Headlines

မီဇိုရမ်ပြည်မှာ အမျိုးသားမွေးဖွားနှုန်း မြင့်မားသလို သေဆုံးမှုမှာလည်း အမျိုးသားများကပင် ထိပ်ဆုံးကရှိနေ

မတ်လ ၂၃ ရက်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် စီးပွားရေးနှင့် စာရင်းအင်းဌာနက ထုတ်ပြန်လိုက်တဲ့ အချက်အလက်တွေအရ အမျိုးသား (ယောက်ျားလေး) မွေးဖွားနှုန်းဟာ အမျိုးသမီးထက် အနည်းငယ် ပိုများနေပေမဲ့ သေဆုံးမှုနှုန်းမှာတော့ အမျိုးသားတွေက အမျိုးသမီးတွေထက် သိသိသာသာ ပိုမိုများပြားနေတယ်လို့သိရပါတယ်။

ပြည်နယ် စီးပွားရေးနှင့် စာရင်းအင်းဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ၂၀၂၅ ခုနှစ်အတွင်း ယောက်ျားလေး မွေးဖွားသူ ၁၁,၀၇၆ ဦးရှိပြီး မိန်းကလေး မွေးဖွားသူ ၁၀,၇၉၇ ဦး ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သေဆုံးမှုစာရင်းမှာတော့ ကျား၊ မ ကွာဟချက်ဟာ အတော်လေး သိသာနေတာကို တွေ့ရပါတယ်။

၂၀၂၅ ခုနှစ်အတွင်း စုစုပေါင်း သေဆုံးသူ ၈,၀၈၀ ရှိခဲ့ရာမှာ အမျိုးသား ၅,၁၈၃ ဦး သေဆုံးခဲ့ပြီး အမျိုးသမီးကတော့ ၂,၈၉၇ ဦးသာ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီလို အမျိုးသား သေဆုံးမှု ပိုမိုမြင့်မားတဲ့ အလားအလာဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ တစ်လတည်းအတွင်းမှာလည်း သေဆုံးသူ စုစုပေါင်း ၇၂၀ ရှိခဲ့ရာမှာ အမျိုးသား ၄၅၆ ဦး ပါဝင်ပြီး အမျိုးသမီးကတော့ ၂၆၄ ဦးသာ ရှိခဲ့ပါတယ်။ မွေးဖွားနှုန်းမှာတော့ အဆိုပါ ဇန်နဝါရီလအတွင်း မိန်းကလေး ၉၄၉ ဦးနဲ့ ယောက်ျားလေး ၈၉၆ ဦး မွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။

ခရိုင်အလိုက် ကြည့်မယ်ဆိုရင် Aizawl ခရိုင်မှာ မွေးဖွားသူ ၇၃၂ ဦးနဲ့ အများဆုံးဖြစ်ပြီး၊ Lunglei နဲ့ Lawngtlai ခရိုင်တွေက ဒုတိယနဲ့ တတိယ အသီးသီး ရှိနေပါတယ်။ အခုလို အမျိုးသား သေဆုံးမှုနှုန်း သိသိသာသာ မြင့်မားနေတဲ့ အချက်ဟာ ပြည်နယ်ရဲ့ လူဦးရေ ဖွဲ့စည်းပုံအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ အစီရင်ခံစာမှာထောက်ပြထားပါတယ်။

နောက်ဆုံးရရှိထားတဲ့ ဒေတာအချက်အလက်တွေအရ ၂၀၂၆ ခုနှစ်အတွင်း မီဇိုရမ်ပြည်နယ်ရဲ့ စုစုပေါင်းလူဦးရေဟာ ခန့်မှန်းခြေအားဖြင့် ၁.၂၇ သန်း (၁,၂၇၂,၆၃၅ ဦး) ခန့် ရှိလာတာကို တွေ့ရပါတယ်။ ကျား/မ အချိုးအစားအရ ကြည့်မယ်ဆိုရင် အမျိုးသားဦးရေဟာ ခန့်မှန်းခြေ ၆၄၅,၄၉၀ ဦး ခန့် ရှိနေပြီး၊ အမျိုးသမီးဦးရေကတော့ ခန့်မှန်းခြေ ၆၂၇,၁၄၅ ဦး ခန့် ရှိနေတာ ဖြစ်ပါတယ်။

Source: India Today

Leave a Reply

Your email address will not be published. Required fields are marked *