Headlines

ဟားခါးတွင် လူငယ် ၃ ဦးအား စစ်ကော်မရှင်က ဖမ်းဆီးသတ်ဖြတ်ပြီး လက်နက်ကိုင်များအဖြစ် အကွက်ဆင်ခဲ့မှုအပေါ် CDF-Hakha ပြင်းထန်စွာ ရှုတ်ချ

မတ်လ ၂၉ ရက်။

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့တွင် မိသားစုကိစ္စဖြင့် မြို့ပြင်ထွက်လာသည့် ဒေသခံလူငယ် ၃ ဦးကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီးနောက် မည်သည့်တရားဥပဒေနှင့်မျှ ညီညွတ်ခြင်းမရှိဘဲ လူမဆန်စွာ ရိုက်နှက်နှိပ်စက်သတ်ဖြတ်ခဲ့သည့် လုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ဟားခါးမြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ Chinland Defense Force – Hakha (CDF-Hakha) က မတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ဖမ်းဆီးထားသူများကို နှိပ်စက်သတ်ဖြတ်ခဲ့ပြီးနောက် သေဆုံးသူများ၏ ရုပ်အလောင်းဘေးတွင် ရိုင်ဖယ်သေနတ်ကို တမင်တကာ အကွက်ဆင်ချထားကာ ဓာတ်ပုံရိုက်၍ ဆိုရှယ်မီဒီယာပေါ် တင်ခဲ့ကြပြီး၊ ၎င်းတို့ကို အတုအယောင် လက်နက်ကိုင်များအဖြစ် ဖန်တီးရန် ကြိုးပမ်းသည့် ယုတ်မာသော လိမ်လည်လှည့်ဖြားမှုဖြစ်ကြောင်း CDF-Hakha က ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။

အဆိုပါဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့က ဟားခါးမြို့သစ်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၀ ဝန်းကျင်အရွယ် အိမ်ထောင်သည်လူငယ် ၃ ဦးဖြစ်သော ဦးထောင်ဗန်၊ ဦးဒေါဒ့်လှေဆန်းနှင့် ၎င်းတို့၏ မိတ်ဆွေတစ်ဦးတို့သည် လေသေနတ်အတွက် စကုတ် (Scope) တစ်လုံးပါရှိပြီး မိသားစုကိစ္စဖြင့် မြို့ပြင်သို့ ထွက်လာစဉ် GTI ကျောင်းအောက်ရှိ စစ်ကော်မရှင်၏ လွှတ်တော်ဥက္ကဋ္ဌသစ် ဦးကောလ်လျန်ထန်း၏ အိမ်ဘေးတွင် အလစ်အငိုက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပါတယ်။

မိသားစုဝင်များနှင့် ဘာသာရေးခေါင်းဆောင်များက ဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးရန် စစ်ကော်မရှင်ထံ သွားရောက်တောင်းဆိုခဲ့သော်လည်း စစ်တပ်ဘက်က နှိပ်စက်သတ်ဖြတ်ပြီးသားဖြစ်နေကာ မတ်လ ၂၈ ရက်နေ့မှသာ မိသားစုထံ အသိပေးခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိအချိန်အထိ ရုပ်အလောင်းများကို ပြန်လည်ပေးအပ်ခြင်း မရှိသေးဘဲ မြေမြှုပ်ထားပြီးဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုပါတယ်။

ဟားခါးမြို့မှ ဘာသာရေးဝန်ထမ်းတစ်ဦးက “မြို့တွင်းမှာလည်း စစ်ကော်မရှင်ဘက်က လုံခြုံရေးအပြည့်ဖြင့် လူငယ်များကို စောင့်ကြည့်နေသလို တစ်ဖက်မှာလည်း ဒေသကာကွယ်ရေးတပ်များက အရပ်ဝတ်များဖြင့် ဝင်ထွက်သွားလာနေမှုများရှိနေတာကြောင့် ဘယ်အချိန် ဘယ်နေရာမှာ ထပ်ပြီး ပစ်ခတ်မှုတွေ ဖြစ်မလဲဆိုတာကို အမြဲသတိထားပြီး သွားလာနေရတယ်” လို့ မြို့ခံတွေရဲ့ စိုးရိမ်မှုကို ပြောပါတယ်။

ဟားခါးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ပြည်သူများကို မတရားနှောက်ယှက် ငွေညစ်ခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိပြီး၊ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ကလည်း ပြည်တော်သာရပ်ကွက်တွင် ငွေညစ်နေသည့် ရဲတပ်ဖွဲ့ဝင်များကို CDF-Hakha က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *