Headlines

ဖလမ်းမြို့ကိုစစ်ကူပို့ခံရတဲ့ စစ်ကောင်စီတပ်သား ၄ ဦးကို ဖမ်းဆီးရမိတယ်လို့ သိရ

ဇန်နဝါရီလ ၃ ရက်။

ချင်းပြည်နယ်၊ ဖလမ်းမြို့တိုက်ပွဲမှာ စစ်ကူပို့ခံရပြီး လူစုကွဲထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား (၄) ဦးကို ဒီကနေ့ ဇန်နဝါရီလ ၃ ရက်နေ့မှာ ချင်းတောင်ခြေကလေးမြို့နယ်မှာ ကလေးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သား ၄ ဦးတို့ဟာ ကလေးမြို့ (၈၉) တပ်ရင်းက တပ်ကြပ်၊ ဒုတပ်ကြပ်နဲ့ တပ်သားနှစ်ဦးတို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

ချင်းညီနောင်တပ်ဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကူပို့ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အရပ်ဝတ်လဲပြီး ချင်းတောင်ကနေ မိုင် ၇၀ ကျော်အကွာအဝေးရှိတဲ့ ကလေးမြို့ဘက်ကို ပြန်ထွက်ပြေးတဲ့သူအမြောက်အများ ရှိနေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီဘက်ကလည်း ဖလမ်းမြို့မကျရေးအတွက် လေကြောင်းကနေ အပြင်းအထန်ခုခံကာကွယ်နေသလို လေကြောင်းကနေတဆင့်စစ်ကူပို့တာတွေလည်း လုပ်နေတဲ့အကြောင်းသိရပါတယ်။

ဖလမ်းမြို့ကို ချင်းညီနောင်တပ်ဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လက်ရှိမှာ ဖလမ်းမြို့ထဲက စစ်ကောင်စီအထိုင်ချစခန်း၊ ရဲစခန်းတွေ အားလုံးသိမ်းပိုက်ထားပြီး နောက်ဆုံးကျန်နေသေးတဲ့ ခလရ – ၂၆၈ တပ်ကုန်းကို သိမ်းပိုက်နိုင်ဖို့ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *