Headlines

၂၀၂၅ ခုနှစ်ဟာ ချင်းအမျိုးသားစည်းလုံးညီညွှတ်ရေး အုတ်မြစ်ချနိုင်တဲ့ နှစ်ဖြစ်ဖို့ အားလုံးကြိုးစားကြရန် Chinland Council ဥက္ကဌ Pu Zing Cung မှတိုက်တွန်း

ဇန်နဝါရီလ ၁ ရက်။

၂၀၂၅ ခုနှစ်ဟာ ချင်းအမျိုးသားစည်းလုံးညီညွှတ်ရေး အခိုင်အမာ အုတ်မြစ်ချနိုင်တဲ့ နှစ် ဖြစ်ဖို့ အားလုံးစုပေါင်း ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းလိုတယ်လို့ ဒီကနေ့ ဇန်နဝါရီလ ၁ ရက်နေ့ Chinland Council ရဲ့ နှစ်သစ်ကူး သဝဏ်လွှာမှာ Chinland Council ဥက္ကဌ Pu Zing Cung ကတိုက်တွန်းပြောကြားသွားပါတယ်။

ချင်းလူမျိုးတွေအကြား အမြင်မတူညီမှုတွေရှိခဲ့ပါက ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာရပါမယ် အားလုံးလက်ခံနိုင်တဲ့ အဖြေရှာဖွေခြင်းဖြင့် Chinland ပြည်သူများအကြား အမြင်ကင်းကင်းရှင်းရှင်းနဲ့ Chinland တည်ဆောက်ရေးကို ဖော်ဆောင်ကြရမှာဖြစ်ပြီး ဒါဟာ အောင်မြင်မှုရဲ့ သော့ချက်လို့ နှစ်သစ်ကူး သဝဏ်လွှာမှာ ချင်းလဲန်းကောင်စီ (CC) ဥက္ကဌ Pu Zing Cung ကဆိုပါတယ်။

ဒီကနေ့ စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ အရေးပေါ်ကာလဟာ ချင်းတော်လှန်ရေးအုပ်စုုများအကြားမှာဖြစ်စေ၊ ချင်းပြည်သူလူထုအကြားမှာဖြစ်စေ ညီညွှတ်မှုရရှိဖို့ ပိုမိုလိုအပ်နေတဲ့ ကာလဖြစ်လို့လည်း ဆိုထားပါတယ်။

ချင်းပြည်နယ်စပ် Victoria Base မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာလ ၄ ရက်နေ့က ၇ ရက်နေ့အထိ ချင်းအမျိုးသားတပ်ဦး (CNF) ကိုယ်စားလှယ်၊ ပြည်တွင်း ပြည်ပဧည့်သည်တွေ၊ ချင်းလွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ်နဲ့ ဒေသအစုအဖွဲ့က ကိုယ်စားလှယ် စုစုပေါင်း ၂၃၅ ဦးက Chinland Council ကိုဖွဲ့စည်းပြီးကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ချင်းပြည်ကောင်စီ (Chinland Council) မှာ ချင်းလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ၊ CDF – Matupi တပ်မဟာ (၂)၊ CDF – Lautu ၊ CDF – Tonzang၊ CDF – Hakha ၊ CDF – Thantlang ၊ CDF – KKG၊ CDF – Zophei ၊ CDF / CDM SIYIN ၊ PDA – Tedim ၊ CDF – Mara၊ CDF – Zanniatram နဲ့ Mindat Council စတဲ့အဖွဲ့တွေ ပါဝင်ပါတယ်။

Chinland Council ကို လက်မခံတဲ့ ချင်းလက်နက်ကိုင်အဖွဲ့များက ချင်းညီနောင်အဖွဲ့ ( CB)ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်မှာ ဖွဲ့စည်းခဲ့ပြီး CB အဖွဲ့မှာ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland)၊ ချင်းကာကွယ်ရေးတပ် (မင်းတပ်) CDF-Mindat၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)CDF-Kanpalet၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) CDF-Matupi Brigde 1 နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF) အဖွဲ့ ၆ ဖွဲ့ပါဝင်ပါတယ်။

ချင်းညီနောင်အဖွဲ့ဟာ နိုင်ငံရေးပိုင်းဆိုင်ရာမှာ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) မှာပါဝင်ထားပြီး လက်တွဲဆောင်ရွက်နေပါတယ်။

ချင်းပြည်အစိုးရ (Chinland Council)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC/ ချင်းညီနောင် CB) အဖွဲ့အကြား ပြီးခဲ့တဲ့ ၂၀၂၄ နှစ် စက်တင်ဘာလ ၂၁ ရက်နေ့က Zo Reunification Organization (ZORO) ဦးဆောင်မှုနဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ တွေ့ဆုံခဲ့ပြီး သဘောထားကွဲလွဲမှုတွေကို လက်နက်နဲ့ မဖြေရှင်းဖို့အပါအဝင် သဘောတူညီချက် ၅ ချက်ကို သဘောတူညီမှုရနိုင်ခဲ့ပြီး ဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ နှစ်ဖက်အဖွဲ့အစည်းကလည်း သဘောတူလက်ခံထားသလို လက်ရှိမှာဆွေးနွေးမှုတွေဆက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ချင်းအမျိုးသားများရဲ့ ပြန်လည်ပေါင်းစည်းညီညွှတ်ရေး လုပ်ငန်းစဉ်တွေမှာ ဝိုင်းဝန်းအားဖြည့် ကူညီဖို့ အမျိုးသားညီညွှတ်ရေးအစိုးရအနေနဲ့အမြဲအသင့်ရှိတဲ့အကြောင်းကိုလည်း ဒီဇင်ဘာလ ၃၀ ရက်မှာပြုလုပ်တဲ့ ချင်းညီနောင်အဖွဲ့ဖွဲ့စည်းခြင်း ၁ နှစ်ပြည့်အခမ်းအနားမှာ အမျိုးသားညီညွှတ်ရေး အစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *