Headlines

တီးတိန်မြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေး အရှိန်အဟုန်မြှင့်လာပြီး Valvum ရွာမှလည်း ရွာနယ်မြေအတွင်း ဘိန်းစိုက်ပျိုးမှုကို ပြင်းထန်စွာ တားမြစ်

မတ်လ ၂၅ ရက်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးက မိမိတို့ရွာပိုင်နယ်မြေအတွင်း ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးအတွက် ဒေသခံလူထုကိုယ်တိုင်က ကန့်ကွက်တားမြစ်မှုများ ဆက်တိုက်ပြုလုပ်လာရာ Valvum (ဗာလ်ဗွမ်း) ကျေးရွာ အနေဖြင့်လည်း ဘိန်းစိုက်ပျိုးခြင်းကို ချွင်းချက်မရှိ ပိတ်ပင်ကြောင်းနှင့် ဖောက်ဖျက်ပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း မတ်လ ၂၂ ရက်နေ့မှာ ပြုလုပ်တဲ့ ရွာလုံးကျွတ် အစည်းအဝေး ကနေ ဆုံးဖြတ်ခဲ့တယ်လို့ ရွာသားများထံမှ သိရှိရ ပါတယ်။

“ကျွန်တော့်တို့ Valvum ကျေးရွာ လူထုအစည်းအဝေးမှာ ရွာသူရွာသား (၁၀၀) ကျော် တက်ရောက်ခဲ့တယ်။ အားလုံးရဲ့ သဘောတူညီချက်နဲ့ ဘိန်းစိုက်ပျိုးဖို့ တောင်ယာခုတ်တာ၊ မြေပြုပြင်တာတွေ ကျေးရွာ နယ်မြေအတွင်းကနေ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်။ စည်းကမ်း ဖောက်ဖျက်တဲ့ သူတွေကို ရွာနင်ဒဏ် ပေးမယ်၊ ပြီးတော့ နေအိမ်ကို ကျေးရွာပိုင်အဖြစ် သိမ်းဆည်းသွားမယ်ဆို့ ပြီး ဆုံးဖြတ်ထားတယ်” လို့ ရွာသား ၁ ဦးက ပြောပါတယ်။

“ယခု ဆုံးဖြတ်ချက်ကို ကျူးလွန်ခဲ့ပါက မည်သူ့မျက်နှာမှ ထောက်ထားမည်မဟုတ်ဘဲ ဆုံးဖြတ်ချက်အတိုင်း တိကျစွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်တယ်” လို့လည်း Zomi Youth Assoiciation-Valvum က Facebook စာမျက်နှာ ကနေ ကြေငြာသွားပါတယ်။

တုန်းဇံကျေးရွာ လူငယ်အသင်း (TYA) ကလည်း မတ်လ (၁၀) ရက်နေ့မှာ ၂၀၂၅ ခုနှစ်ကတည်းက ဘိန်းမစိုက်ရန် တရွာလုံးသဘောတူညီချက် ရယူထားပြီးဖြစ်သော်လည်း ယခုအခါ ဘိန်းစိုက်ရန် ပြင်ဆင်မှုအချို့ တွေ့ရှိရသဖြင့် ထပ်မံသတိပေးပါကြောင်း၊ မလိုက်နာသူများရဲ့ ဘိန်းခင်းများကို ခုတ်ဖြတ်ဖျက်ဆီးမည့်အပြင် ဘိန်းစိုက်ခင်း ၁ ဧက အတွက် ကျပ် ၅ သိန်း ဒဏ်ငွေရိုက်သွားမည် ဖြစ်ကြောင်း ကြေငြာ ထားပါတယ်။

ဒါ့အပြင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ ရက်စွဲ နဲ့ တီးတိန်မြို့နယ် ရှိ Dolluang, Mualzang နှင့် Thangsan ကျေးရွာတို့ကလည်း ရွာနီးချင်း အုပ်ချုပ်ရေးမှူးများ ထံသို့ “ဘိန်းစိုက်ပျိုးမှု ကို မိမိတို့ ကျေးရွာပိုင် နယ်မြေအတွင်း ပိတ်ပင် ထားပြီး သော်လည်း နယ်မြေကျူးကျော် စိုက်ပျိုးမှုများ ရှိနေကြောင်း၊ ယခု နှစ်က စပြီး ရွာပိုင်နယ်မြေအတွင်းသို့ အခြားရွာသားများ လာရောက်တောင်ယာခုတ်ခြင်းနှင့် ဘိန်းစိုက်ခြင်းများကို လုံးဝခွင့်မပြုကြောင်း၊ စိုက်ပျိုးထားသည်ကို တွေ့ရှိပါက ဝင်ရောက် ရှင်းလင်းသွားမည် ဖြစ်ကြောင်း” စသည့် အချက်များ ပါသည့် တရားဝင်အကြောင်းကြားစာ ပေးပို့သည်ကိုလည်း တွေ့ရတယ်လို့ ဘိန်းစိုက်ပျိုးမှု စောင့်ကြည့်သူ လူငယ် ၁ ဦးက ပြောကြား ခဲ့ပါတယ်။

“ဘိန်းခင်းရှိတဲ့ ရွာတွေနဲ့ ရွာနီးချင်း ဖြစ်ပြီးတော့ ဘိန်းစိုက်ပျိုးမှုကို ကျေးရွာ နယ်မြေ အတွင်း လုံးဝ တားမြစ်ထားတဲ့ တချို့ ရွာတွေ ရှိပါတယ်။ သူတို့က ကျတော့ အများသိ အောင် ဖော်ပြဖို့ ငြင်းဆန် ကြတယ်။ အဲလို ရွာတွေ ထဲမှာ စိုက်ဖူးတဲ့ ရွာတွေ ရှိသလို၊ လုံးဝ တားမြစ် နိုင်တဲ့ ရွာတွေလည်း ရှိတယ်။ သူ့တို့မှာက သူတို့နယ်မြေ အတွင်း ဖြစ်တဲ့ ပြဿနာကို ကိုယ့် ရွာ အတွင်း ဖြေရှင်းနိုင်ကြတဲ့ ဓလေ့ကောင်းတွေ ရှိတာလည်း တွေ့ရတယ်” လို့ ဖော်ပြပါ ဘိန်းစိုက်ပျိုးမှု စောင့်ကြည်သူက ဆက်လက် ပြောကြား ခဲ့ပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) အနေဖြင့် ချင်းပြည်နယ် အနေဖြင့် ၂၀၂၄ ခုနှစ်မှာ ဘိန်းစိုက်ခင်း ၈၃၁ (၈၀၆-၈၅၈) ဟက်တာ ရှိသည်ဟု ခန့်မှန်းရာမှ ၂၀၂၅ ခုနှစ်မှာ ဘိန်းစိုက်ခင်း ၁၀၄၀ (၁၀၀၀-၁၀၉၀)ဟက်တာရှိမယ် လို့ ခန့်မှန်း ထားပြီး ဘိန်းစိမ်း ထုတ်လုပ်မှုမှာလည်း ၂၀၂၄ ခုနှစ်မှာ ၁၈ မက်ထရစ်တန် ထွက်ရှိသည်ဟု ခန့်မှန်းကြရာမှ ၂၀၂၅ ခုနှစ်မှာ ၂၀ မက်ထရစ်တန် ထွက်ရှိနိုင်တယ် လို့ ခန့်မှန်းထားကြောင်း၊ ယင်း ပမာဏဟာ မြန်မာတနိုင်ငံလုံးရှိ ဘိန်းစိမ်း ထုတ်လုပ်မှုရဲ့ ၂ ရာခိုင်နှုန်း ရှိကြောင်း ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု စစ်တမ်း အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *