


မလေးရှားနိုင်ငံအတွင်း အလုပ်အကိုင်နဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံကိုရောက်လာတဲ့ ဒုက္ခသည်များကို တရားဝင် အလုပ်လပ်ကိုင်ခွင့်ပြုခြင်းအားဖြင့် လုပ်သားလိုအပ်ချက်ကို ဖြေရှင်းနိုင်တယ်လို့ ကမ္ဘာ့ ကုလသမဂ္ဂမဟာမင်းကြီးရုံး (UNHCR) ရဲ့ကိုယ်စားလှယ် Louise Aubin က New Straits Times ကိုပြောပါတယ်။
Louise Aubin က ဒုက္ခသည်များကြုံတွေ့နေရတဲ့ အခက်အခဲများမှာ လုပ်ခနည်းပါးခြင်း (သို့) လုံး၀အလုပ်မရှိခြင်း၊ ဘေးအန္တရယ် မရှိတဲ့ အလုပ်လုပ်ခွင့်အခြေအနေများတွင် တရားဝင် စာချုပ်ချုပ်ဆိုမှုများမရှိခြင်းကြောင့် အလုပ်သမားများ မတရားထုတ်ပယ်ခံရတာမျိုးရှိတယ်လို့ ပြောပါတယ်။ ဒါကြောင့်လည်း ဒုက္ခသည်များကို တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပြုခြင်းအားဖြင့် ခေါင်းပုံဖြတ်ခြင်းနဲ့ အလွဲသုံးစားမှုအပြုခံရခြင်းမှာ ကာကွယ်မှုလည်း တိုးတက်စေမယ်လို့ပြောပါတယ်။
သူမက မလေးရှား UNHCR မှာမှတ်ပုံတင်ထားတဲ့ ဒုက္ခသည် ၆၉ ရာခိုင်နှုန်းဟာ အလုပ်လုပ်နိုင်တဲ့အရွယ်တွေဖြစ်ပြီး လုပ်သားအင်အားလိုအပ်မှုမှာ ပံ့ပိုးနိုင်သူများဖြစ်တယ်လို့ ဆိုပါတယ်။ IDEAS သုတေသနအဖွဲ့ရဲ့ ၂၀၂၄ ခုနှစ်အစီရင်ခံစာအရ ဒုက္ခသည်များကို တရားဝင်အလုပ်လုပ်ခွင့်ပေးပြီး ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ကနေ ရင်းကစ် ၃ ဘီလီယံကျော်ကို သုံးစွဲမှုကနေ အဆိုပါပြသနာကိုပံ့ပိုးပေးနိုင်မျာဖြစ်ပြီး အစိုးရကို နှစ်စဉ်အခွန် ရင်းဂစ် ၅၀ သန်း ပံ့ပိုးပေးနိုင်ကာ မလေးရှားနိုင်ငံသားများအတွက်လည်း အလုပ်အကိုင် ၄၀၀၀ ကျော်ဖန်တီးပေးနိုင်မယ်လို့ ပြောပါတယ်။
UNHCR အနေနဲ့ ဒုက္ခသည်များ အလုပ်အကိုင်ရရှိရေး ပိုမိုလွယ်ကူစေရန် အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး တရားဝင်အလုပ်အတွက် အဆိုပြုထားသော လမ်းညွှန်ချက်များနဲ့ ပတ်သက်ပြီး အစိုးရကို ပံ့ပိုးကူညီရန် ပြောကြားခဲ့ကာ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အေဂျင်စီများနဲ့ ထပ်မံဆွေးနွေးသွားမှာ ဖြစ်ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့ပါတယ်။
လူ့အခွင့်အရေးနဲ့ လူမှုတရားမျှတမှုဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း North South Initiative ရဲ့ အမှုဆောင်ဒါရိုက်တာ အေဒရီယန် ပယ်ရီရာ (Adrian Pereira) က မလေးရှားရှိ ဒုက္ခသည်များဟာ အစိုးရရဲ့ ညွှန်ကြားချက်ရှိပါက အလုပ်ရှာဖွေနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ပုံမှန်လုပ်ငန်းလည်ပတ်မှု လုပ်ထုံးလုပ်နည်းများနဲ့ အလုပ်မှာ ဒုက္ခသည်များရရှိထားတဲ့ အခွင့်အရေးများမှာ မရှင်းမလင်းတဲ့ အပိုင်းများရှိနေတယ်လို့ ထောက်ပြပါတယ်။
“ရှင်းလင်းပြတ်သားမှု မရှိခြင်းက ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်တောင်းခံသူတွေကို အဓမ္မလုပ်အားစေခိုင်းခြင်း အခြေအနေတွေမှာသာမကဘဲ၊ ညွှန်ကြားချက်ကို သတိမမူမိတဲ့ ဒါမှမဟုတ် မသိရှိတဲ့ အလုပ်ရှင်တွေကိုပါ ဥပဒေစိုးမိုးရေး အေဂျင်စီတွေကနေ ဒဏ်ရိုက်ခံရတာ ဒါမှမဟုတ် အပြစ်ပေးခံရတဲ့ အန္တရာယ်ဖြစ်စေမှာ ဖြစ်တယ်” လို့သူကဆိုပါတယ်။
ပယ်ရီရာက အလုပ်သမားအရေးနဲ့ပတ်သက်ပြီး ညွှန်ကြားချက်အပေါ် ရှင်းလင်းပြတ်သားမှုမရှိခြင်းကြောင့် ဒုက္ခသည်များနဲ့သူတို့ရဲ့ အလုပ်ရှင်များကို စီးနင်းဖမ်းဆီးမှုများ၊ ဒဏ်ငွေများစွာ ချမှတ်ခြင်းက အကျိုးထက် အပြစ်ပိုများစေတယ်လို့ ထပ်လောင်းပြောကြားပါတယ်။
“အစိုးရက ဒါကို ထိန်းညှိမပေးဘူးဆိုရင် လူကုန်ကူးသူတွေ၊ ရာဇဝတ်ဂိုဏ်းတွေနဲ့ လောဘကြီးတဲ့ အလုပ်ရှင်တွေက သူတို့ကို ဆက်ပြီး ခေါင်းပုံဖြတ်နေဦးမှာပဲ” လို့သူက ပြောကြားခဲ့ပြီး အလုပ်လုပ်တဲ့ ဒုက္ခသည်များကို အစိုးရသတ်မှတ်တဲ့ တစ်လ ရင်းဂစ် ၁,၇၀၀ ထဲက ၄၀ ရာခိုင်နှုန်းသာ ဥပဒေဖြင့် သတ်မှတ်ထားသော အနိမ့်ဆုံးလုပ်ခဟုဆိုကာ ပေးချေခံရတဲ့ ဖြစ်စဉ်များလည်းရှိတယ်လို့ သူကဆိုပါတယ်။
“စည်းမျဉ်းစည်းကမ်းများ မရှိခြင်းကြောင့် ဒုက္ခသည်များဟာ တရားမဝင် လုပ်သားဈေးကွက်ထဲသို့လည်း ကျရောက်သွားနိုင်ပြီး နှစ်ပေါင်းများစွာအတွင်း ခေါင်းပုံဖြတ်မှုကြောင့် အချို့ကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်လာတာကို မြင်တွေ့နိုင်ပါတယ်။ ဥပမာအနေနဲ့ အနှိပ် ဒါမှမဟုတ် အပန်းဖြေလုပ်ငန်းနဲ့ စားသောက်ဆိုင်တွေပေါ့” လို့ပြောပါတယ်။
သူကဆက်ပြီး “ဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပေးတာ ကောင်းပါတယ်။ ဒါပေမဲ့ ဘယ်လို အဖိုးအခနဲ့လဲ။ အဓမ္မလုပ်အားပေးမှု၊ ခေတ်သစ်ကျွန်စနစ်ကနေ သူတို့ လွတ်မြောက်ပါ့မလား။ ဒုက္ခသည်တွေအတွက် ရှင်းလင်းပြတ်သားတဲ့ ဥပဒေမူဘောင်တစ်ခု ရှိဖို့ အချိန်တန်ပါပြီ” လို့ပြောပါတယ်။
ပြီးခဲ့တဲ့ အပတ်က မလေးရှားအလုပ်ရှင်များအဖွဲ့ချုပ် (MEF) က စီးပွားရေးနဲ့ လူမှုရေးအကျိုးကျေးဇူးများအတွက် ဒုက္ခသည်များအား စနစ်တကျဖြင့် အကာအကွယ်ပေးထားသော မူဘောင်တစ်ခုအောက်တွင် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပြုရန် အစိုးရအား တောင်းဆိုခဲ့ကြပါတယ်။
ယခုနှစ် အစောပိုင်းက ဖက်ဒရယ်နယ်မြေများ ဝန်ကြီး ဒေါက်တာ ဇာလီဟာ မူစတာဖာ (Dr Zaliha Mustafa) က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှာ မှတ်ပုံတင်ထားတဲ့ ဒုက္ခသည်များကို မလေးရှားတွင် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပြုရန် အစိုးရက အသေးစိတ်အချက်အလက်များကို ဆောင်ရွက်နေတယ်လို့ပြောကြားခဲ့ပါတယ်။
Ref: The Strait Time
june 30,2025