Headlines

မီဇိုရမ်ပြည်နယ်အတွင်း ခိုလှုံနေတဲ့ ဒုက္ခသည်တွေ တရားမဝင် ကုန်သွယ်မှုတွေမှာ မပတ်သက်ဖို့ ပြည်ထဲရေးဝန်ကြီး သတိပေး

မတ်လ ၄ ရက်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း ခိုလှုံနေထိုင်ကြတဲ့ ဒုက္ခသည်အချို့ဟာ တရားမဝင် စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတာကို တွေ့ရှိရပြီး၊ အချို့သူတွေကိုလည်း ပြင်းထန်တဲ့ ဥပဒေကြောင်းအရ အရေးယူထားတယ်လို့ ပြည်ထဲရေးဝန်ကြီး K Sapdanga က လက်ရှိပြုလုပ်တဲ့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ India Today Media က မတ်လ (၃) ရက်နေ့မှာဖော်ပြပါတယ်။

လက်ရှိကျင်းပနေတဲ့ ဘတ်ဂျက်အစည်းအဝေးအတွင်း ဝန်ကြီး Sapdanga က ပြန်လည်ဖြေကြားရာမှာ “အကြီးအကျယ် ဥပဒေချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အစိုးရဆီကို တရားဝင်အစီရင်ခံစာ တက်လာတာမျိုး မရှိသေးပေမဲ့၊ ဒုက္ခသည်အစုအဖွဲ့အချို့ဟာ ဥပဒေနဲ့မညီဘဲ အသေးစား စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတယ်ဆိုတဲ့ ခိုင်လုံတဲ့ သတင်းအချက်အလက်တွေ ရရှိထားတယ်”လို့ ဆိုပါတယ်။

အာဏာပိုင်တွေဘက်ကလည်း ဒီအမှုတွေကို တက်ကြွစွာ စုံစမ်းစစ်ဆေးနေပြီး၊ ကုန်စည်အမျိုးအစားပေါ် မူတည်ပြီး လူအတော်များများကို ရာဇဝတ်ကြောင်းအရ အရေးယူဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူမှု အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ မြန်မာနိုင်ငံက ဒုက္ခသည်ပေါင်း ၂၆,၃၈၁ ဦးကို စာရင်းသွင်းပြီးစီးပြီဖြစ်ကာ ၁,၉၇၄ ဦးကတော့ စာရင်းသွင်းဖို့ ကျန်ရှိနေသေးတယ်လို့ ဝန်ကြီးက ဆိုပါတယ်။

လက်ရှိ မီဇိုရမ်ပြည်နယ်ထဲမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ဒုက္ခသည် ၃၈,၀၀၀ ကျော်အပြင်၊ မဏိပူရပြည်နယ်ကနေ စစ်ဘေးရှောင်လာသူတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံသား အများစုဟာ မီဇိုလူမျိုးတွေနဲ့ မျိုးနွယ်စုချင်း တော်စပ်တဲ့ ချင်းလူမျိုးတွေ ဖြစ်ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်တွေကတော့ စစ်တကောင်းတောင်တန်းဒေသက ဖြစ်ပြီး၊ မဏိပူရက ကူကီး-ဇိုမီး-ဟားမား (Kuki-Zomi-Hmar) နွယ်ဖွားတွေကတော့ ၂၀၂၃ ခုနှစ် မေလမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးစုပဋိပက္ခတွေကြောင့် ရောက်ရှိလာကြတာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ သတ်မှတ်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေ ဒါမှမဟုတ် အခြေချနေထိုင်ရာ နေရာတွေ ဖော်ဆောင်ဖို့ ကမ်းလှမ်းထားပေမဲ့ အကောင်အထည်ဖော်ဖို့ ခက်ခဲနေတယ်လို့ ဝန်ကြီး Sapdanga က ပြောပါတယ်။

ဒုက္ခသည်တွေဟာ ပြည်နယ်အနှံ့မှာ ပျံ့နှံ့နေထိုင်ကြပြီး စားဝတ်နေရေး အခက်အခဲတွေကြောင့် တစ်နေရာတည်းမှာ အမြဲတမ်း တည်တည်ငြိမ်ငြိမ် နေထိုင်နိုင်ဖို့ မလွယ်ကူဘူးလို့လည်း သူက မှတ်ချက်ပြုခဲ့ပါတယ်။

မီဇိုရမ်ပြည်နယ်အနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ဆက်လက် ပေးအပ်သွားမှာ ဖြစ်ပေမဲ့ ဒုက္ခသည်တွေ အပါအဝင် နေထိုင်သူအားလုံးဟာ ဥပဒေကို လိုက်နာကြရမယ်လို့ ဝန်ကြီးက ထပ်လောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *