Headlines

မြန်မာစစ်တပ်၏ ခရစ်ယာန်များအပေါ် ကျူးလွန်မှုများအား စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ရန် BRI က အမေရိကန်အစိုးရကို တိုက်တွန်း

မတ်လ ၂၉ ရက်။

မြန်မာစစ်တပ်က ခရစ်ယာန်ဘာသာဝင်တွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ မြောက်တယ်လို့ အမေရိကန်အစိုးရအနေနဲ့ သတ်မှတ်ပေးဖို့ မြန်မာသုတေသနဌာန (Burma Research Institute – BRI) က ထရမ့်အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

မတ်လ ၂၅ ရက်နေ့ က ဝါရှင်တန်ဒီစီရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ BRI ကိုယ်စားလှယ်အဖွဲ့ဟာ ကမ္ဘာလုံးဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အဓိကအကြံပေးပုဂ္ဂိုလ် မာ့ခ်ဝေါ်ကာ (Mark Walker) နဲ့ တွေ့ဆုံစဉ် အခုလို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

အဆိုပါတွေ့ဆုံမှုမှာ BRI က ဇန်နဝါရီလအတွင်း ထုတ်ပြန်ထားတဲ့ မြန်မာနိုင်ငံက ခရစ်ယာန်တွေအပေါ် ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှု အစီရင်ခံစာပါ အကြံပြုချက် ၁၀ ချက်ကို တင်ပြခဲ့ပြီး၊ မြန်မာနိုင်ငံကို အထူးစိုးရိမ်ရတဲ့နိုင်ငံ (CPC) အဖြစ် ပြန်လည်သတ်မှတ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံရေး၊ ဘာသာရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ စစ်ကော်မရှင်ကို ဖိအားပေးရန် တောင်းဆိုခဲ့ကြပါတယ်။

မြန်မာသုတေသနဌာန (BRI) ဥက္ကဋ္ဌနဲ့ စီအီးအို Zo Tum Hmung က “မြန်မာနိုင်ငံမှာ ခရစ်ယာန်တွေအပေါ် နှိပ်စက်ညှဉ်းပန်းမှုတွေ ရပ်တန့်ဖို့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ပေးဖို့ တိုက်တွန်းဖို့အတွက် ဒီအစီရင်ခံစာကို ကျွန်တော်တို့ ရေးသားခဲ့တာဖြစ်ပါတယ်။ အဓိကအကြံပေးပုဂ္ဂိုလ် မာ့ခ်ဝေါ်ကာဟာ ကျွန်တော်တို့ကို သေချာနားထောင်ပေးပြီး အလေးအနက်ထား ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံက နှိပ်စက်ခံနေရတဲ့ ခရစ်ယာန်တွေကို ကာကွယ်ဖို့ ကျွန်တော်တို့ရဲ့ အကြံပြုချက်တွေကို သူ အလေးအနက်ထား စဉ်းစားပေးလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၆ ခုနှစ် ဧပြီလမှာ စစ်ကော်မရှင်က အကောင်အထည်ဖော်မယ့် အတုအယောင် အရပ်သားအစိုးရအစီအစဉ်ကိုလည်း အမေရိကန်အနေနဲ့ အသိအမှတ်မပြုဖို့နဲ့ ထိတွေ့ဆက်ဆံမှုမလုပ်ဖို့ BRI က တိုက်တွန်းခဲ့ပါတယ်။

အဆိုပါတွေ့ဆုံမှုမှာ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) ထံ ပေးအပ်ဖို့ ခရစ်ယာန်နဲ့ ဘာသာပေါင်းစုံအဖွဲ့အစည်းတွေ လက်မှတ်ရေးထိုးထားတဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကိုလည်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၉၈ ခုနှစ် နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်အက်ဥပဒေအရ ၂၄ နှစ်ဆက်တိုက် အထူးစိုးရိမ်ရတဲ့နိုင်ငံအဖြစ် သတ်မှတ်ခံထားရပေမဲ့ ထိရောက်တဲ့ အမေရိကန်ရဲ့ အရေးယူဆောင်ရွက်မှုတွေ ပျက်ကွက်နေဆဲဖြစ်တယ်လို့ BRI က ထောက်ပြထားပါတယ်။

တွေ့ဆုံပွဲမှာပါ၀င်တက်ရောက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဦးမိုးဇော်ဦးကလည်း လက်ရှိစစ်အစိုးရဟာ အရပ်သားအစိုးရမဟုတ်ဘဲ အရင်ကအတိုင်း ရက်စက်တဲ့စစ်တပ်သာဖြစ်ကြောင်း အလေးပေးပြောဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *