Headlines

ဖလမ်းမြို့နယ်က တိုက်ပွဲပဋိပက္ခတွေအတွင်း အရပ်သားပြည်သူ အနည်းဆုံး ၁၅ ဦးကျော် သေဆုံးပြီး၊ ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ICA ထုတ်ပြန်

မတ်လ ၁၀ ရက်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ကနေ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲပဋိပက္ခတွေအတွင်း အရပ်သားပြည်သူ အနည်းဆုံး ၁၅ ဦးကျော် သေဆုံးပြီး ၊ ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီလို့ ချင်းရေးရာအဖွဲ့ချုပ်(ICA)ရဲ့ မတ်လ ၉ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။

အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေမှာ ကျောင်း၊ ဘုရားကျောင်းနှင့် ဆေးရုံအနီး ပစ်ခတ်မှုတွေကြောင့် ထိခိုက်မှု ဖြစ်စေသလို မြေမြှုပ်မိုင်းနှင့် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်လည်း သာမန်ပြည်သူတွေ ထိခိုက်ဒဏ်ရာရှိတာကိုလည်း တွေ့ရှိရတယ်လို့ ICA က ဆိုပါတယ်။

ဒီလိုအချက်အလက်တွေဟာ အရပ်သားကာကွယ်ရေးမလုံလောက်မှုကို ပြသနေပြီး လူ့အခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ ( IHL) လေးစားလိုက်နာမှုမရှိတဲ့ လက္ခဏာတွေကို ညွှန်းပြနေတယ်လို့ ICA က ဆိုပါတယ်။

၅ လတာ တိုက်ပွဲအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း အနည်းဆုံး ၄၂ ယောက်ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ရှိပြီး လေကြောင်းတိုက်ခိုက်မှု ၊ ဒရုန်းဗုံးကြဲမှုတွေက တပ်ဖွဲ့ဝင်တွေအပေါ် အဓိကထိခိုက်မှုဖြစ်စေတဲ့ အကြောင်းအရင်းတွေဖြစ်တာကို တွေ့ရတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကော်မရှင်တပ်ဖွဲ့တွေဘက်လည်း သေဆုံးမှု ၂၀၀ ကျော်ရှိပြီး ဒဏ်ရာရရှိသူ ၂၅၀ ကျော်နဲ့ ဖမ်းဆီးခံရသူ ၄၀ ကျော် ရှိတယ်လို့လည်း ICA ရဲ့ ဖော်ပြချက် အရ သိရပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဟာ လေကြောင်းတိုက်ခိုက်မှုတွေ နဲ့ ဒရုန်းအသုံးပြုပြီး အရပ်သားနေအိမ် ၊ ကျောင်းတွေ ၊ ဘုရားကျောင်းတွေ ၊ ဆေးရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပြီး လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဥပဒေများအရ စိုးရိမ်ဖွယ်ရာဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ စစ်ကြောင်းထိုး တိုက်ခိုက်မှုတွေကြောင့် ကလေး – သိုင်းငင်း၊ ကလေး – ဝေဘူလလမ်းဘေးတစ်လှောက်ရှိ တီးတိန်မြို့နယ်နဲ့ ဖလမ်းမြို့နယ်ရှိ ကျေးရွာပေါင်း ၃၄ ရွာက ဒေသခံပြည်သူတွေဟာ တောတောင်တွေထဲ စစ်ကြောင်း နဲ့ အလှမ်းဝေးရာ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဖော်ပြထားတာတွေ့ရပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေအပေါ် အပြည်ပြည်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်နဲ့ အရပ်သားကာကွယ်ရေး နဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို တိုးမြှင့်ပေးရန်လိုအပ်နေကြောင်းကိုလည်း ICA က အကြံပြုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *