Headlines

တော်လှန်ရေးမှာ ပူးပေါင်းပါဝင်တဲ့လူငယ်များကို စစ်ပညာအပြင် အသက်မွေးဝမ်းကျောင်းပညာရပ်များပါ ပံ့ပိုးသင်ကြားပေးမယ်လို့ ZFU/PDF Zoland ထုတ်ပြန်

မတ်လ ၃၁ ရက်။

တီးတိန်ခရိုင် အတွင်း အခြေပြု စစ်ရေးလှုပ်ရှားသော ချင်းလက်နက်ကိုင်တော်လှန်ရေး အဖွဲ့တခုဖြစ်တဲ့ Zomi Federal Union (ZFU/ PDF Zoland) က (ZFU/ PDF Zoland)က မတ်လ ၃၀ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အဖွဲ့အစည်း တည်ထောင်ခြင်း (၅) နှစ်ပြည့် ထုတ်ပြန်ကြေညာချက်မှာ မိမိတို့နဲ့ လက်တွဲကာ ပြည်သူ့ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်နေကြသည့် လူငယ်များအတွက် စစ်ရေးကျွမ်းကျင်မှု သာမက အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များကိုပါ သင်ကြားပံ့ပိုးပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ယင်းကြေငြာချက်တွင် တော်လှန်ရေး နှင့် ပတ်သက်ပြီး လတ်တလောအချိန်တွင် ZFU/ PDF Zoland အနေဖြင့် လူငယ်များနှင့် လက်တွဲ၍ ပြည်သူ့ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပရှိ မိဘပြည်သူများအနေဖြင့် နားလည်ပေးပါရန်နှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးဟူသော မိမိတို့ ရည်မှန်းချက် အောင်မြင်သည်အထိ ဆက်လက် ပံ့ပိုး ကူညီ ပေးကြ ပါရန် တိုက်တွန်းလိုကြောင်း ဆက်လက် ဖော်ပြ ထားပါတယ်။

ဇိုမီးဖယ်ဒရယ်အစည်းအရုံး (ZFU/ PDF Zoland) ကို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ရန်အတွက် တွန်းဇန်၊ တီးတိန် နှင့် ကလေးဒေသရှိ ခေါင်းဆောင်များက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ကြောင်း၊ အဖွဲ့အစည်းအနေဖြင့် လွတ်လပ်ရေး၊ တန်းတူရေး၊ တရားမျှတရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အပြည့်အဝ အာမခံနိုင်သည့် အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်အတိုင်း မသွေဖည်ဘဲ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းများ လည်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထား ပါတယ်။

ဒါ့အပြင် မတ်လ ၃၁ ရက်နေ့မှာလည်း စစ်မှုထမ်းရန် ခေါ်ဆောင်ခဲ့သည့် လူငယ်များ ထဲမှ ZFU/PDF-Zoland ၏ စစ်မှုထမ်းခြင်း ဆိုင်ရာ စည်းမျဉ်း ၄ ရပ် ဖြစ်တဲ့ အသက်မပြည့်သေးဘဲ ကျောင်းဆက်တက်နေသူများ ဖြစ်ပြီး အိမ်ပြန်လိုသူများ ၊ တော်လှန်ရေး အဖွဲ့အစည်း တခုခုတွင် မိသားစုဝင် တဦးဦး ပါဝင်ခဲ့ပြီး သူများ၊ စိတ်ပိုင်း နှင့် ရုပ်ပိုင်း မကျန်းမာသူများ၊ တဦးတည်းသော သား နှင့် သမီးများ စတဲ့ အချက်များနဲ့ ညှိခဲ့တဲ့ လူငယ် ၁၄ ဦးကို ထပ်မံ အိမ်ပြန်ပို့ ခဲ့ပြီး အရင် အိမ်ပြန်ခဲ့သူများနဲ့ စုစုပေါင်း အိမ်ပြန်ပို့ ပေးခဲ့ရသည့် ဦးရေ ၂၀ ဦး ရှိပြီ ဖြစ်တယ်လို့ ထပ်မံ ကြေငြာခဲ့ပါတယ်။

Zomi Federal Union (ZFU)/ PDF-Zoland က ဇိုဂမ် (Zogam) နယ်မြေအတွင်းရှိ အရွယ်ရောက်ပြီးသူတိုင်း အနည်းဆုံး (၃) နှစ် မဖြစ်မနေ စစ်မှုထမ်းရန်လိုအပ်သည်ဟု မတ်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းနေ့မှာပင် လိုင်တွီး (Laaitui) ရွာသား လူငယ် ၁၂ ဦး နှင့် မွီးဇောလ် ရွာသား ၃ ဦး၊ ဒိမ်ပီး ရွာသား လူငယ် ၉ ဦး နှင့် ဘွင် ရွာသား ၂၉ အပြင် တခြား လူငယ် တချို့ပါ စစ်မှုထမ်းရန် ခေါ်ဆောင်ခဲ့ပြီး ၁၈ နှစ် မပြည့်သေးတဲ့ ကလေးသူငယ် အများအပြား ပါရှိတာကြောင့် ဒေသ အတွင်း ဝေဖန်မှုများ ခံနေရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *