Headlines

NCGUB စင်ပြိုင်အစိုးရဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းကွယ်လွန်ခြင်းအပေါ်ဝမ်းနည်းကြောင်း CNF ထုတ်ပြန်

ဖေဖော်ဝါရီလ ၈ ရက်။

၁၉၉၀ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံနယ်စပ်လွတ်မြောက်နယ်မြေမှာ စင်ပြိုင်အစိုးရအဖြစ်ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးညွန့်ပေါင်းအစိုးရ(NUGUB )ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းအသက် ၈၂ နှစ်ဟာ ဖေဖော်ဝါရီလ ၆ ရက်မှာ အမေရိကန်နိုင်ငံမှာ ကွယ်လွန်ခဲ့ခြင်းအပေါ် မိသားစုနဲ့အတူထပ်တူဝမ်းနည်းကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ဖေဖော်ဝါရီလ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒေါက်တာစိန်ဝင်းအား ဖက်ဒရယ်ဒီမိုကရေစီနဲ့တရားမျှတမှုအတွက်အစဉ်တစိုက်ကြိုးပမ်းအားထုတ်ခဲ့သော ခေါင်းဆောင် ၁ ဦးဖြစ်ကြောင်း၊ချင်းအမျိုးသားတပ်ဦးအနေဖြင့် ဒေါက်တာစိန်ဝင်းရဲ့တဘဝလုံး ပြည်သူ့အတွက်ပေးဆပ်တာဝန်ထမ်းဆောင်ခဲ့မှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေးလှုပ်ရှားမှုများအတွက်ပံ့ပိုးကူညီခဲ့မှုများကို အဖိုးတန်အမွေအနှစ်အဖြစ် တန်ဖိုးထားကာလေးစားဂုဏ်ပြုပါကြောင်း CNF က ထုတ်ပြန်ပါတယ်။

ဒေါက်တာစိန်ဝင်းဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့အကို အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်းရဲ့သားဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အကိုဝမ်းကွဲ တော်စပ်သူဖြစ်ပါတယ်။

ဒေါက်တာစိန်ဝင်းသည် Hamburg Universityမှ သိပ္ပံပါရဂူဘွဲ့ရရှိခဲ့ကာ ၁၉၉၀ ရွေးကောက်ပွဲမှာ ပဲခူးတိုင်း၊ပေါက်ခေါင်းမြို့နယ်မှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တစ်ဥဦးဖြစ်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရလဒ်ကို နဝတ စစ်အစိုးရကပယ်ချခဲ့သဖြင့် အနိုင်ရလွှတ်တော်အမတ်များစုစည်း၍ NCGUB အစိုးရကို မြန်မာနိုင်ငံနယ်စပ် ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေ မာနယ်ပလောမှာ ဖွဲ့စည်းခဲ့ကာ ဒေါက်တာစိန်ဝင်းဟာ NCGUB အစိုးရမှာ ဝန်ကြီးချုပ်အဖြစ် ဦးဆောင်ခဲ့ပါတယ်။

NCGUB အစိုးရကို နိုင်ငံတကာက အဝေးရောက်စင်ပြိုင်အစိုးရအဖြစ် အသိအမှတ်ပြုပြီး နိုင်ငံအချို့က ကူညီထောက်ခံခဲ့ပါတယ်။

NCGUB အစိုးရကို မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ခုနှစ်မှာ ဖျက်သိမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာ မတရားအသင်းအဖြစ်မှ ပယ်ဖျက်ခံရပြီး ဒေါက်တာစိန်ဝင်းဟာ မြန်မာနိုင်ငံကို ပြန်ဝင်ခွင့်ရခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *