Headlines

ချင်းလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ဒေသတွေမှာ တရားရေးစနစ် ကျင့်သုံးနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သုံးသပ်ထားတဲ့ အစီရင်ခံစာ မိတ်ဆက်ပွဲ CCPR က ပြုလုပ်

မတ်လ ၉ ရက်။

ချင်းပြည်နယ်အတွင်းက ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသ အဖွဲ့အစည်း ၁၆ ဖွဲ့အတွင်း တရားရေးစနစ် ကျင့်သုံးနေတဲ့ အခြေအနေတွေကို ၂၀၂၄ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း လေ့လာသုံးသပ်ထားတဲ့ အစီရင်ခံစာမိတ်ဆက်ပွဲကို ဒီကနေ့ မတ်လ ၉ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ Chin Center for Peace & Reconciliation (CCPR) အဖွဲ့က မိတ်ဆက်ခဲ့ပါတယ်။

CCPR အဖွဲ့ရဲ့ Operations Director ကို Van Bawi Mang က -“၂၀၂၄ ခုနှစ်မှာ စပြီး အစပိုင်းမှာတော့ ချင်းပြည်မှာ ကမကထ အောက်ခြေကနေ ပေါ်ပေါက်လာသည့် အုပ်ချုပ်ရေးအဖွဲ့ပေါင်း (၂၄) အားလုံး အခြေအနေတွေ တွေ့ဆုံမေးမြန်းဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကျနော်တို့လုပ်နိုင်တာက CC ရော CB ဘက်ရော အဖွဲ့ ၁၆ ဖွဲ့၊ CNF အပါအဝင်ဆို ၁၇ ဖွဲ့နဲ့ တွေ့ဆုံ လေ့လာမှု ပြုလုပ်ခဲ့တယ်။ ကျနော်တို့လုပ်တဲ့အကြောင်းရင်းက သူတို့ရဲ့ ဖွဲ့စည်းပုံတွေ၊ သူတို့ဘာတွေ ဝန်ဆောင်မှုတွေပေးလဲ၊ ပြီးတော့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ ဘယ်အတိုင်းအတာရှိလဲ၊ သူတို့ရဲ့ အရင်းအမြစ်တွေ ဘယ်လိုရှိလဲ၊ နောက်ပြီး သူတို့ရဲ့ တရားစီရင်ရေးက လွတ်လပ်မှု ရှိမရှိ အဲဒါတွေကို နားလည်ချင်လို့၊ နောက်ပြီး သူတို့ရဲ့ လက်ရှိအခက်အခဲက ဘာတွေရှိမလဲ ဆိုတာ နားလည်ချင်လို့ ၂၀၂၄ ကနေ ၂၀၂၅ အတွင်း မြေပြင်ကွင်းဆင်းပြီး လုပ်ထားတာတွေ ဖြစ်တယ်” လို့ ပြောပါတယ်။

တရားရေးစနစ်နဲ့ ပတ်သက်လို့ မြေပြင်မှာ တရားသူကြီးအားနည်းတာ၊ ရုံးဝန်ထမ်းအလုံအလောက်မရှိတာ၊ ဘတ်ဂျက်မရှိတာတွေ စတဲ့ အခက်အခဲတွေရှိပေမယ့် တော်လှန်ရေးကာလအတွင်း အတတ်နိုင်ဆုံး လုပ်ဆောင်နိုင်တာတွေကို လေ့လာတွေ့ရှိရတယ်လို့လည်း CCPR အဖွဲ့ရဲ့ Operation Director ကို Van Bawi Mang က ဆက်ပြောပါတယ်။

“လက်ရှိကျနော်တို့တွေ့တဲ့ အဖွဲ့ ၁၆ ဖွဲ့က ကိုယ်စီ တရားစီရင်ရေးတွေ လုပ်ကြတယ်။ တချို့က တရားသူကြီးများတဲ့ အဖွဲ့ရှိတယ်။ တချို့က တရားသူကြီးမရှိဘဲနဲ့ ဒီအုပ်ချုပ်ရေးအဖွဲ့တွေကို မှီခိုပြီးသွားနေတဲ့ တရားသူကြီးလည်းရှိတယ်။ နောက်တစ်ခုက သူတို့ ပြစ်မှု ဘယ်လောက်ရလဲ ဆိုတာတွေကို အတတ်နိုင်ဆုံး ဒေတာယူတယ်။ တချို့က အမှု ၃၀၀ ကျော်ရတဲ့အထဲမှာ နှစ်ရာကျော်ကို ဖြေရှင်းနိုင်တဲ့ အဖွဲ့တွေလည်း ရှိတယ်။ သူတို့ဖြေရှင်းနိုင်တဲ့ဟာကို လက်ရှိအခြေအနေနဲ့ သုံးသပ်ကြည့်ရင် အားရမိတယ်။ ဒါပေမယ့် တရားသူကြီး အင်အားနည်းပါးခြင်း၊ ရုံးပိုင်းဆိုင်ရာ ကူညီမည့် ဝန်ထမ်းမရှိခြင်း၊ ဘတ်ဂျက်တွေလည်း မရှိကြဘူး။ သူတို့မှာလည်း အခက်အခဲ ပေါင်းစုံတော့ရှိတယ်။ ဒီအချိန်မှာ အားနည်းချက်တော့များတယ်။ ဒါက သူတို့မတော်လို့ မတတ်လို့ မဟုတ်ဘဲနဲ့ အခုချိန်က တော်လှန်ရေးကာလဖြစ်တဲ့အတွက်ကြောင့် ဖြစ်တယ်။နောက်တစ်ခုက တရားစီရင်ရေး အားကောင်းဖို့အတွက် သင်တန်းတွေမရှိဘူး။ အယူခံဝင်ခြင်း (appealing mechanism) စနစ်ကလည်း ရှင်းရှင်းလင်းလင်း ရှိမနေဘူး။ နောက်တစ်ခု အခုသုံးနေတဲ့ ဥပဒေ၊ ဓလေ့ထုံးတမ်းစနစ်တွေက ဒေသမြို့နယ်ချင်းမတူကြတော့ တူတဲ့ဟာတွေကို စုပြီးတော့ အားလုံးညီအောင် အရင်လုပ်နိုင်ဖို့ လိုတယ်။ မတူတဲ့ဟာကို သီးသန့်ထားပေါ့။ အဲဒါမှပဲ ဒေသတစ်ခုနဲ့တစ်ခု တရားရေးပိုင်းဆိုင်ရာ အချိတ်အဆက်ရှိပြီး အားကောင်းလာမယ်” လို့လည်း ၎င်းက ဆိုပါတယ်။

CCPR ၏ စာတမ်းတွင် ချင်းပြည်နယ်အသီးသီးရှိ တရားစီရင်ရေး တိုးတက်ရေးနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ချင်းပြည်၏ တရားစီရင်ရေးပိုင်းဆိုင်ရာ အားကောင်းစေရေးအတွက် ငွေကြေးနှင့်သော်လည်းကောင်း၊ နည်းပညာပံ့ပိုးကူညီပေးရန်လည်း အကြံပြုထားသည်။

ဒီကနေ့ ကျင်းပပြုလုပ်ခဲ့တဲ့ ချင်းပြည်အတွင်း တရားရေးစနစ် လေ့လာသုံးသပ်ထားတဲ့ အစီရင်ခံစာ မိတ်ဆက်ပွဲ အခမ်းအနားကို ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ သံရုံးကတာဝန်ရှိသူတွေက လူကိုယ်တိုင်နဲ့ Online နှစ်မျိုးလုံးနဲ့ တက်ရောက်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *