေးလုပ်ငန်းတွေကိုလည်း ဆက်လက်အကောင်ထည်ဖော် ဆောင်ရွက်နေပါတယ်။
