
မတ်လ ၁၀ ရက်။
မနက်ဖြန် မတ်လ ၁၁ ရက်နေ့ ကနေ စပြီး ဖြေဆိုမယ့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ကို ချင်းပြည်နယ် ကနေ ဟားခါးမြို့နယ် ၊အထက (၁) ဟားခါး နှင့် တီးတိန်မြို့နယ် အထက (၁) တီးတိန် စာစစ်ဌာန ၂ ခုမှာသာ ကျင်းပမည် ဖြစ်ပြီး ဖြေဆိုရန် အတွက် စာရင်းပေးသွင်းသူ ၉၁၅ဦး ရှိကာ မနှစ် ၂၀၂၅ ခုနှစ်ကထက် ၂ ဆ ပိုများလာတယ် လို့ ပညာရေး နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း ကနေ သိရှိရပါတယ်။
အထက (၁) ဟားခါး မှာတော့ အစိုးရ အထက်တန်းကျောင်း ၄ ခု နှင့် ကိုယ်ပိုင် အထက်တန်းကျောင်း ၄ ခု ကနေ ကျောင်းတွင်း ဖြေဆိုသူ ၄၈၅ ဦး ရှိပြီး ပြင်ပ ဖြေဆိုသူ ၁၀၉ ဦး ရှိကာ စုစုပေါင်း ၅၉၄ ဦး က တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုရန် စာရင်း ပေးသွင်းထားကြောင်း၊ အထက (၁) တီးတိန် မှာတော့ အစိုးရ အထက်တန်းကျောင်း ၆ ခု ကနေ ကျောင်းတွင်း ဖြေဆိုသူ ၂၂၇ ဦး ရှိပြီး ပြင်ပ ဖြေဆိုသူ ၉၄ ဦး ရှိကာ စုစုပေါင်း ၃၂၁ ဦး က တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုရန် စာရင်း ပေးသွင်းထားကြောင်း ပညာရေး အသိုင်းအဝိုင်း ၏ စာရင်းများ အရ သိရှိရ ပါတယ်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ချင်းပြည်နယ်ကနေ ဖြေဆိုရန်စာရင်းပေးသူ ၅၅၆ ဦးရှိရာမှာ အမှန်တကယ် ဖြေဆိုသူ ၄၀၈ ဦး ရှိပြီး စာမေးပွဲ အောင်မြင်သူ ၁၁၀ ဦးသာ ရှိခဲ့တာကြောင့် ပြီးခဲတဲ့ ဆယ်စုနှစ်များ အတွင်း ချင်းပြည်နယ် ကနေ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူ အနည်းဆုံးနှစ် ဖြစ်ခဲ့ ပါတယ်။
၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာလည်း ချင်းပြည်နယ်ကနေ ဖြေဆိုသူ ၄၃၅ ဦးရှိပြီး စာမေးပွဲ အောင်မြင်သူ ၃၃၈ ဦးရှိကာ ချင်းပြည်နယ်ရဲ့ ပညာရေး သမိုင်းမှာ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ ဒုတိယ အနည်းဆုံး နှစ် အဖြစ် မှတ်တမ်း ဝင်သွား ခဲ့ပါတယ်။
ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ နဲ့ ပတ်သက်ပြီး ဟားခါးမြို့နေ ပညာရေးဌာန နဲ့ နီးစပ်သူ တဦးက “တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုဖို့ မှတ်ပုံတင်တဲ့ စာရင်းက ၉၁၅ ဦး ရှိပါတယ်။ မနှစ်က ထက် ၃၅၉ ဦး ပိုများ လာပါတယ်။ မနှစ်က ထက် အောင်ချက် ပိုမို ကောင်းမွန် ဖို့ နှင့် စာမေးပွဲ ကာလ အတွင်း အနှောင့်အယှက် ဘာမှ မရှိဖို့ ဆုတောင်းပေး ပါတယ်” လို့ Chin World Media ကို ပြောကြားသွား ပါတယ်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ကို မတ်လ ၁၁ နေ့ ကနေ မတ်လ ၁၇ ရက်နေ့ အထိ တနိုင်ငံလုံး အတိုင်းအတာ ဖြင့် ကျင်းပ သွားမှာ ဖြစ်တယ် လို့ မြန်မာနိုင်ငံစာစစ်ဌာန ရဲ့ ထုတ်ပြန်ချက်များ အရ သိရှိခဲ့ရ ပါတယ်။

