![](https://chinworld.org/wp-content/uploads/2025/01/000_33eq6rg-sixteen_nine.jpg)
၂၀၂၃ ခုနှစ် မေလ ၃ ရက်နေ့တွင် အိန္ဒိယ အရှေ့မြောက် ပြည်နယ် တစ်ခုဖြစ်သော မဏိပူရပြည်နယ် ရှိ အင်ဖာ (Imphal) လွင်ပြင်တွင် နေထိုင်သော လူများစုလူမျိုးဖြစ်သည့် ကသည်း (Meitei) လူမျိုးများ နှင့် ချင်းအနွယ်ဝင် ကူကီလူမျိုးများ နှင့် ဇိုလူမျိုးများ အပါအဝင် ယင်းလွင်ပြင်ကို ဝန်းရံထားသည့် တောင်တန်းဒေသေတွင် နေထိုင်သော မျိုးနွယ်စုဝင်များ အကြား တွန်းတိုက်မှုကြောင့် အကြမ်းဖက်မှုများ ပေါ်ပေါက်လာခဲ့သည်။
အကြမ်းဖက်မှုကြောင့် လူပေါင်း ၉၈ဦး အသက်ရှုံးဆုံးခဲ့ရပြီး ၃၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မဏိပူရ ပြည်နယ် တွင် လွန်ခဲ့သော တစ်လအတွင်းကဖြစ်ပွားခဲ့သော ဟိန္ဒူ – ခရစ်ယာန် လူမျိုးစုဆိုင်ရာ အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွားနေသဖြင့် အဆိုပါ ပြည်နယ် အတွင်းရှိ broadbandများ နှင့် မိုဘိုင်းဒေတာ အင်တာနက် ပိတ်ပင်မှု များကို ဇွန်လ ၁၀ ရက်နေ့ ညနေ ၃နာရီ အထိ သက်တမ်းတိုးထားသည်။
![](https://chinworld.org/wp-content/uploads/2025/01/Manipur-Violence-1-1024x576.webp)
အငြင်းပွားဖွယ်ဖြစ်ခဲ့ရသည်မှာ ကသည်းလူမျိုးများသည် မျိုးနွယ်စု အသိုင်းအဝိုင်းများ ကဲ့သို့ အထူးအခွင့်အရေး စေမည့် အိန္ဒိယ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဉပဒေအရ အသိအမှတ်ပြုခံ မျိုးနွယ်စု (Scheduled Tribe) ဝင် အဖြစ် သတ်မှတ်ခံရခွင့် ရရှိရေး အတွက် ကာလကြာရှည် လိုလားတောင်းဆိုလာခဲ့ကြသည့် ကိစ္စပင်ဖြစ်သည်။ ပြီးခဲ့သည့် ဧပြီလအတွင်းတွင် မဏိပူရပြည်နယ် တရားရုံးချုပ် ဆုံးဖြတ်ချက်အရ ပြည်နယ်အစိုးရသည် ယင်းကိစ္စအပေါ် ဖြစ်နိုင်ပါက လေးပတ်အတွင်း ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရန် လမ်းညွှန် လိုက်သည်။ မျိုးနွယ်စု အသိုင်းအဝိုင်းများသည် ကသည်းလူမျိုးတို့၏ တောင်းဆိုမှုကို ဆန့်ကျင် ဆန္ဒပြကြပြီး အားလုံးသော မဏိပူရမျိုးနွယ်စု ကျောင်းသားများ သမဂ္ဂ (All Tribal Student Union of Manipur –ATSUM) သည် တောင်တန်းဒေသရှိ ခရိုင်အားလုံးတွင် စည်းလုံးညီညွတ်ရေး လူထုချီတက်ပွဲ ပြုလုပ်ရန် စီစဉ်လိုက်သည်။ ယင်းချီတက်ပွဲ အပြီးတွင် Imphal လွင်ပြင်နှင့် ထိစပ်သော Churachanpur (Lamka) ခရိုင် နှင့် ပတ်ဝန်းကျင်တွင် ကသည်းလူထု နှင့် ကူကီး မျိုးနွယ်စုဝင် အသိုင်းအဝိုင်းများ အကြား တင်းမာမှုများ ပေါက်ကွဲထွက်လာတော့သည်။
တရားဉပဒေစိုးမိုးမှု ပြန်လည်ထိန်းသိမ်းနိုင်ရေးအတွက် အိန္ဒိယ တပ်မတော်သည် စစ်တပ် နှင့် အထူးတပ်သား တစ်သောင်း ကို လေယာဉ်ဖြင့် ပို့လွှတ်လိုက်သည်။ ပြည်နယ်အတွင်း အင်တာနက် ဝန်ဆောင်မှုများကိုလည်း ငါးရက်ကြာ ဖြတ်တောက်လိုက်ပြီး အိန္ဒိယ ရာဇဝတ် ကျင့်ထုံးဉပဒေ ပိုဒ်မ ၁၄၄ ကို ပြဌာန်း ကျင့်သုံးလိုက်သည်။ ကာဖြူး အမိန့်ကို အတည်ပြုသည့် အနေဖြင့် ပြင်းထန်ဆိုးရွားသော အခြေအနေတွင် “မြင် လျှင် ပစ် (Shoot on Sight)” ဖို့ အိန္ဒိယ စစ်တပ်ကို အမိန့်ပေးလိုက်သည်။
၁။ နောက်ခံသမိုင်း
မဏိပူရပြည်နယ်သည် အိန္ဒိယ အရှေ့မြောက်ဘက်ရှိ တောင်တန်းပြည်နယ် တစ်ခုဖြစ်သည်။ တောင်ဘက် နှင့် အရှေ့ဘက်တွင် မြန်မာ နိုင်ငံနှင့် နယ်နိမိတ် ထိစပ်လျက်ရှိသည်။ လူနေထိုင် အခြေပြုရာ ဒေသသည် ပြည်နယ် အကျယ်အဝန်း၏ ၁၀% ခန့်ရှိသည့် Imphal လွင်ပြင်ဖြစ်ပြီး လူများစု ဖြစ်သည့် ကသည်း (Meitei) လူမျိုးများ လွှမ်းမိုးနေထိုင်ရာ ဒေသဖြစ်သည်။ လွင်ပြင် ပတ်လည်ရှိ တောင်တန်းဒေသများတွင် တောင်ပေါ်မျိုးနွယ်စုများ နေထိုင်ကြသည်။ တောင်ဘက်ပိုင်းတွင် ကူကီး မျိုးနွယ်စုဝင် မျိုးနွယ်များ နေထိုင်ကြပြီး အရှေ့မြောက်ဘက်ပိုင်းတွင် နဂမျိုးနွယ်စုဝင်များ နေထိုင်ကြသည်။
ကသည်း (Meitei) လူမျိုးများသည် ဟိန္ဒူဘာသာဝင်များ ဖြစ်ကြပြီး လူဉီးရေ၏ ၅၃% ရှိကာ မဏိပူရပြည်နယ် မြေယာပြုပြင်ရေး ဉပဒေအရ တောင်တန်းဒေသများတွင် အခြေချ နေထိုင်ခွင့် တားမြစ်ပိတ်ပင်ခြင်း ခံခဲ့ရသည်။ ခရစ်ယာန်ဘာသာ ကိုးကွယ်ကြသည့် ကူကီး မျိုးနွယ်စုဝင်များ နှင့် နာဂမျိုးနွယ်စုဝင်များ အပါအဝင် တိုင်းရင်းသား မျိုးနွယ်စုဝင်များ၏ လူဉီးရေသည် ပြည်နယ် လူဉီးရေ စုစုပေါင်း ဖြစ်သော ၃.၅သန်း၏ ၄၀ % ရှိသည်။ သူတို့သည် ပြည်နယ် အကျယ်အဝန်း၏ ကျန် ၉၀ % ဖြစ်သော တောင်တန်းဒေသ သီးသန့်တွင် အစဉ်နေထိုင် လာခဲ့ကြသူများ ဖြစ်သည်။ သို့သော် မျိုးနွယ်စုဝင် လူမျိုးများကိုမူ လွင်ပြင်ဒေသတွင် အခြေချ နေထိုင်ခြင်းမှ တားမြစ်ခြင်းမျိုး မရှိပေ။
မဏိပူရပြည်နယ် ဉပဒေပြု လွှတ်တော်တွင် ကသည်း(Meitei) လူမျိုးများသည် နိုင်ငံရေး အာဏာကို အပိုင်စီး ထားကြသည်။ လွှတ်တော်တွင် ကိုယ်စားလှယ် အမတ်ပေါင်း ၆၀ ရှိရာ အမတ်နေရာ ၁၉ နေရာကို အသိအမှတ်ပြုခံ မျိုးနွယ်စုများ (Schedule Tribe) ဖြစ်သည့် နာဂ နှင့် ကူကီး မျိုးနွယ်စုဝင်များ အတွက် သီးသန့် ဖယ်ထားခဲ့သည် ဖြစ်ရာ ပုံမှန် မဲဆန္ဒနယ် (General) (လူမျိုးအားလုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် မဲဆန္ဒနယ်) ၄၀ ရှိရာမှ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ၃၉ နေရာကို ကသည်း (Meitei) လူမျိုး အမတ်လောင်းများမှ အနိုင်ရရှိခဲ့သည်။ မျိုးနွယ်စုဝင် အုပ်စုများသည် ပြည်နယ်အစိုးရ၏ အသုံးစရိတ်သည် ကသည်း (Meitei) လူမျိုးများ စုပုံရာ အင်ဖာလွင်ပြင်ဒေသတွင် လွန်ကဲစွာ စုပုံနေသည်ဟု မကျေမနပ် ဝေဖန်ခဲ့ကြသည်။
၁.၂။ ၂၀၂၃ တွင် ပိုမို ပြင်းထန်လာခြင်း
၂၀၂၃ ခုနှစ် အတွင်းတွင် မဏိပူရ ပြည်နယ်အစိုးရသညသ် အရန်သစ်တော ဒေသအတွင်းတွင် တရားမဝင် ရွှေ့ပြောင်း နေထိုင်သူများကို ဖယ်ရှားရန် စတင် အားထုတ်လာခဲ့ကြသည်။ တရားဝင်ထုတ်ပြန်ချက်များတွင် ၁၉၇၀ ကစပြီး မြန်မာနိုင်ငံမှ နေ၍ မဏိပူရ ပြည်နယ် အတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင် လာခဲ့ကြသည်ဟု ဖော်ပြ ထားကြသည်။ မျိုးနွယ်စု အုပ်စုများကလည်း တရားမဝင် ရွှေ့ပြောင်း နေထိုင်မှု ဟူသော် ဖော်ပြချက်သည် ကသည်း (Meitei) လူမျိုးများမှ မျိုးနွယ်စုဝင် တိုင်းရင်းသားလူထုကို သူတို့ကိုယ်ပိုင် မြေပေါ်ကနေ နှင်ထုတ်လိုသည့် အတွက် ပြုလုပ်သည့် အကြောင်းပြချက် ရှာကြံခြင်းသာ ဖြစ်သည်ဟု ချေပ ကြသည်။ ၂၀၂၃ ဖေဖော်ဝါရီလတွင် BJP ပါတီ ပြည်နယ် အစိုးရသည် Churachanpur (Lamka), Kangpokpi နှင့် Tengnoupal ခရိုင်များ ရှိ သစ်တော အတွင်း နေထိုင်သူများကို ကျူးကျော်နေထိုင်သူများ အဖြစ် ကြေငြာပြီး စတင် မောင်းထုတ်လာခဲ့ရာ၊ ယင်းလုပ်ရပ်များသည် မျိုးနွယ်စုဝင် တိုင်းရင်းသားများ ဆန့်ကျင်ရေး လှုပ်ရှားမှု အဖြစ် မြင်သာလာခဲ့သည်။
မတ်လအတွင်းတွင် မဏိပူရအစိုးရ အဖွဲ့သည် Kuki National Army နှင့် Zomi Revolutionary Army အပါအဝင် ကူကီး မျိုးနွယ်စုဝင် လက်နက်ကိုင် အဖွဲ့အစည်း သုံးခု နှင့် ချုပ်ဆိုထားသည် စစ်ဆင်ရေး ရပ်နားသည့် (တမျိုးအားဖြင့် အပစ်အခတ် ရပ်စဲရေး) သဘောတူညီချက် စာချုပ်များ (Suspension of Operation Agreements)ကို ပြည်နယ် အစိုးရမှ တဖက်သတ် ရုပ်သိမ်းရန် ဗဟို အစိုးရမှ ယင်းကဲ့သို့သော တဖက်သတ် ရုပ်သိမ်း(ဖျက်သိမ်း)မှုမျိုး ထောက်ခံဖူးခြင်း မရှိသည့် ကြားကပင် ဆုံးဖြတ်ချက် ချမှတ် လိုက်သည်။ (Suspension of Operation Agreements သည် သုံးပွင့်ဆိုင် သဘောတူညီမှု စာချုပ်ဖြစ်ပြီး ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရ နှင့် ကူကီးနွယ်ဝင် လက်နက်ကိုင် အဖွဲ့ ၂၅ ဖွဲ့တို့ အကြား ချုပ်ဆိုခြင်း ဖြစ်သည်။ ပြည်နယ်အစိုးရ၏ ရုပ်သိမ်းမှုသည် ဗဟို အစိုးရ၏ ထောက်ခံပံ့ပိုးမှု မရှိဘဲ ဒေသအတွင်း၌ မည်သည့် အကျိုးသက်ရောက်မှုမျှ ရှိမည် မဟုတ်ပေ။ စကားချပ်) တချို့သော မဏိပူရ အဖွဲ့အစည်းများသည် တောင်တန်းဒေသ၏ ပုံမှန် မဟုတ်သော လူဉီးရေး တိုးပွားမှုကို ထောက်ပြကာ ၁၉၅၁ ခုနှစ်ကို အခြေခံနှစ် အဖြစ်သတ်မှတ်ပြီး အမျိုးသား မှတ်ပုံတင် ထုတ်ပေးရန် အတွက် နယူးဒေလီတွင် ဆန္ဒပြ တောင်းဆိုလာကြသည်။ “တိုင်းရင်းသားမျိုးနွယ်စုများ၏ မြေကို ကြိုးဝိုင်းသစ်တော၊ ကြိုးပြင်ကာကွယ်တော နှင့် သဘာဝဘေးမဲဉယျာဉ် အဖြစ် အမည်တပ် ကျူးကျော်ခြင်း” ကို ဆန့်ကျင်သည့် ဆန္ဒပြသူများ စုဝေးရာနေရာ ဖြစ်သည့် Kangpokpi ခရိုင်တွင် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့ပြီး ပထမဆုံးသော ယင်း အကြမ်းဖက်မှုကြောင့် လူငါးဉီး ဒဏ်ရာ ရရှိခဲ့သည်။ သို့တိုင်အောင် ပြည်နယ် အစိုးရအဖွဲ့သည် “အစိုးရ အနေဖြင့် ပြည်နယ် အစိုးရ၏ သစ်တောအရင်းအမြစ်များ ကာကွယ်ရန် နှင့် ဘိန်းစိုက်ပျိုးမှုများ အမြစ်ပြတ် ရှင်းလင်းရန် အတွက် ဆောင်ရွက်သည့် ခြေလှမ်းများ အပေါ် ညှိနှိုင်းမှု လုံးဝပြုလုပ်မည် မဟုတ်”ကြောင်း ကြေငြာသွားသည်။ ဧပြီလ ၁၁ ရက်နေ့တွင် အင်ဖာမြို့ မျိုးနွယ်စုများတန်း(ရပ်ကွက်)(Imphal’s Tribal Colony)ရှိ ဘုရားကျောင်း သုံးခုကို အစိုးရမြေပေါ်တွင် ဆောက်လုပ်သော တရားမဝင် အဆောက်အဉီး ဖြစ်သည်ဟု ဆိုကာ ဖျက်ဆီးပစ်လိုက်သည်။
၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် မဏိပူရပြည်နယ် တရားရုံးချုပ် တရားသူကြီးသည် “ကသည်း(Meitei) အသိုင်းအဝိုင်း၏ အသိအမှတ်အပြုခံ မျိုးနွယ်စုတိုင်းရင်းသား (Scheduled Tribes) စာရင်းတွင် ပါဝင်ရန် တောင်းဆိုမှုကို ထည့်သွင်း စဉ်းစားပေးရန်” ပြည်နယ်အစိုးရကို ညွှန်ကြားခဲ့သည်။ ကူကီး မျိုးနွယ်စုဝင်များသည် ကသည်း (Meitei) များသည် အသိအမှတ်ပြုခံ မျိုးနွယ်စု (ST) အနေအထားဖြင့် ပိုင်ဆိုင်ခွင့် တားမြစ်ခံရသည့် တောင်တန်းဒေသရှိ မြေယာများကို ဝယ်ယူခွင့် ရရှိမည်ကို ကြောက်ရွံ့လာကြသည်။
၂။ ခြုံငုံသုံးသပ်ခြင်း
မဏိပူရပြည်နယ် ဝန်ကြီးချုပ်သည် အန် ဘိုင်လင် ဆင်း (N. Biren Singh) သည် ဧပြီလ ၂၈ ရက်နေ့တွင် Churachanpur မြို့သို့ သွားရောက်ရန် နှင့် အားကစားရုံ တစ်ခု ဖွင့်ပွဲ အခမ်းအနား ကျင်းပရန် ခရီးစဉ်ရေးဆွဲ ခဲ့သည်။ ဖွင့်ပွဲနေ့ မတိုင်ခင်၊ ဧပြီလ ၂၇ ရက်နေ့တွင် ယင်း အားကစားရုံကို ဆန္ဒပြသူများမှ မီးရှို့ လိုက်သည်။ ရာဇဝတ်ကျင့်ထုံးဥပဒေ ပိုဒ်မ ၁၄၄ ကို ၅ ရက်သာ ပြဌာန်းလိုက်ရာ ဧပြီလ ၂၈ ရက်နေ့တွင် ရဲများနှင့် ဆန္ဒပြသူများ ထိပ်တိုက်မှု ဖြစ်ပွားခဲ့သည်။ မဏိပူရပြည်နယ် အတွင်းတွင် ကာဖြူး အမိန့်ကို ၈ ခရိုင်၌ တိုးမြှင့် ထုတ်ပြန်လိုက်ရာ တိုင်းရင်းသား မျိုးနွယ်စုများ အများစု နေထိုင်ရာ ဒေသမဟုတ်သည့် အင်ဖာ Imphal West, Kakching, Thoubal, Jiribam နှင့် Bishnupur ခရိုင်များ နှင့် တိုင်းရင်းသား မျိုးနွယ်စုများ နေထိုင်ရာ Churachanpur (Lamka), Kangpokpi နှင့် Tongnaupal ခရိုင်များ ပါဝင်ခဲ့သည်။
၂.၁။အဓိကရုဏ်း ဖြစ်ပွားခြင်း
ကသည်း (Meitei) နှင့် ကူကီး မျိုးနွယ်စုဝင်များ အကြား တင်းမာမှုများ ကာလကြာရှည် ရှိနေသည့် ကြားမှ အားလုံးသော မဏိပူရ မျိုးနွယ်စုများ ကျောင်းသား သမဂ္ဂ (ATSUM) ဟုခေါ်သော တိုင်းရင်းသား မျိုးနွယ်စု အဖွဲ့အစည်းတစ်ခုသည် မဏိပူရပြည်နယ် တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး “တိုင်းရင်းသား မျိုးနွယ်စုများ စည်းလုံးညီညွတ်ရေး ချီတက်ပွဲ” ဟု နာမည်တပ်ကာ လူထုချီတက်ပွဲ ပြုလုပ်ခဲ့ရာ မေလ ၃ ရက်နေ့ တွင် Churachanpur ခရိုင်တွင် အကြမ်းဖက်မှု အဖြစ် အသွင်ပြောင်းသွား ခဲ့သည်။ ယင်း ဆန္ဒပြပွဲတွင် ဆန္ဒပြသူပေါင်း ၆၀၀၀၀ ကျော်ပါဝင်ခဲ့သည်ဟု ပြောကြားချက်များ အရ သိရှိရသည်။
မေလ ၃ရက်နေ့ အကြမ်းဖက်မှုများကြောင့် တိုင်းရင်းသားမျိုးနွယ်စုများ သီးသန့် နေထိုင်ရာ ဒေသ မဟုတ်သည့် ဒေသများရှိ ကူကီးမျိုးနွယ်စုဝင်များ၏ နေအိမ် နှင့် ဘုရားကျောင်းများ တိုက်ခိုက် ခံခဲ့ရသည်။ ရဲတပ်ဖွဲ့၏ ပြောကြားချက် အရ အင်ဖာမြိုံ ရှိ တိုင်းရင်းသားမျိုးနွယ်စုများ၏ နေအိမ်များ တိုက်ခိုက်ခံရပြီး အခြေချ နေထိုင်သူ ၅၀၀ ကျော်သည် ဒေသစွန့်ခွာ ကာ Lamphelpat တွင် ခိုလှုံခဲ့ရသည် ဟု ဆိုသည်။ ကသည်း (Meitei) လူမျိုး ၁၀၀၀ ခန့်လည်း အကြမ်းဖက်မှု၏ ရိုက်ခတ်မှုကြောင့် ဒေသစွန့်ခွာရန် လိုအပ်လာပြီး Bishnupur တွင် ခိုလှုံကြသည်။ Kangpokpi မြို့တွင် နေအိမ် ၂၀ ကျော် မီးရှို့ ခံရသည်။ အင်ဖာလွင်ပြင်တွင် နေအိမ်များ၊ ဝတ်ပြုရာ နေရာများ နှင့် တခြား ပိုင်ဆိုင်မှုများ မီးရှို့ ဖျက်ဆီးခြင်း ခံနေရသည့် ကာလ အတောတွင်းမှာပင် အကြမ်းဖက်မှုများသည် Churachanpur, Kakching, Canchipur, Soibam Leikai, Tengnoupal, Langol, Kangpokpi နှင့် မူးရေး (Moreh) ဒေသများတွင် ဖြစ်ပွားနေခဲ့သည်။
မေလ ၄ ရက်နေ့တွင် လတ်တလော ဖြစ်ပျက်လာသည့် အကြမ်းဖက်မှုများ တင်ပြလာကြသည်။ ရုန်းရင်းဆန်ခတ် ပြုလုပ်သူများကို ထိန်းသိမ်းနိုင်ရန် အတွက် ရဲတပ်ဖွဲ့သည် မျက်ရည်ယိုဗုံးများ ဖောက်ခွဲ ခဲ့ရသည်။ တိုင်းရင်သား မျိုးနွယ်စုများ၏ ဌာနချုပ်ဖြစ်သော Churachanpur (Lamka)ကို ကိုယ်စားပြုသည့် ကူကီ မျိုးနွယ်စု ပြည်နယ် လွှတ်တော်အမတ် Vunzjagin Valte (BJP) သည် ပြည်နယ် အုပ်ချုပ်ရေးမှူး ရုံးမှ ပြန်လာစဉ် တိုက်ခိုက်မှု ခံလိုက်ရသည်။ သူ၏ အခြေအနေသည် စိုးရိမ်ရသော် အခြေအနေတွင် ရှိနေကြောင်း မေလ ၅ရက်နေ့ တွင် ထုတ်ပြန်သော သတင်းများ အရ သိရပြီး သူနှင့် အတူပါလာသည့် ပုဂ္ဂိုလ်သည် အသက်ဆုံးရှုံးခဲ့ ရသည်။ အစိုးရ အနေဖြင့်မူ အကြမ်းဖက်မှု ဖြစ်ပွားသည့် ကာလအတောအတွင်း နေအိမ် ၁၇၀၀ ခန့် နှင့် ယာဉ်ပေါင်းများစွာ မီးရှို့ ဖျက်ဆီး ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။
၂.၂။ စစ်တပ်များ နေရာယူခြင်း နှင့် ဘေးလွှတ်ရာသို့ ပို့ဆောင်ပေးခြင်း
မဏိပူရ အစိုးရသည် “မြင်လျှင်ပစ်” (Shoot on sight) အမိန့်ကို မေလ ၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ မေလ ၃ ရက်နေ့ ပြီးဆုံးပြီးနောက် အာသံ ရိုင်ဖယ် တပ်ဖွဲ့ နှင့် အိန္ဒိယ တပ်မတော်သည် ဒေသအတွင်း စစ်ကြောင်း ၅၅ ခု ဖြန့်ကျက် နေရာယူထားပြီး မေလ ၄ ရက်နေ့တွင် လူပေါင်း ၉၀၀၀ ကျော်ကို ဘေးလွှတ်ရာသို့ ပို့ဆောင်ခဲ့ကြသည်။ မေလ ၅ ရက်နေ့တွင် လူပေါင်း ၂၀၀၀၀ ခန့် နှင့် မေလ ၆ ရက်နေ့တွင် လူပေါင်း ၂၃၀၀၀ ခန့်ကို စစ်တပ်၏ အစီအစဉ်ဖြင့် ပိုမိုဘေးကင်းရာ နေရာများသို့ ရွှေ့ပြောင်း နေရာချပေးခဲ့သည်။ ဗဟို အစိုးရသည် လေကြောင်းဖြင့် မှုခင်း နှိမ်နင်းရေးတပ် (Rapid Action Force) တပ်ခွဲ ၅ ခုကို ဒေသအတွင်းသို့ စေလွှတ်ခဲ့သည်။ စစ်တပ်၊ အထူးတပ် (Paramilitary) နှင့် ဗဟိုရဲတပ်ဖွဲ့ (Central Armed Police Forces) မှ လက်နက်ကိုင် တပ်သား ၁၀၀၀၀ ကို မဏိပူရ ပြည်နယ် အတွင်း ဖြန့်ကျက်ထားခဲ့သည်။ မေလ ၄ရက်နေ့တွင် ဗဟို အစိုးရသည် အိန္ဒိယနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၏ လုံခြုံရေးနှင့်ပတ်သက်သော ပိုဒ်မ ၃၅၅ ကို ကျင့်သုံးပြီး မဏိပူရ ပြည်နယ်၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်အားလုံးကို တာဝန်ယူ ထိန်းသိမ်းလိုက်သည်။ မေလ ၁၄ ရက်နေ့တွင် မဏိပူရ ပြည်နယ် အတွင် စစ်ဘက်ဆိုင်ရာ အင်အား အသုံးချမှု အခြေအနေသည် စစ်ကြောင်း ၁၂၆ ခု နှင့် အထူးတပ်ဖွဲ့ မှ တပ်ခွဲ ၆၂ ခုထိ ရှိလာခဲ့သည်။
စစ်တပ်၏ ကြားဝင်မှုကြောင့် တောင်တန်းဒေသ အခြေပြု လက်နက်ကိုင်အဖွဲ့များ နှင့် အိန္ဒိယ အရံတပ်ရင်း များကြား တိုက်ပွဲ တချို့ ဖြစ်ပွားခဲ့ပြီး ရလဒ်အနေဖြင့် လက်နက်ကိုင်အဖွဲ့မှ ၅ ဦး ထက်မနည်း သေဆုံး သွားခဲ့သည်။ တခြား တိုက်ခိုက်မှု တစ်ခုတွင်လည်း လက်နက်ကိုင်အဖွဲ့မှ ၄ ဦး ကျဆုံးခဲ့သည်။ မေလ ၆ရက်နေ့ ရောက်လာသော အခါ အခြေအနေသည် နည်းနည်း တည်ငြိမ်လာ ခဲ့သည်။ သတင်းသမား (ဂျာနယ်လစ်) တစ်ဦး ဖြစ်သူ Lianzacin ၏ ပြောဆိုရေးသား ချက်များ အရ ဘုရားကျောင်း ၂၇ ခု သည် အဓိကရုဏ်း ကာလ အတွင်း မီးရှို့ ဖျက်ဆီးခြင်း ခံခဲ့ရသည် ဟု ဆိုခဲ့သည်။ ပြည်နယ်အစိုးရ၏ မေလ ၉ ရက်နေ့ ထုတ်ပြန်ချက်များ အရ သေဆုံးသူ ၆၀ ကျော် ရှိလာခဲ့သည်။ မေလ ၁၀ ရက်နေ့တွင် အခြေအနေသည် အတော်လေး တည်ငြိမ်လာခဲ့ပြီး တချို့နေရာများတွင်လည်း ကာဖြူး အမိန့်ကို ရုပ်သိမ်းလိုက်သည်။ ကြားထဲတွင် အင်ဖာလွင်ပြင် အရှေ့ပိုင်း ခရိုင်တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့ တစ်ခုက အိန္ဒိယ တပ်မတော်မှ တပ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား တစ်ဦး ဒဏ်ရာ ရှိခဲ့သည်။
မေလ ၁၂ ရက်နေ့တွင် ကူကီး လက်နက်ကိုင် အဖွဲ့ဟု ယူဆရသည့် (သံသယ) အဖွဲ့တစ်ခုသည် ရဲတပ်ဖွဲ့ကို Bishupu ခရိုင်တွင် ခြုံခို တိုက်ခိုက်ခဲ့ရာ ရဲအရာရှိတစ်ဦး သေဆုံးခဲ့ပြီး အခြားငါးယောက် ဒဏ်ရာရရှိခဲ့သည်။ တခြား အဖြစ်အပျက် တစ်ခုတွင် စစ်သား တစ်ဦး ထိုးသတ်ခံရပြီး ကသည်း(Meitei) လူမျိုး သုံးယောက်လည်း Churachanpur ခရိုင်၊ Turbung တွင် ပြန်ပေးဆွဲ ခံခဲ့ရသည်။ နောက်တနေ့တွင် မဏိပူရပြည်နယ် အစိုးရ၏ လုံခြုံရေး အကြံပေး Kuldeep Singh သည် အကြမ်းဖက်မှုကြောင့် သေဆုံးသည့် အရေအတွက်သည် ၇၀ ကျော်သွားပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းစာရင်းထဲတွင် Churachanpur ခရိုင်တွင် တွေ့ရှိခဲ့ရသည့် ကားထဲတွင် သေဆုံးရသည့် အကြောင်းရင်း မသိရှိရသေးသည့် ပြည်သူ့ အလုပ်သမား ဌာနမှ အလုပ်သမား သုံးဦးလည်း အပါအဝင်ဖြစ်သည်။ ယင်းမှ ဆက်လက်ပြောကြားခဲ့ရာတွင် ကယ်ဆယ်ရေး စခန်းတွင် နေထိုင်နေရသော လူပေါင်း ၄၅၀၀၀ ခန့်ကို ဘေးလွှတ်ရာ တခြားဒေသများသို့ နေရာချပေးခဲ့ပြီဟု ဆိုခဲ့သည်။
မေလ ၁၄ ရက်နေ့တွင် Torbung ဒေသ၌ အကြမ်းဖက်မှု အသစ်များ ဖြစ်ပေါ်နေပြီး အမည်မသိရသည့် အဖွဲ့တစ်ခု မှ နေအိမ်များ၊ ကားများ အပါအဝင် အများ ပြည်သူ၏ ပိုင်ဆိုင်မှုများကို မီးရှို့ ဖျက်ဆီးခဲ့သည်။ နယ်စပ်လုံခြုံရေးတပ်ရင်းမှ တပ်ခွဲ ၅ ခုကို ယင်းဒေသ သို့ဆောင် နေရာချခဲ့ရသည်။ တခြား အဖြစ်အပျက် တစခုတွင် အာသံရိုင်ဖယ် တပ်သား နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။ ယင်းနေ့မှာပင် ပြည်နယ်ဝန်ကြီးချုပ် Biren Singh ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး Amit Shah နှင့် ပြည်နယ်၏ အခြေအနေများ ဆွေးနွေးရန် နယူဒေလီမြို့သို့ ထွက်ခွာခဲ့သည်။ တရားဝင် ကြေငြာချက်များအရ အဓိကရုဏ်း အတွင်း ထိခိုက်နစ်နာသေဆုံးမှုနှင့် ပိုင်ဆိုင်မှု ပစ္စည်း ဥစ္စာ ပျက်စီးမှုစာရင်းသည် ယခု အချိန်တွင် သေဆုံးသူ ၇၃ ဦး၊ ဒဏ်ရာရရှိသူ ၂၄၃ ဦး၊ မီးလောင် ပျက်စီးသည့် နေအိမ် ၁၈၀၉ လုံး၊ ဒေသအတွင် ရွေ့ပြောင်းခဲ့ရသူ ၄၆၁၄၅ ဦး၊ ကယ်ဆယ်ရေး စခန်း ၁၇၈ နေရာတင် ခိုလှုံသူ ၂၆၃၅၈ ဦး၊ လုံခြုံရေး အစောင့်အကြပ်ဖြင့် လေကြောင်းနှင့် ကယ်ဆယ်ခဲ့ရသူ ၃၁၂၄ဦး ရှိခဲ့ပြီး အာဏာပိုင်များထံ တိုင်တန်းခဲ့သည် အမှုပေါင်း ၃၈၅ ခု ရှိခဲ့သည်။
အင်တာနက် ဖြတ်တောက်မှုနှင့် ကာဖျူး အမိန့်တို့သည် မေလ ၁၆ ရက်နေ့ထိ ရှိနေဆဲ ဖြစ်သည်။ စားသောက်ကုန် ပစ္စည်းများ လုံလောက်မှု မရှိတော့ကြောင်း တင်ပြမှုများ ရှိလာပြီး ဈေးဆိုင်များ၊ ကျောင်းများ နှင့် ရုံးများ ပိတ်ထားရကာ ထောင်ပေါင်းများစွာသော လူတို့သည် ဒုက္ခသည် စခန်းများတွင် တန်းစီနေရသည်။ ရုံးပိတ်ရက်များ ဖြစ်သည့် စနေ၊ တနင်္ဂနွေ နေ့များတွင် ဖြစ်ပွားသော အကြမ်းဖက်မှု အသစ်များသည် နေရပ်စွန့်ခွာခြင်းကို ဆက်လက် များပြားစေခဲ့သည်။ မေလ ၁၇ ရက်နေ့တွင် အင်တာနက် ဖြတ်တောက်မှုကို ၅ ရက် ထပ်မံ တိုးမြှင့် လိုက်သည်။ ယင်းနေ့တွင်ပင် စစ်တပ်များသည် Bungbal Khullen ရှိ ကျေးရွာများ၌ ပေါက်ကွဲတတ်သည့် ပစ္စည်းများ နှင့် အဝေးထိန်း စနစ်ပါ လက်လုပ်ဗုံးများ ရှာဖွေသိမ်းဆည်း ထားခြင်း အားဖြင့် အကြမ်းဖက်မှု ထပ်မံ ပြုလုပ်မည့် အစီအစဉ်ကို တားဆီးနိုင်ခဲ့သည်။ မေ ၂၉ ရက်နေ့တွင် အကြမ်းဖက်မှုများ ထပ်မံ ဖြစ်ပွားခဲ့ပြီး ရဲတစ်ဉီး အပါအဝင် အနည်းဆုံး လူ ၅ ဦး သတ်ဖြစ်ခံခဲ့ရသည်။
၂.၃။ ကသည်း (Meitei)အစွန်းရောက် အဖွဲ့အစည်းများ
များစွာသော သက်သေများ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် ကူကီးဆန့်ကျင်ရေး အကြမ်းဖက်မှု ဖြစ်ပွားစေခဲ့သည်မှာ ကသည်း (Meitei) အစွန်းရောက် အဖွဲ့အစည်း နှစ်ခုဖြစ်သည့် Arambai Tenggol နှင့် Meitei Leepun များကြောင့် ဖြစ်သည်ဟု ဆိုကြသည်။ တပ်မတော်အရာရှိ တစ်ဦးသည် ယင်း အဖွဲ့အစည်းများကို ခိုင်းနှိုင်းရာတွင် အိန္ဒိယ နိုင်ငံအတွင် တခြား နေရာ၌ ဖြစ်ပျက်ခဲ့ဖူးသော Ram Navami ပိုင်ဆိုင်မှု အဓိကရုဏ်း နောက်ကွယ်ရှိ Hindutva အဖွဲ့အစည်းနှင့် တူသည်ဟု ဆိုပြီး မီးရှို့ ခံရသည့် နေအိမ်များ၊ စီးပွားရေးဆိုင်ရာ အဆောင်အဉီးများ နှင့် ဘုရားကျောင်းများ ပြန်လည် တည်ဆောက်ရေး အတွက် တာဝန်ရှိသည်ဟု မှတ်ချက်ပြုခဲ့သည်။ ယင်းအဖွဲ့အစည်းများသည် ပြည်နယ် အစိုးရ၏ ထောက်ပံ့မှုကို ရယူပြီး ကူကီးမျိုးနွယ်စုဝင် များ၏ နေအိမ်များကို ခွဲခြား သတ်မှတ်နိုင်ရန် အတွက် အနီရောင်ဆေးများ ဖြင့် ကြိုတင် မှတ်သားထားခဲ့ကြောင်း ယင်း အရာရှိမှ ဆက်လက်ပြောကြား ခဲ့သည်။
ယင်းအုပ်စု တို့သည် လွန်ခဲ့သည့် ၂ နှစ် ၃ နှစ် ခန့်က ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် Biren Singh နှင့် ပါလီမန် လွှတ်တော်အမတ် Leishemba SanaJaoba တို့နှင့် ချိတ်ဆက်မှု ရှိသည်ဟု ဆိုခဲ့ကြသည်။ မေလ ၂၆ ရက်နေ့တွင် Arambai Tenggol အဖွဲ့အစည်းသည် “ယခု အဖြစ်အပျက်သည် သူဟာနဲ့သူ မှေးမြိန် ပျောက်ကွယ်သွားမည် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်း အနည်းငယ် အတွင်း မလိုလားအပ်သည့် ဖြစ်ပေါ်တိုးတက်မှုများ အပေါ် ပြောင်မြောက်သည့် စွမ်းဆောင်နိုင်မှုများ အတွက် ချီးကျူး ပါကြောင်း” ကြေငြာချက် ထုတ်ပြန်ခဲ့သည်။ အစိုးရထံသို့ လက်နက်ချပြီး ဖြစ်သော လွင်ပြင်ဒေသ အခြေပြု သောင်းကြမ်းသူများ အုပ်စု (VBIGs) ၏ လက်နက်ကိုင် တပ်ဖွဲ့များသည် ယခုတွင် Arambai Tenggol အလံအောက်မှ နေ၍ စစ်ဆင်ရေးများ ပြုလုပ်ခဲ့ပြီး မေလ ၂၈ ရက်နေ့တွင် အာသံရိုင်ဖယ် တပ်စု တစ်ခု နှင့် အပြင်းအထန် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
၃။ တုန့်ပြန်မှုများ
မဏိပူရ ပြည်နယ်ဝန်ကြီးချုပ် N. Biren Singh သည် အဓိကရုဏ်းသည် အသိုင်းအဝိုင်း နှစ်ခုကြား နားလည်မှု လွှဲမှားခြင်းများ ပြန့်နှံ့ရာမှ လှုံ့ဆော်လိုက်ခြင်း ဖြစ်ပြီး ပုံမှန် အနေအထားကို ပြန်လည် ထိန်းသိမ်းနိုင်ရန် အနူးအညွှတ် တောင်းပန်ကြောင်း ပန်ကြားခဲ့သည်။
ပါလီမန် လွှတ်တော်အမတ် Sashi Tharoor သည် ‘President’s Rule’ ဖြင့် အုပ်ချုပ်ရန် တောင်းဆိုပြီး၊ BJP ဦးဆောင်သည့် အစိုးရသည် ပြည်နယ်ကို အုပ်ချုပ်ရာတွင် နိုင်နင်းမှု မရှိတော့ကြောင်း ရှုတ်ချ ပြောဆိုခဲ့သည်။ (President’s Rule သည် အိနိ္ဒယ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်နယ်အစိုးရ မှ လုံခြုံရေး ဆိုင်ရာ အခြေအနေ တစ်ခုခုကြောင့် ဒေသကို အုပ်ချုပ်ရန် နိုင်နင်းခြင်း မရှိတော့သည့် အတွက် ဗဟိုအစိုးရမှ တိုက်ရိုက် အုပ်ချုပ် စီမံခြင်းကို အချုပ်အားဖြင့် ဆိုလိုခြင်း ဖြစ်သည်။ စကားချပ်)
ဘင်္ဂလား Metro Politan Archbishop ဖြစ်သော Peter Machado သည် ခရစ်ယာန် အသိုင်းအဝိုင်းကို လုံခြုံမှုမရှိဟု ခံစားအောင် ပြုလုပ်သည့် အပေါ် သတိထားမိကြောင်း ဖော်ပြခဲ့ပြီး “ဘုရားကျောင်း ၁၇ ခုသည် မင်းမဲ့ စရိုက်ဆန်စွာ ဖျက်ဆီးခြင်း၊ မလေးစား မထေမဲ့မြင်ပြုခြင်း နှင့် ဂုဏ်အသရေ နူးနွမ်းအောင် ပြုလုပ်ခြင်း ခံရသည်ဟု ဆက်လက် ပြောဆိုခဲ့သည်။
မဏိပူရ ပြည်နယ်ဖွား အိုလံပစ် ရွှေတံဆိပ် ဆုရှင် Mary Kom သည် မိမိ၏ မိခင်ပြည်နယ်အတွက် အကူအညီ ရှာဖွေပေးကြဖို့ အနူးအညွတ် တောင်းပန်ကြောင်း တွစ်တာတွင် တင်ခဲ့သည်။
BJP ပါတီမှ ပြည်နယ် လွှတ်တော်အမတ် တစ်ဦး ဖြစ်သူ Dinganglung Gangmei သည် ပြည်နယ် တရားရုံးချုပ်၏ ပြည်နယ် အစိုးရ အပေါ် ကသည်း (Meitei) လူမျိုးများကို အသိအမှတ်ပြုခံ မျိုးနွယ်စု (ST) စာရင်းတွင် ထည့်သွင်းရန် ထောက်ခံချက်ပေးမှု အား ဆန့်ကျင် ကန့်ကွက်ကြောင်း ပြည်ထောင်စု တရားရုံးချုပ်တွင် အသနားလွှာ တင်ခဲ့သည်။
၂၀၂၃ ခုနှစ် မေလ ၁၂ ရက်နေ့တွင် BJP ပါတီဝင် ပြည်နယ်လွှတ်တော်အမတ် ၈ ဦး အပါအဝင် ကူကီး ပြည်နယ် လွှတ်တော်အမတ် ၁၀ဦး တို့သည် မျိုးနွယ်စုများ ထိပ်တိုက်တွေ့သည့် အကြမ်းဖက်မှုများ ထွက်ပေါ်လာမှုကြောင့် အန္ဒိယ အခြေခံဥပဒေအောက်မှ နေ၍ သူတို့၏ လူမှုအသိုင်းအဝိုင်းကို စီမံအုပ်ချုပ်မည့် သီးသန့် အဖွဲ့အစည်း တစ်ခု ပြုလုပ် ဖန်တီးပေးရန် ကြေငြာချက် တစ်ခု ထုတ်ပြန်ခဲ့သည်။ သူတို့ ထပ်မံ ဖော်ပြခဲ့သည်မှာ အကြမ်းဖက်မှု သည် BJP ပါတီ ခေါင်းဆောင်သော ပြည်နယ်အစိုးရမှ ထောက်ပံ့နေသည်မှာ ပြောစရာ မလိုလောက်အောင် ရှင်းလင်းပြီး ဖြစ်ကြောင်း ပဋိပက္ခလွန်ကာလ၌ ကသည်း (Meitei) အများစု လွှမ်းမိုးသော အုပ်ချုပ်ရေး အောက်တွင် နေထိုင်ခြင်းသည် မိမိတို့ အသိုင်းအဝိုင်း အတွက် သေတာမှ ကောင်းအုံးမည် ဖြစ်ကြောင်း စသည်များ ပါဝင်ခဲ့သည်။
နယူဒေလီရှိ မဏိပူရရှိ တိုင်ရားသား ကျောင်းသား အဖွဲ့အစည်း ၅ ခုမှ ကသည်း (Meitei) အစွန်းရောက်အဖွဲ့အစည်းများ ဖြစ်သည့် Arambai Tenggol နှင့် Meitei Leepun တို့၏ အကြမ်းဖက်မှု အတွင်း ပါဝင် ပတ်သက်သည့် သက်သေ အထောက်အထားများ ဖော်ထုတ်ပေးရန် တောင်းဆိုခဲ့သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Volker Turk သည် သူ၏ ကြေငြာချက်တွင် မဏိပူရ အကြမ်းဖက်မှုသည် “ တိုင်းရင်းသား လူမျိုးများ နှင့် ဌာနေ တိုင်းရင်းသားများ အကြား ငုပ်နေသော တင်းမာမှုများ ပွင့်ထွက်ပေါက်ကွဲခြင်း” ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ အာဏာပိုင်များကိုလည်း “အခြေအနေကို အမြန်တုန့်ပြန် ရန်၊ နိုင်ငံတကာ လူ့အခွင့်အရေး စည်းမျဉ်းများ နှင့်အညီ အကြမ်းဖက်မှု ဖြစ်ပေါ်ရသည့် အကြောင်းရင်းကို စုံစမ်း စစ်ဆေးရန် နှင့် ရင်ဆိုင်ကိုင်တွယ်ရန်” တိုက်တွန်းလိုက်သည်။
မေလ ၂၉ ရက်နေ့တွင် နယူးဒေလီ ရှိ Jantar Mantar တွင် ရာပေါင်းများစွာသော Hmar, Kuki, Mizo နှင့် Zomi မျိုးနွယ်စုမှ အမျိုးသမီးများသည် ဆန္ဒပြကြြပီး ဗဟိုအစိုးရမှ မဏိပူရ ပြည်နယ်အတွင်းရှိ ဒေသတွင်း တင်းမာမှုများ အဆုံးသတ်နိုင်ရေး အတွက် ကြားဝင် ဆောင်ရွက်ပေးရန် တောင်းဆိုကြသည်။ အမျိုးသမီး များသည် နိုင်ငံတော်အလံများကို ဝှေ့ယမ်းကြပြီး သူတို့ကို သူတို့ အိန္ဒိယ နိုင်ငံသား ဖြစ်ကြောင်း၊ ရွေ့ပြောင်း နေထိုင်သူများ မဟုတ်ကြောင်း၊ အရံသစ်တောမြေ အတွင်း နေထိုင်ကြသော ကူကီးရွာသားများကို နှင်ထုတ်ခြင်းဖြင့် တင်းမာမှု ဖြစ်ပေါ်အောင် ပြည်နယ် အစိုးရမှ မွှေနှောက်ခဲ့သည်ကို ပြစ်တင် ရှုတ်ချကြောင်း များပါသည့် ပိုစတာများ ကိုင်ဆောင်ကြသည်။
![](https://chinworld.org/wp-content/uploads/2025/01/Nearly-10-000-soldiers-from-the-army-and-the-Assam_1683792982545-1024x576.avif)