Headlines

မီဇိုရမ်ပြည်နယ်ရဲ့အိန္ဒိယဘတ်ဂျက်ရရှိမှုနှင့် စစ်ဘေးရှောင်များ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ

DonBosco

အိန္ဒိယဗဟိုအစိုးရက ၂၀၂၆-၂၇ ဘဏ္ဍာနှစ်အတွက် မီဇိုရမ်ပြည်နယ်ကို အခွန်ဝေစု ရူပီး ၈,၆၀၈ ကုဋေ ခွဲဝေချထားပေးလိုက်ပေမဲ့ ဒီရန်ပုံငွေတွေဟာ ပြည်နယ်အတွင်းက လမ်းတံတား၊ ရထားလမ်းနဲ့ လေဆိပ်တွေလိုမျိုး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးအတွက်ပဲ ဖြစ်ပါတယ်။

တကယ်တမ်း မြေပြင်မှာ အခက်တွေ့နေရတဲ့ မြန်မာစစ်ဘေးရှောင်တွေအတွက်တော့ ဗဟိုအစိုးရဆီကနေ သီးသန့်ဘဏ္ဍာငွေ ထောက်ပံ့မှုဟာ အင်မတန် နည်းပါးနေဆဲ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဗဟိုအစိုးရကနေ စစ်ဘေးရှောင်တွေအတွက် ပံ့ပိုးပေးထားတဲ့ ပမာဏဟာ ရူပီး ၁၀ သန်း (၁ ကုဋေ) ဝန်းကျင်လောက်ပဲ ရှိနေသေးတာကြောင့် ပြည်နယ်အစိုးရရဲ့ လိုအပ်ချက်နဲ့ နှိုင်းယှဉ်ရင် အင်မတန် ကွာဟနေတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ နှစ်နှစ်ကျော် ကာလအတွင်းမှာ အိန္ဒိယဗဟိုအစိုးရဟာ စစ်ဘေးရှောင်တွေအတွက် တရားဝင် ဘတ်ဂျက်ခေါင်းစဉ်နဲ့ ရန်ပုံငွေတစ်ပြားတစ်ချပ်မှ ချပေးခဲ့ခြင်း မရှိပါဘူး။ အဲဒီအချိန်က ဗဟိုအစိုးရရဲ့ မူဝါဒဟာ နယ်စပ်ကို ပိတ်ထားဖို့နဲ့ စစ်ဘေးရှောင်တွေကို ပြန်လွှတ်ဖို့သာ ဖြစ်ခဲ့တာကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ပြည်နယ်အစိုးရဆီ လွှဲပြောင်းပေးအပ်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

ဒီကာလအတွင်းမှာ မီဇိုရမ်ပြည်နယ်အစိုးရဟာ စစ်ဘေးရှောင်တွေအတွက် လိုအပ်တဲ့ စရိတ်စကတွေကို ပြည်နယ်ရဲ့ ကိုယ်ပိုင်ရန်ပုံငွေ (State Fund) ထဲကနေပဲ ရူပီး ၃ ကုဋေ (သန်း ၃၀) နီးပါး စိုက်ထုတ်သုံးစွဲခဲ့ရပြီး အရပ်ဘက်အဖွဲ့အစည်းတွေနဲ့အတူ ကိုယ်ထူကိုယ်ထ စနစ်နဲ့ပဲ တာဝန်ယူခဲ့ရတာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဇွန်လပိုင်းရောက်မှသာ စစ်ဘေးရှောင်ဦးရေ သိသိသာသာ တိုးပွားလာမှုကို ထည့်သွင်းစဉ်းစားပြီး ဗဟိုအစိုးရဟာ ကယ်ဆယ်ရေးရန်ပုံငွေအဖြစ် ရူပီး ၃ ကုဋေ (သန်း ၃၀) ပေးအပ်ဖို့ မူအားဖြင့် ပထမဆုံးအကြိမ် ကတိကဝတ်ပြု သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

