
မတ်လ ၃၀ ရက်။
မတ်လ ၃၀ ရက်နေ့မှာ တီးတိန်မြို့နယ် မွာလ်ပီးရွာ အနီးမှာ လမ်းပြုပြင်နေတဲ့ အသက် ၂၆ နှစ် အရွယ် Lia Dim Suan Nem (ခ) Di Neam ဟာ မြေမြုပ်မိုင်းနင်းမိပြီး အသက် ဆုံးရှုံးခဲ့ရတယ် လို့ ဒေသခံ ရွာသားများ ထံ မှ သိရှိရ ပါတယ်။
“မိုင်း မတော်တဆ ဖြစ်တာက ကလေး-တီးတိန် လမ်းမကြီး ပေါ်ရှိ မိုင်တိုင် ၅မိုင် နှင့် မွာလ်ပီးရွာ အကြားမှာပါ။ လမ်း ပြုပြင်ဖို့ သွားရင်း မိုင်းထိ သွားတာပါ။ ကလေးမြို့ ပြည်သူ့ ဆေးရုံ ကို ပို့ လိုက်ကြ ပေမယ့် အသက်တော့ မကယ် နိုင်တော့ဘူး” လို့ ဒေသခံ ရွာသူ တဦးမှ ပြောပါတယ်။
သေဆုံးသူ Lia Dim Suan Nem ဟာ စစ်ဘေး ရှောင်နေခဲ့ရတဲ့ ထေးဇန် ရွာသူ တဦး ဖြစ်ပြီး ဈာပန ကိစ္စ အဝဝကို လည်း မိခင် အသင်းတော်ရဲ့ ခိုလှုံရာ အသင်းတော် ဖြစ်တဲ့ Khaikam AG အသင်းတော်က တာဝန်ယူ မှာကြောင်း၊ ဈာပန အစီအစဉ်ကို မတ်လ ၃၁ ရက်နေ့ နေ့လည် ၁၂ နာရီမှာ စတင်မည် ဖြစ်ကြောင်း ထပ်မံ သိရှိရ ပါတယ်။
ကလေး-သိုင်းငင်း ကားလမ်းမကြီး ပေါ်ရှိ ယခု မိုင်း မတော်တဆ ဖြစ်ရာ နေရာ တဝိုက်ဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာ လ ၂၉ ရက်နေ့ နောက်ပိုင်း စစ်ကောင်စီ စစ်တပ် နှင့် ဒေသ တော်လှန်ရေး တပ်ဖွဲ့များ ကာလ ကြာမြင့်စွာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ဖြစ်ရာ ဒေသ လည်း ဖြစ်ပြီး လမ်းမ တလျှောက် ရှိ ကျေးရွာ အားလုံး စစ်ရှောင် ထွက်ပြေးခဲ့ရကြ ပါတယ်။

