
မတ်လ ၃၁ ရက်
စစ်ကော်မရှင်က အစိုးရဖွဲ့နိုင်ဖို့အတွက် သမ္မတလောင်းစာရင်း တင်သွင်းတဲ့နေ့မှာပဲ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Union – SCEF) ကို တရားဝင်ဖွဲ့စည်းလိုက်ကြောင်းနဲ့ အသွင်ကူးပြောင်းရေးကာလ အစီအမံတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ တော်လှန်ရေးအရှိန်မြှင့်တင်သွားမယ်လို့ မတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒီကောင်စီကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (EROs) ၄ ဖွဲ့ရဲ့ ကိုယ်စားပြုမဏ္ဍိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ပါဝင်တဲ့ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်တို့နဲ့ အခြေခံပြီး တရားဝင်ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။
“ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” (Steering Council for the Emergence of a Federal Democratic Union – SCEF) မိတ်ဆက်ပွဲတွင် ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ Pu Zing Cung က “SCEF ဖွဲ့စည်းခြင်းဟာ လွတ်လပ်ရေးနဲ့အတူ ထွက်ပေါ်လာတဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကနေ ဒီကနေ့အထိ ဖြစ်ပွားနေတဲ့ အာဏာရှင်စနစ်တိုက်ဖျက်ရေး တိုက်ပွဲစဉ်ကာလများထဲက အဓိပ္ပာယ်အရှိဆုံးနဲ့ အချိန်အခါရဲ့ လိုအပ်ချက်အရ ထွက်ပေါ်လာတဲ့ ဖွဲ့စည်းမှုတစ်ခု ဖြစ်ပါတယ်။” လို့ ပြောပါတယ်။
SCEF အနေနဲ့ စစ်အာဏာရှင်စနစ်အပါအဝင် ဘယ်လိုအာဏာရှင်စနစ်မျိုးကိုမဆို အမြစ်ပြတ်ဖယ်ရှားဖို့အတွက် ခိုင်မာတဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို ချမှတ်ထားပြီး အဲဒီရည်မှန်းချက်တွေထဲမှာ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်နေမှုကို အပြီးတိုင်အဆုံးသတ်ဖို့နဲ့ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့ စီမံခန့်ခွဲမှုအောက်မှာ အပြည့်အဝရှိစေဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းဖို့ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
ဒါ့အပြင် သက်ဆိုင်သူအားလုံး လက်ခံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ရေးဆွဲပြဋ္ဌာန်းပြီး ပြည်ထောင်စုသစ် တည်ဆောက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
“ဦးဆောင်ကောင်စီရဲ့ နိုင်ငံရေးတည်ချက်တစ်ခုကတော့ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကိုအသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ရေး” ပဲ ဖြစ်ပါတယ်” လို့ Pu Zing Cung ကပြောပါတယ်။
လုပ်ငန်းစဉ်တွေ ဆောင်ရွက်တဲ့နေရာမှာလည်း အချုပ်အခြာအာဏာဟာ ပြည်သူလူထုထံမှာသာ ရှိတာကြောင့် ဖက်ဒရယ်နဲ့ ပြည်နယ်ယူနစ်တွေကြား “မျှဝေသုံးစွဲသော အချုပ်အခြာအာဏာ (Shared Sovereignty)” မူကို ကိုင်စွဲသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးအင်အားစုအသီးသီးရဲ့ ခေါင်းဆောင်မှုနဲ့ သဘောထားအမြင်တွေ ပါဝင်တဲ့ “စုပေါင်းခေါင်းဆောင်မှု (Collective Leadership)” စနစ်ကို ကျင့်သုံးသွားမှာဖြစ်သလို “မူဝါဒတစ်ရပ်တည်း၊ မဟာဗျူဟာတစ်ရပ်တည်း (one policy, one strategy)” မူနဲ့ စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးကဏ္ဍတွေကို ဟန်ချက်ညီညီ ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိရေးနဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု လုပ်ငန်းစဉ်တွေကိုလည်း ဖော်ဆောင်သွားဖို့ ရှိနေပါတယ်။ တော်လှန်ရေးအောင်ပွဲကို အမြန်ဆုံးရယူနိုင်ဖို့အတွက် လက်ရှိတော်လှန်ရေးကို တစ်ဆင့်တက်ပြီး အင်အားစုအားလုံးနဲ့ စုစည်းညီညွတ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ SCEF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