သို့သော်လည်း အဆိုပါကတိပြုထားတဲ့ ရန်ပုံငွေဟာ လက်တွေ့မှာတော့ ၂၀၂၄ ခုနှစ်အတွင်း ရောက်မှသာ ရူပီး ၁၀ သန်း (၁ ကုဋေ) တန်ဖိုးရှိတဲ့ ဆန်ရိက္ခာနဲ့ ငွေသားအကူအညီအဖြစ် ပထမဆုံးအကြိမ် လွှဲပြောင်းရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၁ ခုနှစ်ကစလို့ အခုအချိန်ထိ ဗဟိုအစိုးရဆီကရတဲ့ အကူအညီဟာ အင်မတန် နောက်ကျနေသလို၊ ပမာဏအားဖြင့်လည်း မြေပြင်လိုအပ်ချက်ရဲ့ အစိတ်အပိုင်း အနည်းငယ်ကိုသာ ဖြည့်ဆည်းပေးနိုင်တဲ့ အခြေအနေမှာ ရှိနေဆဲ ဖြစ်ပါတယ်။

မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး K. Sapdanga ကနေ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ဗဟိုအစိုးရဆီ ထပ်မံတောင်းဆိုထားတဲ့ ရူပီး သိန်း ၅၀ (၅ သန်း) ရန်ပုံငွေဟာ စစ်ဘေးရှောင်တွေရဲ့ နေ့စဉ် စားဝတ်နေရေးနဲ့ အသက်ရှင်ရပ်တည်ရေးအတွက် အဓိက အရေးကြီးနေတာ ဖြစ်ပါတယ်။ ပြည်နယ်အစိုးရက ထပ်မံတောင်းဆိုထားတဲ့ ရူပီး သိန်း ၅၀ ဆိုတာဟာလည်း ၂၀၂၃ ခုနှစ်က ကတိပြုထားတဲ့ ရူပီး ၃ ကုဋေ ရန်ပုံငွေထဲကနေပဲ အပိုင်းလိုက် ဆက်လက်ထုတ်ယူသုံးစွဲနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

လက်ရှိ မီဇိုရမ်ပြည်နယ်အတွင်းမှာ ခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးရှောင်တွေဟာ ရေရှည်ရှင်သန်ရပ်တည်နိုင်ဖို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေကြရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ ချင်းပြည်နယ်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ Champhai (ချမ်ဖိုင်)၊ Siaha (ဆိုင်းဟား)၊ Lawngtlai (လောင်တလိုင်) နဲ့ မြို့တော် Aizawl (အိုင်ဇောလ်) အပါအဝင် နယ်စပ်ခရိုင် ၆ ခုမှာ ပြန့်နှံ့နေထိုင်နေကြတဲ့ စစ်ဘေးရှောင်တွေဟာ ဥပဒေကြောင်းအရ တရားဝင် အလုပ်လုပ်ကိုင်ခွင့် (Work Permit) မရှိတာကြောင့် ဒေသခံတွေရဲ့ လယ်ယာ၊ တောင်ယာတွေမှာ လုပ်အားခ သက်သက်သာသာနဲ့ အလုပ်လုပ်ကိုင်ရင်း ရှင်သန်နေကြရသလို၊ တစ်ဖက်မှာလည်း ခရီးသွားလုပ်ငန်း တိုးတက်လာမှုနဲ့အတူ တင်းကျပ်လာတဲ့ လုံခြုံရေး စစ်ဆေးမှုတွေကြားမှာ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကိုပါ ခံစားနေရတာ ဖြစ်ပါတယ်။

မြန်မာစစ်ဘေးရှောင်တွေအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေဆီကနေ ရန်ပုံငွေနဲ့ အကူအညီတွေ တိုက်ရိုက်ရရှိနိုင်ဖို့ ကြိုးစားရာမှာ အိန္ဒိယနိုင်ငံရဲ့ တင်းကျပ်လှတဲ့ FCRA (Foreign Contribution Regulation Act) ဥပဒေဟာ အဓိက စိန်ခေါ်မှုကြီး ဖြစ်နေပါတယ်။ အိန္ဒိယအစိုးရဟာ ပြည်ပကနေ ရန်ပုံငွေလက်ခံမယ့် အရပ်ဘက်အဖွဲ့အစည်းတွေကို တင်းကျပ်စွာ ကန့်သတ်ထားပြီး၊ အထူးသဖြင့် မြန်မာစစ်ဘေးရှောင်အရေးမှာ တက်ကြွစွာ ကူညီနေတဲ့ ဒေသတွင်း အဖွဲ့အစည်း အများစုမှာ ဒီ FCRA လိုင်စင် မရှိကြတာကြောင့် နိုင်ငံတကာ အလှူရှင်တွေဆီကနေ ရန်ပုံငွေ တိုက်ရိုက်လက်ခံဖို့ မဖြစ်နိုင်သလောက် ခက်ခဲနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဗဟိုအစိုးရက စစ်ဘေးရှောင်တွေကို “ဒုက္ခသည်” အဖြစ် တရားဝင် အသိအမှတ်မပြုထားတာကြောင့် UNHCR လိုမျိုး အဖွဲ့အစည်းတွေအနေနဲ့လည်း မီဇိုရမ်ပြည်နယ်အတွင်းမှာ လွတ်လပ်စွာ ဝင်ရောက်ကူညီခွင့် မရရှိဘဲ ဖြစ်နေရပါတယ်။ ဒီလို လက်မခံရခြင်းမှာ အိန္ဒိယအနေနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက် (1951 Refugee Convention) မှာ လက်မှတ်ရေးထိုးမထားခြင်းကြောင့် ဒုက္ခသည်ဆိုင်ရာ သီးခြားဥပဒေ မရှိဘဲ ၁၉၄၆ နိုင်ငံခြားသားများ အက်ဥပဒေနဲ့သာ ကိုင်တွယ်နေခြင်း၊ မြန်မာစစ်ကောင်စီနဲ့ ဆက်ဆံရေးကို ထိန်းညှိလိုခြင်းနဲ့ ဘဏ္ဍာရေးအရ ရေရှည်တာဝန်မယူလိုခြင်း စတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။

အထူးသဖြင့် စစ်ဘေးရှောင်တွေကို ဒုက္ခသည်အဖြစ် လက်ခံလိုက်ပါက အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ၎င်းတို့၏ နေထိုင်စားသောက်မှု အားလုံးကို ဗဟိုအစိုးရက တာဝန်ယူရမည်ဖြစ်ရာ၊ ယခုကဲ့သို့ နယ်စပ်ခြံစည်းရိုးခတ်ရန်နှင့် FMR စနစ်ကို ရပ်ဆိုင်းရန် ကြိုးစားမှုများသည် အနာဂတ် ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးများကို ဖြတ်တောက်ချင်သော သဘောပင် ဖြစ်ပါတယ်။

မြန်မာစစ်ဘေးရှောင်စာရင်းနဲ့ ပတ်သက်ရင်လည်း အစိုးရရဲ့ Biometric မှတ်တမ်းမှာ ၄၀,၀၀၀ ဝန်းကျင်သာ ရှိသော်လည်း CHRO နဲ့ YMA တို့ရဲ့ မြေပြင်စာရင်းအရ ၆၀,၀၀၀ ကျော် (၆၄,၀၀၀ ဝန်းကျင်) အထိ ရှိနေတာကြောင့် အကူအညီပေးရေးမှာ ဟာကွက်တွေ အများကြီး ရှိနေပါတယ်။

အထူးသဖြင့် အစိုးရဘတ်ဂျက်နဲ့ တိုက်ရိုက်လက်လှမ်းမမီတဲ့ စာရင်းပြင်ပက စစ်ဘေးရှောင် ၂၀,၀၀၀ ကျော်အတွက် အစားအသောက်နဲ့ ဆေးဝါးလိုအပ်ချက်တွေဟာ အင်မတန် မြင့်မားနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အခုထပ်မံတောင်းဆိုထားတဲ့ ရူပီး သိန်း ၅၀ ဟာ အစိုးရစာရင်းရှိသူတွေကိုသာမက မြေပြင်မှာ အမှန်တကယ် ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်အားလုံးအတွက် အစိုးရနဲ့ ZOROMKHCCHRO စတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကူညီထောက်ပံ့ပေးနိုင်ဖို့အတွက် အသက်သွေးကြောသဖွယ် အရေးပါနေတာပဲ ဖြစ်ပါတယ်။ MZP ကျောင်းသားသမဂ္ဂနဲ့ MHIP အမျိုးသမီးအစည်းအရုံးတို့ကလည်း အစိုးရဘတ်ဂျက် မလောက်ငတဲ့ ဟာကွက်တွေကို စုပေါင်းအားနဲ့ ဆက်လက်ဖြည့်ဆည်းပေးနေကြတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *