
မတ်လ ၃၀ ရက်။
အိန္ဒိယ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က မကြာခင်က ဖမ်းဆီးလိုက်တဲ့ အမေရိကန်နိုင်ငံသားတစ်ဦးနဲ့ ယူကရိန်းနိုင်ငံသား ၆ ဦးဟာ အိန္ဒိယရဲ့ လုံခြုံရေးအတွက် ဘာခြိမ်းခြောက်မှုမှမရှိပဲ မြန်မာပြည်ထဲက လက်နက်ကိုင်တွေကို သင်တန်းပေးဖို့ အိန္ဒိယကိုဖြတ်ရခြင်းသာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး Amit Shah က မတ်လ (၂၉) ရက်နေ့က ရှင်းလင်းပြောကြားလိုက်ပါတယ် ။
အဲဒီအဖွဲ့ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို လမ်းကြောင်းအဖြစ် အသုံးပြုပြီး မြန်မာနိုင်ငံထဲက လက်နက်ကိုင် အခြေစိုက်စခန်းတွေမှာ “အကြမ်းဖက်” (Terrorist) သင်တန်းတက်ရောက်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ဝန်ကြီးရှားက “အကြမ်းဖက်” ဆိုတဲ့စကားလုံးကို အထူးပြု သုံးနှုန်းပြောကြားခဲ့ပါတယ်။
“သူတို့ဟာ မီဇိုရမ်ကနေတစ်ဆင့် မြန်မာနိုင်ငံထဲကို ဖြတ်ကျော်ဖို့ ပြင်ဆင်နေချိန်မှာ အဖမ်းခံခဲ့ရတာပါ။ အဲဒီမှာရှိတဲ့ လက်နက်ကိုင်စခန်းတွေကို ယူကရိန်းနိုင်ငံသားတွေအတွက် သင်တန်းပေးဖို့ အသုံးပြုမှာဖြစ်ပါတယ်။ သူတို့ဟာ မီဇိုရမ်ပြည်နယ်ထဲ ဝင်ရောက်ဖို့အတွက် နိုင်ငံခြားသားတွေ လိုအပ်တဲ့ ကြိုတင်ခွင့်ပြုမိန့် (Permit) ကိုလည်း ယူမထားကြပါဘူး” လို့ သူက ပြောပါတယ်။
ဒါဟာ အဲဒီအဖွဲ့ရဲ့ အဓိကဦးတည်ချက်က မြန်မာနိုင်ငံဖြစ်ပြီး အိန္ဒိယဟာ ဖြတ်သန်းသွားလာရာ လမ်းကြောင်းသက်သက်ပဲ ဖြစ်တယ်ဆိုတာကို ပထမဆုံးအကြိမ် တရားဝင် အတည်ပြုလိုက်တာပဲ ဖြစ်ပါတယ် ။
“အိန္ဒိယရဲ့ လုံခြုံရေးကို ဘာခြိမ်းခြောက်မှုမှ မဖြစ်စေခဲ့ပါဘူး။ မကောင်းတဲ့ လုပ်ရပ်တစ်ခုခုအတွက် အိန္ဒိယကိုလာတဲ့ ဘယ်နိုင်ငံခြားသားကိုမဆို ခွင့်လွှတ်မှာမဟုတ်ဘူးဆိုတာက ကျွန်တော်တို့ရဲ့ မူဝါဒပါပဲ” လို့ ဝန်ကြီးရှားက ဆက်ပြောပါတယ်။
လက်နက်ကိုင်ပုန်ကန်မှု (Naxalism) ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့ သတ်မှတ်ချက်ဟာ နိုင်တာ ရှုံးတာထက် တိုက်ခိုက်မှုတွေနဲ့ ဗုံးခွဲမှုတွေကို အဆုံးသတ်ဖို့အတွက်ဖြစ်တယ်လို့ ဝန်ကြီးရှားက ဆိုပါတယ် ။
ဝန်ကြီးချုပ် မိုဒီ လက်ထက်မှာ ဒီပုန်ကန်မှုတွေကို သိသိသာသာ ထိန်းချုပ်နိုင်ခဲ့သလို တီရူပါတီ-ပရှူပါတီနတ် (Tirupati-Pashupatinath) လမ်းကြောင်းတစ်လျှောက်က လူမျိုးစုဒေသတွေမှာလည်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ရောက်ရှိနေပြီဖြစ်တယ်လို့ သူက မှတ်ချက်ပြုခဲ့ပါတယ်။

