ဇန်နဝါရီလ ၂ ရက်။
ဒီဇင်ဘာလ ၃၁ ရက်နေ့ နှစ်သစ်ကူးည ၇ နာရီခန့်က စပြီး ကလေးမြို့ ကြုံ့သုံးပင်ရပ်ကွက်က သက်တမ်း နှစ် ၆၀ ကျော်ရှိတဲ့အထကကျောင်းဆောင်မီးလောင်ပြာကျခဲ့ကြောင်း၊မီးလောင်ပြာကျသွားတဲ့ ကြုံ့သုံးပင် ရပ်ကွက်ရှိ တွဲဖက် အထက်တန်း ကျောင်းဆောင်ဟာ ၁၉၆၀ ခန့်မှာ တည်ဆောက်ခဲ့တဲ့ ပျဉ်ထောင် နှစ်ထပ် ကျောင်းဆောင် ဖြစ်ကာ နှစ်ပေါင်းစွာ ကလေးမြို့ဒေသခံများပညာသင်ခဲ့ရာကျောင်းမီးလောင်တာဖြစ်လို့စိတ်မကောင်းဖြစ်ရကြောင်း ကလေးမြို့ ဒေသခံများရဲ့ ပြောပြချက်အရ သိရှိရ ပါတယ်။
“အရင် Seventh Day Adventist အသင်းတော်ရဲ့ ကျောင်း ပါ။ ပြည်သူပိုင် သိမ်းတော့ အစိုးရ ကျောင်း ဖြစ်သွား တာပါ။ မီးလောင်တဲ့ အဆောင် ကို ၁၉၆၀ လောက်က SDA အသင်းတော်ကနေ တည်ဆောက်တဲ့ ကျောင်းဆောင်ပါ။ နှစ်ပေါင်း ၆၀ ကျော် ကာလ အတွင်း ကျွန်တော် အပါအဝင် ကျောင်းသား ပေါင်းများစွာ ခိုလှုံရတဲ့ ကျောင်းဆောင် ပါ” လို့ ကလေးမြို့ခံ လူငယ် တစ်ဦး က ပြောပါတယ်။
“မီးလောင်တာ ကျောင်းဆောင် အလယ် လောက် က စလောင်တာ လို့ ကနဦး မြင်ခဲ့တဲ့သူတွေ ပြောကြတယ်။ မီးသတ်ကား ချက်ချင်း မရောက် နိုင်တော့ ရပ်ကွက် လူငယ် တွေက တခြား စာသင်ဆောင် တွေ မီးမကူး အောင် တားဆီး ငြိမ်းသတ် ရတယ်။ မီးသတ်ကား တွေက ၈ နာရီ လောက်မှာ ရောက်လာတယ်။ စစ်သားတွေ ပါလာပြီး သေနတ်ကို မောင်းတင် နာ ဘာညာ လုပ်တော့ လူငယ်တွေ လစ်ထွက် လိုက်ရတယ်။ မီးကိုတော့ ၁၁:၃၀ လောက်မှာ ငြိမ်းသတ် နိုင်ခဲ့ ပါတယ်” လို့ ဖြစ်စဉ် ကိုလည်း ယင်း ကလေးမြို့ခံ လူငယ်မှ ဆက်လက် ပြောပြ ပါတယ်။
ရပ်ကွက် လူငယ်တွေရဲ့ ကနဦး ကြိုးစားမှု နဲ့ မီးသတ် တပ်ဖွဲ့ရဲ့ ဆောင်ရွက် ချက်ကြောင့် ကပ်ရက် ရှိ စာသင်ဆောင် သစ်ကို မီးဘေး မှ ကာကွယ် နိုင်ခဲ့ကြောင်း၊ လွင့်ထွက်သည့် မီးစများ ရပ်ကွက် အတွင်းရှိ နေအိမ်များ အပေါ် ကျရောက်ခဲ့ သော်လည်း လူထုမှ မီးစများ ငြိမ်းသတ် နိုင်ကာ ထပ်မံ လောင်ကျွမ်း မည့် အခြေအနေ ကို ထိန်းချုပ် နိုင်ခဲ့ကြောင်း ဒေသခံများ ထံမှ ထပ်မံ သိရှိရ ပါတယ်။
မီးလောင်ပြာကျသွားတဲ့ ကြို့သုံးပင်ရပ်ကွက်က အထက်တန်းကျောင်းဟာ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ဒီကနေ့အထိ ပြန်လည် ဖွင့် နိုင်ခြင်း မရှိတော့ဘူးလို့သိရပါတယ်။
၂၀၂၅ ဇန်နဝါရီလ ၁ ရက်နေ့ ညနေပိုင်း မှာတော့ ရပ်ကွက် အတွင်း ရှိ လူငယ်တွေက မီးကြွင်း မီးကျန်များ ကို ရှင်းလင်းပြီး သန့်ရှင်းရေး လုပ်က်ုင် လုပ်အားပေး သွားကြတယ် လို့ သိရပါတယ်။