Headlines

မြို့သိမ်းတိုက်ပွဲဖြစ်ပွားလာမှာ စိုးရိမ်ပြီး တီးတိန်မြို့ခံပြည်သူများ ပစ္စည်းများ စတင်ရွေ့ပြောင်းနေကြ

ဇန်နဝါရီလ ၁ ရက်။

တီးတိန်မြို့မှာ ချင်းညီနောင် အဖွဲ့မှ မြို့သိမ်း တိုက်ပွဲ ဖော်ဆောင်လာမှာကို စိုးရိမ်ပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့ကစပြီး တီးတိန်မြို့ခံပြည်သူအတော်များများဟာ ၄င်းတို့ပိုင် ပစ္စည်းများကို တခြား လုံခြုံတဲ့ ဒေသများ နှင့် ကျေးလက်ဒေသများသို့ ရွေ့ပြောင်း နေကြကြောင်း တီးတိန်မြို့ခံ များ ထံမှ သိရှိရပါတယ်။

“ခရစ္စမတ်နေ့ နောက်ပိုင်းမှာ ပစ္စည်းရွေ့တာပါ။ လူတွေကတော့ စွန့်ခွာ ရွေ့ပြောင်းတာမျိုး သိပ်တော့ မရှိသေးဘူး။ လေးလံတာရယ်၊ ဝန်ကျယ်တာရယ် ကြောင့် ရွေ့ပြောင်း ရ ခက်ခဲတဲ့ ပစ္စည်းတွေ ရွေ့ကြတာ ပိုများ ပါတယ်” လို့ တီးတိန်မြို့ခံ တစ်ဦးက ပြောပြပါတယ်။

ဒီဇင်ဘာလကုန်ပိုင်းမှာ မင်းတပ် နှင့် ကန်ပက်လက် မြို့ နှစ်ခုကို ချင်းညီနောင်အဖွဲ့(CB) မှ သိမ်းပိုက် ခဲ့ပြီး နောက် လက်ရှိ ဆက်လက် ထိုးစစ်ဆင်နေဆဲ ဖြစ်တဲ့ ဖလမ်းမြို့မှာလည်း တပ်ကုန်း တစ်ခုသာ ကျန်ခဲ့တာကြောင့် တီးတိန်မြို့မှာ လည်း CB အဖွဲ့အနေဖြင့် မြို့သိမ်း တိုက်ပွဲ အမြန် ဖော်ဆောင်လာနိုင်ကြောင်းထင်ကြေး ပေးချက် များကြောင့် လည်း တီးတိန်မြို့ခံများအခုလို ရွေ့ပြောင်း ခဲ့ကြတာ ဖြစ်တယ် လို့လည်း သိရှိရ ပါတယ်။

“ရွေ့ပြောင်း သယ်ဆောင်ရာမှာ လေးလံနိုင်တဲ့ ပစ္စည်းတွေ ကြိုရွေ့လို က ရွေ့သင့် ပါပြီ။ လူကတော့ စစ်ရှောင်သင့်တဲ့ အချိန်မှာ ကြို ပြောထား မှာပါလို့တော့ တာဝန်ရှိသူ တစ်ဦး က ပြောလာပြီ ဆိုပြီး လူမှုကွန်ယက် ကနေ ရေးထားတဲ့ လူတွေရှိတော့ အခုလို ရွေ့ပြောင်းမှုတွေ ပိုများလာတဲ့ သဘော ရှိတယ်။ အနည်းဆုံး တစ်လ လောက် ကြိုတင်ပြီး ပြည်သူတွေကို တရားဝင် အကြောင်းကြားပေး စေလို ပါတယ် ” လို့ အဆိုပါ တီးတိန်မြို့ခံမှ ဆက်‌လက် ပြောကြားပါတယ်။

“၂၀၂၄ ခုနှစ် မေလ ၂၆ ရက် နေ့တုန်းကလည်းတိမ်းရှောင်ဖို့ ကြိုတင် အသိပေးတာ မရှိဘဲ တိုက်ပွဲ ဖြစ်ခဲ့ တော့ ကမန်းကတန်း စစ်ရှောင် ခဲ့ရတယ်။ အဲတာကြောင့် မြို့သိမ်း တိုက်ပွဲ ဖြစ်နိုင်ချေ ရှိတယ် ဆိုတဲ့ သတင်း ကြားကတည်း တချို့ လူတွေ ပြင်ဆင်တာ ဖြစ်လိမ့်မယ်” လို့ ကလေးမြို့ မှာ စစ်ရှောင်နေရတဲ့ တီးတိန်မြို့ခံ တစ်ဦး မှ သုံးသပ်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ် မေလ ၂၆ ရက်နေ့တွင် စတင်ဖြစ်ပွါးခဲ့တဲ့တီးတိန်မြို့တွင်း တိုက်ပွဲကြောင့် မြို့နေ လူ ၁သောင်းခွဲ ကျော် တိမ်းရှောင် ထွက်ပြေး ခဲ့ရပြီး နေအိမ် အလုံး ၇၀ ကျော် မီးလောင် ပြာကျ ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *