

တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် ဦးနု၏ ပါလီမန်ဒီမိုကရေစီပါတီတို့၏ ချင်းနှင့် တိုင်းရင်းသားများအပေါ် အမြင်သဘောထား
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရရှိပြီး၊ လွတ်လပ်ရေးနှင့်အတူ ဖွားဖက်တော်အဖြစ် ပြည်တွင်း စစ်မီးတောက်လောင်ခဲ့သည်။ အယူဝါဒအမျိုးမျိုး၊ ခံစားချက်အမျိုးမျိုး၊ မျှော်လင့်ခက်အမျိုးမျိုးတို့ဖြင့် ဆန့်ကျင်တော်လှန်မှုများသည် နှစ်ပေါင်း (၇၀) ကျော်ခဲ့ပြီဖြစ်သည်။
ထိုစာအုပ်အတွင်းရှိ ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဌ သခင်ဇင်နှင့် ဦးနု၏ ပါလီမန်ဒီမိုကရေစီပါတီ (PDP) မှ ခေါင်းဆောင်ဖြစ်သော ဦးသွင်တို့နှင့် ဆွေးနွေးချက်များကို ပြန်လည်ဖော်ပြရပါသ်။
ဗမာပြည်ကွန်မြူနစ်ပါတီသည် ၁၉၃၉ ခုနှစ်တွင် သခင်အောင်ဆန်း၊ သခင်စိုး၊ သခင်သန်းထွန်းတို့မှ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်ပြီး၊ ၁၉၈၀ ပြည့်လွန်နှစ်များအထိ အင်အားကောင်းသော အဖွဲ့ဖြစ်ခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း ဦးနု၏ ပါလီမန်ဒီမိုကရေစီပါတီ (PDP) သည် ၁၉၆၉ ခုနှစ် သြဂုတ်လတွင် ထိုင်းနိုင်ငံအတွင်း၌ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး၊ ဗိုလ်ချုပ်ကြီးနေဝင်း၏ အာဏာသိမ်းမှုကို တော်လှန်ရန်အတွက် ဖြစ်သည်။ ထိုပါလီမန်ဒီမိုကရေစီပါတီအား ပြည်တွင်းပြည်ပ နိုင်ငံတကာများမှ အားပေးခဲ့ကြသည်။ ချင်းအမတ်ပူးမာန်တလင်း (Pu Mang Tling) နှင့် ဝီလျံဆလမ်ဇန် (Willian Sa Lian Zam) တို့မှလည်း ချင်းဒီမိုကရေစီပါတီ (CDP) ဟုဖွဲ့စည်းကာ ဦးနု၏ အဖွဲ့အား ပူးပေါင်းခဲ့ကြသည်။
ပါလီမန်ဒီမိုကရေစီပါတီ/ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် (PDP/PLA) အား အနောက်နိုင်ငံများမှ ငွေကြေားထောက်ပံ့မှုများလည်း ရှိခဲ့ပြီး အရှိန်အဟုန် အားကောင်းခဲ့သည်။ ကချင် (KIA) အဖွဲ့ကမူ ဦးနုမှ ဗုဒ္ဒဘာသာအား နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ခြင်းနှင့် ကရင်နီအဖွဲ့ (KNPP) မှ ၁၉၄၈ တွင် ခေါင်းဆောင် ဦးဘူးတူးရယ်လ် အသတ်ခံရခြင်းမှာ ဦးနုကြောင့်ဟုဆိုကာ အစကတည်းက မပူးပေါင်းချေ။ ထို့ကြောင့် ကရင်နှင့် မွန်အဖွဲ့များနှင့် ပူးပေါင်းနိုင်ခဲ့ပြီး၊ KNU အား ဘတ်ငွေ လေးသန်း၊ NMSP အား ဘတ်ငွေ နှစ်သန်းထောက်ပံ့ပေးခဲ့သည်။ နောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဖက်ဒရယ်အရေး၊ တခြားကိစ္စရပ်များ ဆွေးနွေးရာတွင် အဆင်မပြေမှုများဖြစ်ခဲ့ရပြီး၊ နောက်ဆုံးတွင် ကရင်ဒေသမှ မောင်းထုတ်ခြင်း ခံခဲ့ရသည်။ ရဲဘော်သုံးကျိပ်တွင် ဗိုလ်ချုပ်အောင်ဆန်းနောက် ဒုတိယခေါင်းဆောင်ဖြစ်ခဲ့သော ဗိုလ်လကျ်ာသည်လည်း သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ PDP သည်လည်း လုံးပါးပါးခဲ့ပြီး၊ နောက်ပိုင်းတွင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဦးနုသည်လည်း ပြည်တော်ပြန်ခဲ့သည်။
ထို့အတူ ချင်းလူမျိုးများသည်လည်း ခေတ်အဆက်ဆက်တွင် အမိချင်းပြည်နှင့် မြန်မာနိုင်ငံ၏ ပိုမိုကောင်းမွန်သော အနာဂတ်အတွက် ကိုယ်ကျိုးစွန့်ကာ၊ တောထဲတောင်ထဲတွင် သွားရောက်ပြီး လှုပ်ရှားသူများ အညတရသူရဲကောင်းများ မြောက်များစွာ ရှိခဲ့ပေသည်။ ထိုခေတ်အခါက သူတို့၏ ဆွေးနွေးမှု၊ အတွေးအခေါ်နှင့် လှုပ်ရှားမှုများကို သိမြင်ခြင်းဖြင့် လက်ရှိနှင့် အနာဂတ်အတွက် စဉ်းစားရန်အချက်များ ရရှိရန်အတွက် ယခုကဲ့သို့ ပြန်လည် ဖော်ပြရခြင်း ဖြစ်သည်။
ချင်းပြည်နယ် တီးတိန်မြို့နယ်၊ Lophei ရွာဇာတိဖြစ်သော အက်စ်အက်စ်ထန်ခန့်ဆွမ်း (ခ) Pu Thang Za Dal သည် ၁၉၆၃ ခုနှစ်မှ စတင်ကာ တော်လှန်ရေးနယ်မြေများတွင် လှုပ်ရှားလာခဲ့သူဖြစ်ပြီး၊ လက်ရှိတွင် ဂျာမနီနိုင်ငံ၌ နေထိုင်လျက်ရှိသည်။
************
အခုဖော်ပြမယ့် အချက်အလက်တွေကတော့ ကျနော်နဲ့ ကျဆုံးသွားတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဌ သခင်ဇင်၊ ပီးကင်းပြန် ရဲဘော်စင်ကြီး (ခ) ရွှေညိုတို့နဲ့ ၁၉၆၅ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဗကပရဲ့ မဒသတ (အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု) ကိုယ်စားလှယ်များအဖြစ် ကရင်ပြည်နယ်မှာ ရှိနေစဉ် ဆွေးနွေးချက်နဲ့ ၁၉၇၀ ခုနှစ် နှစ်ဆန်းပိုင်းမှာ ယိုးဒယားပြည် ဘန်ကောက်မြို့ တနေရာမှာ ယခင်ပါလီမန်ဒီမိုကရေစီပါတီခေါင်းဆောင် တဦးဖြစ်တဲ့ ဦးသွင် (ဗိုလ်ချုပ်သွင်) နှင့် ဆွေးနွေးချက်တို့ ဖြစ်တယ်။
ထန်ခန့်ဆွမ်း- ဗကပအနေနဲ့ ချင်းအမျိုးသားများအပေါ် ဘယ်လို သဘောထားရှိပါသလဲ။
သခင်ဇင်- ချင်းအမျိုးသားတွေကိုတော့ ကျန်အမျိုးသားများနည်းတူပဲ တိုင်းရင်းသားလူမျိုးလို့ ဗကပအနေနဲ့ သဘောထားပါတယ်။ ကျနော်တို့ပါတီ အာဏာရလာရင် ခင်ဗျားတို့ကိုတော့ ကိုယ်ပိုင်အုပ်ချုပ်ရေး တိုးမြှင့်ပြီးပေးပါမယ်။
ထန်ခန့်ဆွမ်း- အခုကျနော်တို့ ပြောနေတာက ကိုယ်ပိုင်အုပ်ချုပ်ရေးတို့ ဘာတို့ တောင်းနေတာ မဟုတ်ပါဘူး။ ကျနော်တို့အမျိုးသားလှုပ်ရှားမှုရဲ့ ခံယူချက်နဲ့ မူသဘောထားအပေါ်မှာ သုံးသပ်ဖို့ ပြောနေခြင်း ဖြစ်ပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ ကိုယ်ပိုင်အုပ်ချုပ်ရေးတို့ ခင်ဗျားတို့ဆီမှာ တောင်းဖို့မလိုဘူး။ အချုပ်အခြာအာဏာနဲ့ လွတ်လပ်ရေးဟာ ကျနော်တို့လက်ထဲမှာ ရှိပြီးသားပဲ။
သခင်ဇင်- အခုမှပဲ ခင်ဗျားတို့ရဲ့ မူသဘောထားကို လေ့လာခွင့်ရတဲ့အတွက် တရားဝင်သဘောထား ဘယ်လိုမှ ချမှတ်နိုင်မှာ မဟုတ်သေးဘူး။ ကျနော် ဗဟိုကို တင်ပြပါဦးမယ်။
ထန်ခန့်ဆွမ်း- ရှမ်းပြည်လွတ်လပ်ရေးတပ်မတော်နဲ့ မဟာဒေဝီ (မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စဝ်ရွှေသိုက်ရဲ့ ဇနီး) တို့ကို ခွဲထွက်ရေးသမားနဲ့ အမေရိကန်နယ်ချဲ့လက်ကိုင်တုတ် စသည်ဖြင့် ဘာဖြစ်လို့ စွပ်စွဲရတာလဲ။
သခင်ဇင်- သူတို့က စီတိုးအဖွဲ့ဝင်ဖြစ်တဲ့ ယိုဒယားပြည်မှာ ခိုလှုံပြီး အရင်းရှင် နိုင်ငံတွေနဲ့ ဆက်သွယ်ကြလို့ ဖြစ်တယ်။
ထန်ခန့်ဆွမ်း- သူတို့ဘာပဲလုပ်လုပ် ခင်ဗျားတို့နဲ့ မဆိုင်ဘူးထင်တယ်။ သူတို့ဟာ ခင်ဗျားတို့ ဗမာပြည်ရဲ့ လက်အောက်ခံလူမျိုးတမျိုးလည်း မဟုတ်ဘူး။ အရင်းရှင်နယ်ချဲ့မကလို့ အရင်းရှင်ရဲ့အဘကိုပဲ သွားကပ်ကပ် သူတို့မှာ လုပ်ချင်သလို လုပ်ပိုင်ခွင့် ရှိနေတာပဲ။
သခင်ဇင်- ဒီလိုလည်း မဟုတ်သေးဘူးလေ။ အရင်းရှင်နယ်ချဲ့သမားများကို သွားအားကိုးတော့ ရှမ်းပြည်လူထုဟာ နယ်ချဲ့အရင်းရှင်သမားများ ခြေဖဝါးအောက် ရောက်သွားမှာကို မကြည့်ရက်လို့ပါ။ နောက်တခုက သူတို့ ဒီလို နယ်ချဲ့တွေနဲ့ ပလူးပလဲလုပ်တော့ ဗမာပြည်ရဲ့ လုံခြုံရေးလည်း စိုးရိမ်စရာ ဖြစ်နေလို့ပါ။
ထန်ခန့်ဆွမ်း- ကျနော်ဆိုလိုတာက ၀ါဒရေးရာ ရှု့ထောင့်မဟုတ်ပါဘူး။ အချုပ်အခြာအာဏာရှု့ထောင့်က ပြောနေတာပါ။ ရှမ်းပြည်နဲ့ ကိုက်ညီမယ်ဆိုရင် ရှမ်းပြည်သူလူထုကလည်း လိုလားတယ်ဆိုရင် ဘာဝါဒကိုပဲ ကျင့်သုံးကျင့်သုံး၊ ခင်ဗျားတို့ ဘာမှ သွားကန့်ကွက်စရာမလိုပါဘူး။ ကဲ ဒီလိုဆိုရင် သူတို့က ခင်ဗျားတို့ ကွန်မြူနစ်ဝါဒကျင့်သုံးတာက ငါတို့ရှမ်းပြည်အတွက် အန္တရာယ်ကြီးတယ်။ အရင်းရှင်ဝါဒကိုပဲ ကျင့်သုံးပါလို့ အကြပ်ကိုင်လာရင်ကော ခင်ဗျားတို့ကို တရုတ်ပြည်ရဲ့ လက်ကိုင်တုတ်လို့ စွပ်စွဲရင်ကော ခင်ဗျားတို့ ဘယ်လိုသဘောထားမလဲ။ အခုကျနော်ပြောနေတာ ၀ါဒရေးရာဘက်ကပြောနေတာ မဟုတ်ဘူး။ ကျနော် လူမျိုးတမျိုးရဲ့အချုပ်အခြာအာဏာရှု့ထောင့်ကနေ ပြောနေတာပါ။
ထန်ခန့်ဆွမ်း- ခင်ဗျားတို့အာဏာရလို့ ပြည်ထောင်စုတခု ပြန်ဖွဲ့မယ်ဆိုရင် ဘယ်လိုပုံစံမျိုးကို လိုလားသလဲ။ အမျိုးသားရေးပြသနာကိုကော ဘယ်လိုဖြေရှင်းမလဲ။
သခင်ဇင်- ကျနော်တို့အနေနဲ့ကြည့်ရင် ပြည်သူ့တရုတ်ပြည်ပုံစံဟာ အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်တယ်။ အဲ့ဒီမှာ ကိုယ်ပိုင်အုပ်ချုပ်ရတိုင်းတွေနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်။ အမျိုးသားရေးပြသနာကိုလည်း ပြည်သူ့တရုတ်ပြည်မှာ ဖြေရှင်းတဲ့ နည်းနဲ့ပဲ ဖြေရှင်းသွားမယ်။
ထန်ခန့်ဆွမ်း- ခင်ဗျားတို့ ဒီလိုပြည်သူ့တရုတ်ပြည်ပုံစံနဲ့ဘဲ ဖြေရှင်းမယ်ဆိုရင်တော့ ကျနော့သဘော အရ ဖြစ်နိုင်မယ်ဆိုရင် ချင်းပြည်ကို မတိုးတက် မဖွ့ံဖြိုးသေးတဲ့ ဗမာပြည်နဲ့ ပူးပေါင်းမယ့်အစား အတော်အတန်တိုးတက်နေပြီဖြစ်တဲ့ ပြည်သူ့တရုတ်ပြည်နဲ့ တိုင်းပြည်တခုအဖြစ်နဲ့ဘဲ သွားပူးပေါင်းလိုက်ရင် အမျိုးကြီးပိုအကျိုးရှိမယ်လို့ ယုံကြည်တယ်။ နောက်တခုက ခင်ဗျားတို့ေြာတာက အချုပ်အခြာအာဏာက အဓိကမဟုတ်ဘူး။ အတန်းအစားရေးသာလျှင် အခြေခံအဓိက ဖြစ်တယ်ဆိုရင် ဘာဖြစ်လို့ ကွန်မြူနစ်၊ ဆိုရှယ်လစ်နိုင်ငံတွေဟာ အပြီးအပိုင် မပူးပေါင်းကြသလဲ။ ခင်ဗျားတို့ကော တခြား ဆိုရှယ်လစ်နိုင်ငံ၊ ကွန်မြူနစ်နိုင်ငံတွေနဲ့ ပူးပေါင်းနိုင်ကြမလား။
ထန်ခန့်ဆွမ်း- ကျနော်ကြားချင်တဲ့အချက်က ဒါဘဲ။ ခင်ဗျားတို့လည်း လူမျိုးပျောက်ကွယ်သွားမှာကို စိုးရိမ်တယ်။ ဒီလိုမပျောက်နိုင်အောင် အချုပ်အခြာအာဏာဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ခင်ဗျားတို့လည်း သဘောပေါက်တယ်။ ကျနော်တို့လည်း ခင်ဗျားတို့နည်းတူဘဲ ကိုယ့်အမျိုးသားကို လူသားတွေ တည်ရှိနေသ၍ ရှိနေစေချင်တာဘဲ။
***************
ဦးသွင် (ဗိုလ်ချုပ်သွင်) နှင့် ဆွေးနွေးချက်
ထန်ခန့်ဆွမ်း- မဟုတ်သေးပါဘူး။ ကျနော်တို့ဟာ ဒါတွေ ခင်ဗျားတို့ပေးမှ ရမှာလား။ ခင်ဗျားတို့ဗမာဆီမှာလည်း ဒါတွေ ကျနော်တို့ တောင်းစရာမလိုဘူး။ ကျနော်တို့ဟာ အချုပ်အခြာအာဏာပိုင်လူမျိုးတမျိုးအနေနဲ့ ဗမာပြည်နဲ့ လာပေါင်းလာတာဖြစ်တယ်။ ဒါပေမယ့် မြန်မာအစိုးရအဆက်ဆက်က ကျနော်တို့ကို သူတို့ရဲ့ လက်အောက်ခံ ကိုလိုနီလူမျိုးတခုအဖြစ် ပြောင်းလဲလိုက်ပြီး ကျနော်တို့ရဲ့ မွေးရာပါအခွင့်အရေးတွေကို လုုယက်ထားတယ်။
ဦးသွင်- ခင်ဗျားတို့ ဒီသဘောထားမျိုး ရှိနေရင် ဆက်ဆွေးနွေးနေရင်လည်း အပိုပဲ၊ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ရင် ပိုကောင်းမယ်။
ထန်ခန့်ဆွမ်း- ကောင်းပါတယ်။ ဒါပေမယ့် တခုတော့ ပြောချင်ပါတယ်။ ဥပမာ ကျနော်တို့အနေနဲ့ ပြည်ထောင်စုတခု ပြန်ဖွဲ့မယ်ဆိုရင် ခွဲထွက်ပိုင်ခွင့်တို့ ဘာတို့မရှိရင်လည်း အရေးမစိုက်ဘူး။ ခွဲထွက်ပိုင်ခွင့်ဆိုတာ ကျန်လူမျိုးတွေအတွက် အရေးမကြီးဘူး။ ခင်ဗျားတို့ ဗမာပြည်အတွက် ပိုအရေးကြီးတယ်။ လက်ဆုပ်လက်ကိုင်လုပ်ထားမှ ဖြစ်မယ်။ ခင်ဗျားတို့က ခင်ဗျားတို့သာလျှင် ထာဝစဉ်အပေါ်စီးရမယ်၊ အင်အားကြီးမယ်။ ကျန်လူမျိုးတွေရဲ့ အဆင့်ဟာ ဒီအတိုင်းဘဲ၊ ထာဝစဉ်ရှိနေမယ်လို့ ယူဆမိတာ သိပ်မှားတယ်။ နောင်တနေ့မှာ ဟစ်တလာလို အာဏာရှင်တွေ၊ လက်စားချေသမားတွေ ဒီအမျိုးသားတွေထဲက မပေါ်ပေါက်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး။