
မတ်လ ၂၈ ရက်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းကို နယ်မြေကန့်သတ်ချက်စောင့်ကြည့်ခွင့်ပြုမိန့် (PAP) မပါဘဲ ဝင်ရောက်ခဲ့တဲ့ စလိုဗက်ကီးယားနိုင်ငံသားဟာ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်က သူငယ်ချင်းတွေရဲ့ ဖိတ်ကြားချက်နဲ့ သင်္ကြန်ပွဲတော်ဆင်နွှဲဖို့ လာရောက်တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပေမယ့် အာဏာပိုင်တွေက သူ့ကို ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။
အသက် ၅၈ နှစ်အရွယ်ရှိတဲ့ အဆိုပါစလိုဗက်ကီးယားအမျိုးသားဟာ ထိုင်းနိုင်ငံကနေတစ်ဆင့် ကာလကတ္တားသို့ သွားရောက်ခဲ့ပြီး အဲဒီကမှတစ်ဆင့် မီဇိုရမ်သို့ ရောက်ရှိလာတာဖြစ်ကာ၊ ချင်းပြည်နယ်မှာရှိတဲ့ သူငယ်ချင်းတွေရဲ့ ဖိတ်ကြားချက်အရ သင်္ကြန်ပွဲတော် (Water Festival) တက်ရောက်ဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။ ၎င်းကို ပြီးခဲ့တဲ့ သောကြာနေ့မှာပဲ ပြည်နှင်ဒဏ်ပေးခဲ့တာဖြစ်ပါတယ်။
အလားတူ နယ်စပ်ဒေသတွေမှာ သွားလာခွင့်အတွက် မဖြစ်မနေလိုအပ်တဲ့ PAP ခွင့်ပြုမိန့်မရှိတာကြောင့် အသက် ၄၁ နှစ်အရွယ် ရုရှားနိုင်ငံသားတစ်ဦးကိုလည်း ထိန်းသိမ်းခဲ့ပြီး၊ ၎င်းကိုလည်း လေယာဉ်လက်မှတ်အတည်ပြုပြီးတာနဲ့ မကြာခင် ပြည်နှင်ဒဏ်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အိန္ဒိယအစိုးရရဲ့ စည်းမျဉ်းအရ ဘူတန်နိုင်ငံသားတွေကလွဲလို့ ကျန်နိုင်ငံခြားသားအားလုံးဟာ မြန်မာနဲ့ တရုတ်နယ်စပ်အနီးရှိ မီဇိုရမ်အပါအဝင် ထိလွယ်ရှလွယ်နယ်စပ်ဒေသတွေကို သွားလာမယ်ဆိုရင် PAP ခွင့်ပြုမိန့်ကို မဖြစ်မနေ လျှောက်ထားရယူရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ကလည်း အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) ဟာ ယူကရိန်းနိုင်ငံသား ၆ ဦးနဲ့ အမေရိကန်နိုင်ငံသား ၁ ဦး၊ စုစုပေါင်း နိုင်ငံခြားသား ၇ ဦးကို မြန်မာနိုင်ငံနဲ့ ဆက်နွှယ်တဲ့ ပူးပေါင်းကြံစည်မှုတွေမှာ ပါဝင်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခဲ့တယ်လို့ အိန္ဒိယမီဒီယာတွေကဖော်ပြပါတယ်။

