
ရေးသားသူ – DonBosco
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရ ပြည်ထဲရေးဌာန (Home Department) ၏ မတ်လ (၈) ရက်နေ့ နောက်ဆုံးထုတ်ပြန်ချက်အရ ပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင် စုစုပေါင်း ၃၅,၁၂၆ ဦးအနက် ၃၄,၁၆၀ ဦး၏ ဇီဝသွင်ပြင်အချက်အလက် (Biometric) ကောက်ယူမှုသည် ၉၇.၂၅ ရာခိုင်နှုန်းအထိ ပြီးစီးလုနီးပါး ဖြစ်လာခဲ့ပြီဖြစ်သည်။
အိန္ဒိယဗဟိုအစိုးရသည် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များနှင့် ရန်ပုံငွေများကို နယ်စပ်ဒေသသို့ တိုက်ရိုက်ဝင်ရောက်ခွင့် ကန့်သတ်ထားသည်။ အထူးသဖြင့် နိုင်ငံခြားငွေကြေး ထောက်ပံ့မှုဆိုင်ရာ စည်းမျဉ်းဥပဒေ (Foreign Contribution Regulation Act – FCRA) အရ ပြည်ပမှ ရန်ပုံငွေလက်ခံသည့် အရပ်ဘက်အဖွဲ့အစည်းများကို တင်းကျပ်စွာ စိစစ်ခြင်း၊ လိုင်စင်ရုပ်သိမ်းခြင်းနှင့် နယ်စပ်ဒေသများသို့ နိုင်ငံခြားသားများ ဝင်ရောက်ခွင့်အတွက် အထူးခွင့်ပြုမိန့် (Protected Area Permit – PAP) လိုအပ်ချက်များကို ပြန်လည်တင်းကျပ်ခြင်းတို့ကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ယခင်ကတည်းက အခက်အဲများနှင့် ရင်ဆိုင်နေရသည်။
လေ့လာဆန်းစစ်သူအချို့ကမူ ယခုကဲ့သို့ ဥပဒေကြောင်းအရ ကန့်သတ်ချက်များရှိနေသည့်ကြားမှ Biometric အချက်အလက်များ ကောက်ယူခြင်းသည် ဒုက္ခသည်များကို ထောက်ပံ့ရန်ထက် စောင့်ကြည့်ထိန်းချုပ်ရန်အတွက် ဖြစ်နိုင်သည်ဟု ထောက်ပြကြသည်။
ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များအရ အိန္ဒိယဗဟိုအစိုးရသည် ၂၀၂၁ ခုနှစ်မှ စတင်၍ မီဇိုရမ်အစိုးရထံသို့ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးအတွက် အကူအညီ ရူပီး ၈ ကုဋေ (သိန်း ၈၀၀) ခန့် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။
၂၀၂၄ ခုနှစ်အတွင်း ရူပီး ၅ ကုဋေ တန်ဖိုးရှိ ဆန်ရိက္ခာများ ထောက်ပံ့ခဲ့သော်လည်း စစ်ဘေးရှောင် ၄၃,၀၀၀ ကျော်၏ လိုအပ်ချက်နှင့် နှိုင်းယှဉ်ပါက လုံလောက်မှု မရှိသဖြင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မီဇိုရမ်အစိုးရက အရေးပေါ် စားနပ်ရိက္ခာနှင့် ဆေးဝါးများအတွက် ရူပီး ၅ သန်း ထပ်မံတောင်းခံထားသည်။
လက်ရှိတွင် မီဇိုရမ်အစိုးရသည် ပြည်နယ်ဘတ်ဂျက်အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းဖြစ်သည့် မီဇိုလူငယ်အသင်း (CYMA) နှင့် ဘုရားကျောင်းများ၏ အလှူငွေများကိုသာ အဓိက အားထားနေရသည်။
ထို့ပြင် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ရေးရန်ပုံငွေ (SDRF) အောက်တွင် ၂၀၂၅-၂၆ ခုနှစ်အတွက် ရူပီး ၅၇ ကုဋေ ခန့် ရရှိရန် မျှော်မှန်းထားသော်လည်း ယင်းမှာ ဗဟိုနှင့် ပြည်နယ်အစိုးရတို့ ၉၀:၁၀ အချိုးဖြင့် ကျခံရသော ရန်ပုံငွေဖြစ်ရာ စစ်ဘေးရှောင်များအတွက် သီးသန့်အသုံးပြုနိုင်မှုမှာ ကန့်သတ်ချက်များ ရှိနေဆဲ ဖြစ်သည်။
မြေပြင်ရှိ စစ်ဘေးရှောင်အချို့၏ ပြောကြားချက်များအရ ဇီဝသွင်ပြင်အချက်အလက်ပေးရန် ငြင်းဆန်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်းများ ရှိနေခဲ့သည်။ အဓိကအားဖြင့် မိမိတို့၏ အချက်အလက်များ လုံခြုံမှုရှိမရှိနှင့် စစ်ကောင်စီထံသို့ ရောက်ရှိသွားမည်ကို စိုးရိမ်ကြခြင်း ဖြစ်သည်။
ယခင် NLD ပါတီမှ တက်ကြွလှုပ်ရှားသူတစ်ဦးက “ရပ်ကွက်ထဲ Biometric လာစစ်မယ်ဆိုလို့ ရှောင်နေလိုက်တယ်။ ဒီဖက်ကရတဲ့ အချက်အလက်တွေဟာ ကိုယ့်အတွက် ဘယ်လောက်အထိ လုံခြုံမှုရှိမလဲဆိုတာ သံသယရှိလို့ မလုပ်ဖြစ်ဘူး” ဟု ပြောကြားခဲ့သည်။
ဤသည်မှာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာများ၏ အချက်အလက်များ မြန်မာနိုင်ငံသို့ ရောက်ရှိသွားခဲ့သည့် ဖြစ်စဉ်အပေါ် အခြေခံသည့် သံသယများ ဖြစ်သည်။
ထို့အပြင် ဒေသခံများနှင့် နားလည်မှုဖြင့် အသေးစားစီးပွားရေး လုပ်ကိုင်နေသူများမှာ Biometric ကောက်ယူပြီးနောက် ဒုက္ခသည်အဖြစ် သီးသန့်ခွဲခြား သတ်မှတ်ခံရပါက လုပ်ငန်းခွင်အတွင်း အနှောင့်အယှက်ဖြစ်လာမည်ကို စိုးရိမ်လျက်ရှိကြသည်။
ပညာရေး CDM ဝန်ထမ်းတစ်ဦးဖြစ်ပြီး နယ်စပ်ရှိ ကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေသူတစ်ဦးက “ဒီမှာ အလုပ်မပေးချင်ကြဘူး။ စစ်ရှောင်ဆိုရင် ခင်တာမင်တာရှိပေမဲ့ အလုပ်ပေးဖို့ဆိုရင် ရေရှည်အကျိုးပြုမယ့်သူလို့ကို မထင်တော့တာ။ ပုံမှန်အလုပ်မဟုတ်ဘဲ လက်လုပ်လက်စားမျိုးတွေပဲ လုပ်ရတာများတယ်” ဟု ဆိုသည်။ ၎င်း၏ ပြောကြားချက်အရ ဒုက္ခသည်များအပေါ် ဒေသခံအချို့၏ အမြင်တွင် ယာယီခိုလှုံသူများအဖြစ်သာ မြင်ကြသဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ၌ ကွာဟချက်များ ရှိနေသည်ဟု ဆိုနိုင်သည်။
လက်တွေ့မြေပြင်တွင် စစ်ဘေးရှောင်များသည် ဥပဒေကြောင်းအရ အလုပ်လုပ်ကိုင်ခွင့် ကန့်သတ်ထားသော်လည်း အသက်မွေးဝမ်းကျောင်းအတွက် ဒေသခံများနှင့် နားလည်မှုယူကာ လုပ်ငန်းခွင်အချို့တွင် ဝင်ရောက်လုပ်ကိုင်နေကြရသည်။
ဒေသတွင်း သုတေသနအဖွဲ့များ၏ လေ့လာချက်များအရ စစ်ဘေးရှောင်အများစုသည် လမ်းဖောက်လုပ်ရေး၊ ကျောက်ထုတ်လုပ်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် နေ့စားအလုပ်သမားများအဖြစ် အဓိက လုပ်ကိုင်နေကြသည်။
အချို့မှာ မြို့ပြဒေသများတွင် အိမ်ဖော်၊ စားသောက်ဆိုင်ဝန်ထမ်းနှင့် လက်လုပ်လက်စား အလုပ်များကို လုပ်ကိုင်နေကြရသော်လည်း တရားဝင် လုပ်ကိုင်ခွင့် လက်မှတ်များ မရှိခြင်းကြောင့် လုပ်ခလစာ ခေါင်းပုံဖြတ်ခံရခြင်းနှင့် အချိန်မရွေး အလုပ်ထုတ်ခံရနိုင်သည့် မရေရာသော အခြေအနေများကြားတွင် ရှိနေကြသည်။ ဤကဲ့သို့သော စီးပွားရေးအရ မှီခိုနေရမှုများကြောင့် Biometric ကောက်ယူပြီးနောက် ၎င်းတို့၏ အခြေအနေမှာ ပို၍ စောင့်ကြည့်ခံရကာ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုကျဉ်းမြောင်းသွားမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။
မြေပြင်တွင် စစ်ဘေးရှောင်အချို့မှာ နေ့စဉ်လူမှုဘဝတွင် ကန့်သတ်ချက်များနှင့် ရင်ဆိုင်နေရသည်။ လောင်တလိုင်ခရိုင်အတွင်း စစ်ရှောင်ခဲ့သူတစ်ဦးက “တစ်ခြားနေရာတော့မသိဘူး။ ကျတော်တို့ဖက်မှာဆိုရင် နေ့တိုင်း စပီကာနဲ့ စစ်ရှောင်တွေ ဘာတွေမလုပ်ရဘူး၊ ဘယ်အချိန်ဆို အပြင်မထွက်ရဘူးဆိုပြီး အမြဲအော်နေတာမျိုးတွေရှိတယ်။ ထောက်ပံ့မှုမလုံလောက်လို့ အပြင်မှာ လက်လုပ်လက်စားလေး လုပ်ချင်တာတောင် ခွဲခြားတာ၊ မသင်္ကာတာမျိုးတွေ ဖြစ်နေတယ်” ဟု ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။
အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာန (MHA) သည် ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်းက မဏိပူရနှင့် မီဇိုရမ်ပြည်နယ် အစိုးရများထံသို့ ညွှန်ကြားချက်ထုတ်ပြန်၍ ပြည်နယ်အတွင်းရှိ “တရားမဝင် ဝင်ရောက်လာသူများ” ၏ ဇီဝသွင်ပြင်အချက်အလက်များကို မှတ်တမ်းတင်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လုပ်ငန်းစဉ်သည် နည်းပညာနှင့် မြေပြင်အခက်အခဲများကြောင့် ၂၀၂၅ ခုနှစ်အထိ ကြန့်ကြာခဲ့သည်။ အိန္ဒိယအစိုးရ၏ ၁၉၄၆ ခုနှစ် နိုင်ငံခြားသားများဆိုင်ရာ အက်ဥပဒေ (The Foreigners Act, 1946) အရ ဒုက္ခသည်ဟူသော အသုံးအနှုန်းကို အသိအမှတ်မပြုဘဲ “တရားမဝင် ဝင်ရောက်သူများ” အဖြစ်သာ သတ်မှတ်ထားခြင်းမှာ ဤကဲ့သို့ အချက်အလက်ကောက်ယူခြင်း၏ ဥပဒေကြောင်းအရ အခြေခံဖြစ်သည်။
ထို့ပြင် ၂၀၂၄ ခုနှစ်အတွင်း အိန္ဒိယဗဟိုအစိုးရက အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ရှိ “လွတ်လပ်စွာ သွားလာခွင့် (Free Movement Regime – FMR)” ကို ရပ်ဆိုင်းလိုက်ခြင်းနှင့် နယ်စပ်ခြံစည်းရိုး ခတ်ရန် ဆုံးဖြတ်လိုက်ခြင်းတို့သည်လည်း ဤ Biometric ကောက်ယူမှုနှင့် ဆက်စပ်လျက်ရှိသည်။
အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ်ရှာ (Amit Shah) က ဤလုပ်ဆောင်ချက်များသည် “အမျိုးသားလုံခြုံရေးကို ကာကွယ်ရန်နှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို တားဆီးရန်” ဖြစ်သည်ဟု ဆိုသော်လည်း အရပ်ဖက်အဖွဲ့အစည်း ခေါင်းဆောင်အချို့ကမူ ဤသည်မှာ ဒုက္ခသည်များကို စောင့်ကြည့်ထိန်းချုပ်ရန်နှင့် ခိုလှုံခွင့်ကို ကန့်သတ်ရန်အတွက်ဖြစ်သည်ဟု သုံးသပ်ကြသည်။
ယခုအခါ မီဇိုရမ်ပြည်နယ်ရှိ မြန်မာစစ်ဘေးရှောင်များ၏ Biometric ကောက်ယူမှုသည် ရာခိုင်နှုန်းပြည့်နီးပါး ပြီးစီးတော့မည် ဖြစ်သည်။ သို့ရာတွင် ဤအချက်အလက်များကို ဒုက္ခသည်များအတွက် တရားဝင် နေထိုင်ခွင့်နှင့် ထောက်ပံ့မှုများအတွက် အသုံးပြုမည်လော၊ သို့မဟုတ် ၎င်းတို့၏ လှုပ်ရှားသွားလာမှုကို ကန့်သတ်၍ စောင့်ကြည့်ထိန်းချုပ်ရန်အတွက်သာ အသုံးပြုမည်လောဆိုသည့် အချက်မှာမူ ဆက်လက် စောင့်ကြည့်ရမည့် အခြေအနေတွင် ရှိနေသည်။

