
မတ်လ ၅ ရက်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် လုမ်းဘန် ( Lumbang )ကျေးရွာကို စစ်ကော်မရှင်တပ်ဖွဲ့က ဒီကနေ့ မတ်လ ၅ ရက်နေ့ မနက်ပိုင်း ၃ နာရီ ၁၅ မိနစ်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဖလမ်းမြို့နယ်နေ ဒေသခံတစ်ဦးက “ဒီကနေ့ မနက်ပိုင်း ၃ နာရီ ၁၅ လောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ် နေအိမ်ကတော့ ၂ လုံး ပျက်စီးသွားတယ် ဒေသခံအများစုက စစ်ဘေးရှောင်နေကြတာဆိုတော့ အဲဒါကြောင့်လည်း ထင်တယ် အရပ်သားထိခိုက်မှုတော့ မရှိဘူးလို့ သိရတယ်” လို့ပြောပါတယ်။
မန္တလေး၊ တံတားဦးလေတပ်ကနေ တက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ ဂျက်ဖိုက်တာ တစ်စီးဟာ လုမ်းဘန်ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ်တစ်လုံး မီးလောင်ကျွမ်းပြီး၊ အခြားနေအိမ်တစ်လုံးကတော့ လက်နက်ကြီးကျည်စ ထိမှန်ကာ နေအိမ်အမိုးအကာတွေ ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။
မတ်လ ၁ ရက်နေ့ကလည်း လုမ်းဘန်ရွာကို စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
ဖလမ်းမြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့ စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် ကျေးရွာပေါင်း ၁၃ ရွာခန့်က ဒေသခံပြည်သူ ၅ ထောင်ကျော်ဟာ တောတောင်တွေထဲ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါး နဲ့ ရိက္ခာ ပြတ်လပ်နေကြတယ်လို့လည်း သိရပါတယ်။

