
မတ်လ ၃၁ ရက်။
တီးတိန်ခရိုင် လမ်းဦးစီးဌာန အောက်ရှိ လုပ်ငန်းများတွင် တင်ဒါ ရရှိ လုပ်ကိုင် နေတဲ့ ကုမ္ပဏီများကို ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး (EE)မှ လူကြီးများ ကန်တော့ရန် ဟူသော အကြောင်းပြချက် ဖြင့် လုပ်ငန်း ဘတ်ဂျက်၏ ၂ ရာခိုင်နှုန်းကို ကောက်ခံနေလို့လုပ်ငန်းထိခိုက်တယ် လို့ တီးတိန်မြို့နယ် မှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ဒါရိုက်တာ တဦး ထံမှ သိရှိရ ပါတယ်။
“လက်ရှိ နိုင်ငံရေး အခြေအနေ အရ တီးတိန်နယ်ခံ ကုမ္ပဏီတွေက ဟားခါးမြို့ကို လာပြီး တင်ဒါ ဆွဲ ဖို့ အခက်အခဲ တွေ အများကြီး ရှိတယ်။ နယ်ခံ ကုမ္ပဏီတွေက လုပ်ငန်း ရတာ နည်းတယ်။ လုပ်ငန်း ရတဲ့ ကုမ္ပဏီတွေကလည်း ဒေသကို ကိုယ်တိုင် သွားပြီး အလုပ်လုပ် နိုင်ဖို့ ခက်ခဲ ပြန်တယ်။ ဆိုတော့ နယ်ခံ လုပ်သားတွေ ငှားပြီး လုပ်ရ ပြန်တယ်။ အဲလို အခက်အခဲတွေကြား မှာ EE က ၂ ရာခိုင်နှုန်း ထပ် ဖြတ် တော့ လုပ်ငန်း အတော် ထိ တယ်” လို့ လမ်းဦးစီးရဲ့ လုပ်ငန်းများကို လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ဒါရိုက်တာ တဦး က ပြောပြပါတယ်။
လက်ရှိမှာ တင်ဒါ တခု ရတာနဲ့ ဘတ်ဂျက်ရဲ့ ၇% ကို အစိုးရထံ အခွန် အဖြစ် ပြန်လည် ပေးဆောင်ရကြောင်း၊ ပြီးတော့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးကို ၁.၅%၊ EE ခေါ် အင်ဂျင်နီယာမှူးကို ၂%၊ ပြည်နယ်နယ်ရှိ တာဝန်ရှိ လူကြီးများကို ၁၀% စသဖြင့် ဆက်လက် ပေးဆောင်ရကြောင်း၊ လုပ်ငန်း လုပ်ဆောင်စဉ် အနှောက်အယှက် ကင်းရှင်းပြီး လုံခြုံမှု ရရှိရန် အတွက် အနည်းဆုံး ၅% ထပ်ကုန်ခဲ့ရကြောင်း တင်ဒါ အောင်ပြီး လုပ်ငန်း လုပ်ဆောင်နေတဲ့ ကုမ္ပဏီ တခုရဲ့ တာဝန်ရှိသူ တဦး ထံမှ သိရှိရ ပါတယ်။
“အခွန်ကတော့ ကျွန်တော်တို့ မဖြစ်မနေ ပေးရမယ့် ဟာ ဖြစ်တယ်။ အခုက အခွန်မဟုတ်တဲ့ ဟာတွေပါ ပေးထပ်ပေးရတော့ တကယ့် လုပ်ငန်း အတွက် ဘတ်ဂျက်ရဲ့ ၇၅%တောင် မကျန်တော့ဘူး။ ဆိုတော့ အရည်အသွေးပိုင်းမှာ အရမ်းထိခိုက်တယ်” လို့လည်း ကုမ္ပဏီ တာဝန် ရှိသူက သုံးသပ် သွားပါတယ်။
လမ်းဦးစီး ဌာန အနေဖြင့် ဘတ်ဂျက် ကျပ် သန်း ၁၀၀ အောက်ရှိ လုပ်ငန်းများကို မြို့နယ် ကလည်းကောင်း၊ ကျပ် သန်း ၁၀၀ နှင့် ၂၀၀ ကြား လုပ်ငန်းများကို ခရိုင်က လည်းကောင်း၊ ကျပ် သန်း ၂၀၀ အထက် လုပ်ငန်းများကို ပြည်နယ် က လည်းကောင်း တာဝန်ယူ ခဲ့ရတယ်လို့လည်း ထပ်မံ သိရှိရ ပါတယ်။
တီးတိန်ခရိုင် လမ်းဦးစီးဌာန၏ လက်ထောက် ညွှန်ကြားရေးမှူး အနေဖြင့် ၂၀၂၅ ခုနှစ်တွင် လုပ်ငန်း၏ ၇ % ကို တောင်းခံ ရာမှာ ၂၀၂၆ အစပိုင်းတွင် ၃% သို့ လျော့ပေးခဲ့ပြီး လက်ရှိမှာတော့ ၂% တောင်းခံ နေဆဲ ဖြစ်တယ် လို့ တီးတိန်ခရိုင် အတွင်း လမ်းဦးစီး ဌာနမှာ တင်ဒါ လုပ်ကိုင်နေတဲ့ ကုမ္ပဏီများ ထံမှ သိရှိရပါတယ်။

