Headlines

ချင်းအမျိုးသားနေ့ကို နိုင်ငံရေးအနှစ်သာရ ပိုမိုပြည့်ဝအောင် ဆောင်ရွက်နေကြောင်း စစ်ကောင်စီခန့်ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပြောကြားမှုအပေါ် ဝေဖန်များရှိနေ

စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်ဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် ဂုဏ်ပြုစာတမ်းဖတ်ပွဲ၌ ချင်းအမျိုးသားနေ့အခမ်းအနားကို တစ်နှစ်နှင့်တစ်နှစ် တမူထူးခြားကောင်းမွန်ပြီး နိုင်ငံရေးအနှစ်သာရ ပိုမိုပြည့်ဝအောင် အစိုးရဌာနဆိုင်ရာ အသီးသီးမှ အမှုထမ်း၊ အရာထမ်း၊ နိုင်ငံ့ဝန်ထမ်းများ၏ ဝိုင်းဝန်းကူညီပံ့ပိုးမှုနှင့် အောင်မြင်အောင် ဆောင်ရွက်နေ ကြောင်း စာတမ်းဖတ်ပွဲမှာ အမှာစကား ပြောကြားခဲ့ မှု အပေါ် ချင်းလူမှု အသိုင်းအဝိုင်းမှ ဝေဖန်မှု များပြား နေတယ်လို့ သိရှိရပါတယ်။

ချင်းပြည်နယ် ဝန်ကြီးချုပ်ရဲ့ အမှာစကားပါ ကိစ္စရပ်နဲ့ ပတ်သက်ပြီး “လက်ရှိမှာ ချင်းအမျိုးသားနေ့ကို နိုင်ငံရေး အနှစ်သာရ ပိုမို ပြည့်ဝအောင် ကျင်းပ ဖို့ ဆိုတာ ချင်းလူထု အနေနဲ့ အတော် ဝေးတဲ့ အခြေအနေ တရပ်ပဲ။ အထိမ်းအမှတ်ပွဲ တခုခု လုပ်ဖို့ တောင်မှ မနည်း လုပ်ရမယ့် အခြေအနေ ပါ။ အစိုးရ ဝန်ထမ်းတွေ အနေနဲ့တော့ မပြောတတ်ဘူး။ မြန်မာပြည်တွင်းနေ ချင်းလူထု အတွက်တော့ ချင်းအမျိုးသားနေ့ ဆိုတာ ရင်ခုန်ဖို့တောင် မလွယ်တဲ့ ကိစ္စပါ” လို့ မြန်မာပြည်တွင်းနေ ချင်း နိုင်ငံရေး ဆောင်ရွက်သူ တဦးမှ မှတ်ချက်ပြုခဲ့ ပါတယ်။

လက်ရှိမှာ စစ်ကောင်စီမှ ထိန်းချုပ်ထားဆဲ ဖြစ်တဲ့ ချင်းပြည်နယ် ရှိ မြို့နယ် မြို့ နှစ်ခု ထဲမှ တီးတိန်မြို့ရဲ့ ချင်းအမျိုးသားနေ့ ကျင်းပရေး အခြေအနေနဲ့ ပတ်သက်ပြီး “ဟားခါးမှာတော့ ပြည်နယ်အစိုးရ ရဲ့ ဦးဆောင်မှု နဲ့ ချင်းအမျိုးသားနေ့ကို တမျိုးတဖုံ ကျင်းပ ဖြစ်လိမ့်မယ်။ တီးတိန်မြို့မှာတော့ ပြည်သူတွေရော၊ ဌာနဆိုင်ရာတွေပါ ပါဝင်တဲ့ ချင်းအမျိုးသားနေ့ အခမ်းအနား တစ်ခုခု ကျင်းပ ဖို့ အခုထိ မကြားရသေး ပါဘူး။ အနှစ်သာရ ပြည့် မပြည့်တော့ မသိဘူး၊ တီးတိန်မြို့မှာတော့ ချင်းအမျိုးသားနေ့ အခမ်းအနား နဲ့ ဝေးတာ ဒီနှစ်နဲ့ဆို လေးနှစ် ရှိသွားပြီ” လို့ တီးတိန် ဒေသခံ တဦးမှ Chin World Media ကို ပြောပြ ပါတယ်။

ချင်းလူမျိုးများစွာ နေထိုင်ပြီး အစဉ်အလာ မပြတ် ချင်းအမျိုးသားနေ့ကို ကျင်းပလေ့ ရှိတဲ့ ကလေးမြို့မှာ လည်း ချင်းအမျိုးသားနေ့ နဲ့ ပတ်သက်ပြီး “စစ်အာဏာသိမ်းမှု နောက်ပိုင်း ချင်းအမျိုးသားနေ့ အခမ်းအနား ကျင်းပတာ မပြေနဲ့။ ရိုးရာ အစဉ်အလာ ပွဲတော်တွေတောင် အခမ်းအနား၊ ပွဲလမ်းသဘင် နဲ့ မလုပ်ရတော့ပါဘူး။ ဒီနှစ်လည်း ချင်းအမျိုးသားနေ့ နဲ့ ပတ်သက်ပြီး ဘာအသံမှ မကြားရပါဘူး” လို့ ချင်း လူမှုရေး ခေါင်းဆောင် တစ်ဦး က ပြောကြား ခဲ့ ပါတယ်။

ရန်ကုန်မြို့ ရှိ ချင်းလူမှု အသိုင်းအဝိုင်းကလည်း “ဒီနှစ်လည်း ချင်းအမျိုးသားနေ့ နှင့် ပတ်သက်ပြီး တမျိုးသားလုံး အတိုင်းအတာနဲ့ ဘာ အခမ်းအနားမှ စီစဉ်တာ မရှိသေးဘူး” ရန်ကုန် ချင်း လူမှု ခေါင်းဆောင် တစ်ဦး ထံမှ သိရှိရ ပါတယ်။

နေပြည်တော်မှာလည်း “ချင်းအမျိုးသားနေ့ ကျင်းပရေး နဲ့ ပတ်သက်ပြီး တစုံတခု အကြောင်းကြားတာမျိုး မရှိသေးဘူး” လို့ ချင်းလူငယ် ဝန်ထမ်း တစ်ဦး က ပြောကြား ခဲ့ ပါတယ်။

အဆိုပါ ဟားခါးမှာပြုလုပ်တဲ့ ချင်းအမျိုးသား နေ့ စတမ်း ဖတ်ပွဲမှာ သဘာပတိအဖြစ် ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီး (၂) ဒေါ်မန်ဟောက်နျန်းနှင့် ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီတို့မှ ဆောင်ရွက်ခဲ့ပြီး ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီက (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ် ဂုဏ်ပြုစာတမ်းဖတ်ပွဲ အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်း တင်ပြခဲ့တယ်လို့လည်း စစ်ကောင်စီ ဟားခါးခရိုင်ပြန်ကြားရေးရဲ့ ဖော်ပြချက် အရ သိရှိခဲ့ ရပါတယ်။

စားတမ်းဖတ်ပွဲတွင် ဟားခါးတက္ကသိုလ် သမိုင်းဌာန၊ ပါမောက္ခ (ဌာနမှူး) ဒေါက်တာနန်းလှိုင်က “မြန်မာနိုင်ငံ ချင်းလူမှုသမိုင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဟားခါးတက္ကသိုလ် ဥပဒေပညာဌာန ကထိက (ဌာနမှူး) ဒေါက်တာသက်ထားဝေက “မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့် ချင်းဓလေ့ထုံးတမ်းဥပဒေအရ လင်မယားကွာရှင်းရေးနှင့် ပစ္စည်းခွဲဝေရေးတို့ကို နှိုင်းယှဉ်လေ့လာတင်ပြခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထန်မွန်းခိုင်က “ချင်းတိုင်းရင်းသားများ၏ ဝိသေသရှေ့ဆောင်စကားလုံးများ” ခေါင်းစဉ်ဖြင့်လည်းကောင်း စာတမ်းဖတ်ကြားခဲ့ပြီး သဘာပတိအဖွဲ့ဝင် သုံးဦးမှ သက်ဆိုင်ရာ စာတမ်း တစ်ခုစီကို သုံးသပ်ပေးခဲ့ကြောင်း ခရိုင် ပြန်ကြားရေးရဲ့ ဖော်ပြချက် အရ ဆက်လက် သိရှိရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *