Headlines

ဟားခါးမြို့တွင်း ပစ်ခတ်တိုက်ခိုက်မှုမှာ ရဲအရာရှိအပါအဝင် တပ်သား ၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ထုတ်ပြန်

ဖေဖော်ဝါရီလ ၁၃ ရက်။

ချင်းပြည်နယ် မြို့တော် ဟားခါးမြို့အတွင်း မနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ညနေ (၇) နာရီခန့်မှာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်လက်အောက်ခံရဲတပ်ဖွဲ့ဘက်က ရဲအရာအပါအဝင် ရဲတပ်သား ၃ ဦး ပွဲချင်းပြီးသေဆုံးပြီး ၅ ဦး ပြင်းထန် ဒဏ်ရာရခဲ့တယ်လို့ ဟားခါးမြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ CDF – Hakha ကို ထောက်ပံ့နေတဲ့ CDF-Hakha Support Team of North America က ထုတ်ပြန်ပါတယ်။

ဟားခါးမြို့အတွင်း တာဝန်ကျရဲမင်းကြီးရဲ့ လူမဆန်စွာ ကြမ်းကြုတ် ရိုင်းစိုင်းသလို ပြည်သူတွေထံကနေ မတရားငွေညစ်တာတွေ လုပ်လေ့ ရှိတာကြောင့် ဟားခါးမြို့နယ်အခြေစိုက် CDF – Hakha တပ်ဖွဲ့က Operation ဖာ်ဆောင်ရတာဖြစ်တယ်လို့ ပုံ – CDF – Hakha လို့ ဖော်ပြထားတာတွေ့ရပါတယ်။

CDF – Hakha Support Team of North America ဖော်ပြချက်အရ ဟားခါးမြို့အတွင်း တာဝန်ကျ ရဲမင်းကြီးဟာ ၎င်းလက်အောက်ခံတွေကို တနေ့ သိန်း ၃၀ ထက်မနည်း ငွေကြေးကို ပြည်သူတွေဆီကနေ မတရားလုယူခိုင်းပြီး ဟားခါးမြို့အခြေစိုက် တပ်ကုန်းနေ ဗျူဟာမှူးထံ ကန်တော့လေ့ရှိတာကြောင့် အခုလို ပစ်ခတ်တိုက်ခိုက်မှုတွေ ဖော်ဆောင်ရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အေးချမ်းစွာနေထိုင်နေတဲ့ ဟားခါးမြို့အတွင်းက ပြည်သူတွေထံ ငွေကောက်ခံတာတွေ ထပ်လုပ်ရင် မနေ့ညနေက ဖော်ဆောင်ခဲ့တဲ့ Operation ထက်ပြင်းထန်တဲ့ ပစ်ခတ်၊ ဖောက်ခွဲမှုတွေ ထပ်မံ ပြုလုပ်သွားမှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

ဟားခါးမြို့နေပြည်သူတွေအနေဖြင့် ဖေဖော်ဝါရီလ ၉ ရက်နေ့ကစလို့ ဟားခါးမြို့အနီးအနားရှိ တောတောင်ဒေသတွေအတွင်း သွားလာလှုပ်ရှားတာတွေ မလုပ်ဖို့ကိုလည်း CDF – Hakha က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က အသိပေးထားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *