
မတ်လ ၂၄ ရက်။
တီးတိန်ခရိုင်အတွင်း အခြေပြု စစ်ရေးလှုပ်ရှားတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း တခုဖြစ်တဲ့ Zomi Federal Union (ZFU)/ PDF-Zoland က ဇိုဂမ် (Zogam) နယ်မြေအတွင်းရှိ အရွယ်ရောက်ပြီးသူတိုင်း အနည်းဆုံး (၃) နှစ် မဖြစ်မနေ စစ်မှုထမ်းရမည်လို့ မတ်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပြီးနောက်၊ တီးတိန်မြို့နယ် လိုင်တွီး (Laaitui) ကျေးရွာအတွင်း ဝင်ရောက်ကာ လူငယ် (၁၀) ဦးကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
“မတ်လ (၂၃) ရက်နေ့မှာ PDF-Zoland တပ်ဖွဲ့ဝင်တွေ လိုင်တွီးရွာ ကို ရောက်လာပြီး ပြန်လှည့်ကြတယ်။ ဒီနေ့ မတ်လ (၂၄) ရက် နံနက်ပိုင်းမှာ Forland ကားတစ်စီး နဲ့ ထပ်မံရောက်ရှိလာကြတယ်။ ကျေးရွာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်။ PDF-Zoland ဘက်မှ တပ်ဖွဲ့အတွက် အင်အားလိုအပ်သဖြင့် ရွာမှလူငယ်များကို ရွေးချယ်ပေးရန် စေခိုင်းခဲ့တယ်။ ရွာလူကြီးတွေက အတင်းအဓမ္မ ရွေးချယ်ပေးနိုင်ခြင်း မရှိဘူး လို့ ပြန်ပြော ကြတယ်။ မိမိဆန္ဒအလျောက် အသက်ပေးလိုသူများရှိပါက သူတို့ ဘာသာ လာရောက်ပူးပေါင်းလိမ့်မယ် လို့ ပြန်ပြောကြတယ်။ အဲလိုနဲ့ PDF-Zoland တပ်ဖွဲ့ဝင်တွေက ရွာထဲ ကနေ ဖမ်းဆီး နိုင်တဲ့ လူငယ်တွေကို ဖမ်းဆီး ခေါ်ဆောင်သွားကြတယ်” လို့ ရွာသား တစ်ဦး ထံမှ သိရှိခဲ့ရပါတယ်။
လက်ရှိအချိန်ထိ ဒေသခံများထံမှ သိရှိရတဲ့ အချက်အလက်များ အရ လိုင်တွီး ရွာသား လူငယ် ၁၂ ဦး နှင့် မွီဇောလ် ရွာသား ၃ ဦး ကို PDF-Zoland မှ ဖမ်းဆီးပြီး Lentaang ဘက်ကို ခေါ်ဆောင်သွားကြောင်း၊ လိုင်တွီးရွာရှိ လူငယ် အများအပြားဟာ PDF-Zoland များ ထပ်မံ ရောက်ရှိလာပြီး ဖမ်းဆီးသွားမည်ကို စိုးရိမ်နေကြသည့် အတွက် တိမ်းရှောင်နေကြကြောင်း ဒေသခံများ ထံမှ ဆက်လက် သိရှိခဲ့ရ ပါတယ်။
ZFU ဘက်ကနေ ထုတ်ပြန်တဲ့ ပူးပေါင်း ပါဝင်ကြရန် နှိုးဆော်သည့် စာတမ်းမှာတော့ နွေဦးတော်လှန်ရေးနှင့်အတူ ဇိုမီးလူမျိုးနှင့် ဇိုဂမ်ပြည်နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်းလာခဲ့သည်မှာ ယခုအခါ ၅ နှစ် တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ မျိုးဆက်သစ်များ၏ အနာဂတ်နှင့် ငြိမ်းချမ်းရေးအတွက် ဇိုဂမ်နယ်မြေအတွင်းရှိ အရွယ်ရောက်ပြီးသူ (ကျား/မ မရွေး) တိုင်းရင်းသားတိုင်းသည် အနည်းဆုံး (၃) နှစ်ခန့် တာဝန်ထမ်းဆောင်ရန် လိုအပ်ကြောင်း၊ ပြည်တွင်းရှိသူများ သာမက ပြည်ပရောက် ဇိုမီးအမျိုးသားများအားလုံးကလည်း မိမိတို့ တတ်နိုင်သည့် နည်းလမ်းတစ်ခုခုဖြင့် အမျိုးသားရေးတာဝန်တွင် မပျက်မကွက် ပါဝင်ကူညီကြရန် တိုက်တွန်းပါကြောင်း စသည့် အချက်များ ပါရှိပါတယ်။
ZFU/PDF-Zoland တပ်ဖွဲ့မှ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ တီးတိန်မြို့နယ်ဘိန်းခင်းတွေကနေ ဖမ်းဆီးထားတဲ့ အလုပ်သမား ၂၀၀ ကျော်ကို ပြည်သူ စစ်မှုထမ်းကောင်း ဖြစ်သည် အထိ ပြုစု ပျိုးထောင်သွားမယ်လို့ ဖေဖော်ဝါရီလ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

