Headlines

ထန်တလန်မြို့နယ် ကို စစ်ကော်မရှင်တပ်ဖွဲ့ကလေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ၆ ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် လူအများအပြား ထိခိုက်ဒဏ်ရာရခဲ့

ဖေဖော်ဝါရီလ ၁၀ ရက်။

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ တလန်ခွါ(Tlang Khua)ကျေးရွာကို ဒီကနေ့ ဖေဖောဝါရီလ ၁၀ ရက်နေ့ နေ့လည်ပိုင်းလောက်မှာ စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သက်ကြီးရွယ်အိုအမျိုးသားတွေ အပါအဝင် အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး ကျောင်းသူ၊ ကျောင်းသား အပါအဝင် လူအများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ထန်တလန်မြို့နယ် တလန်ခွါရွာကျောင်း နဲ့ ဘောလုံးကွင်းအနီးရှိ အိမ်ဆောက်လုပ်သူတွေ အနားမှာ ကျရောက် ပေါက်ကွဲခဲ့တာဖြစ်ပြီး အဲဒီအနီးအနားမှာရှိတဲ့ ဒေသခံ အရပ်သား ၆ ယောက်သေဆုံးခဲ့ပြီး ကလေးငယ်အပါအဝင် အရပ်သားပြည်သူ အနည်းဆုံး ၇ ယောက်ဝန်းကျင်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြတာတွေ့ရပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေထဲမှာ တချို့က ဒဏ်ရာကြီးကြီးမားမားရခဲ့ပြီး စိုးရိမ်ရတဲ့ ဒဏ်ရာတွေဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း ချင်းပြည်နယ် တောင်ပိုင်းက မင်းတပ်မြို့၊ ကန်ပက်လက်မြို့နဲ့ မတူပီမြို့တွေကို တိုက်ပွဲတစ်စုံတရာဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်ဖွဲ့က တစ်ရက်တည်း လေကြောင်းတိုက်ခိုက်တာတွေလုပ်ခဲ့လို့ အရပ်သားကလေးငယ် တစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *