Headlines

တော်လှန်ရေးအောင်မြင်အောင်ဆင်နွှဲနိုင်ရေး CNF ၊ NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့ဆွေးနွေးခဲ့တယ်လို့ KIO/KIA ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ပြော

ဖေဖော်ဝါရီလ ၁၀ ရက်။

တော်လှန်ရေး အောင်မြင်အောင်ဆင်နွှဲနိုင်ရေး အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) ၊ ချင်းအမျိုးသားတပ်ဦး ( CNF) ၊ ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ ဖေဖော်ဝါရီလ လဆန်းပိုင်းမှာ ဆွေးနွေးခဲ့တယ်လို့ ဖေဖော်ဝါရီလ ၅ ရက်နေ့က ကျရောက်ခဲ့တဲ့ ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို အမေရိကန်နိုင်ငံ ၊ တက္ကဆက်ပြည်နယ်မှာ ကျင်းပချိန် KIO / KIA ရဲ့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က အွန်လိုင်းကနေ တက်ရောက်မိန့်ခွန်းပြောချိန်မှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

KIO / KIA ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က “ ပြန်လည်ပေါင်းစည်းရေး ပြန်လည်စုဖွဲ့ရေးကိုလည်း လုပ်နေပါတယ် လွန်ခဲ့တဲ့ နှစ်ရက်၊ သုံးရက်လောက်က ကျနော်တို့ NUG / KNU / KNPP / CNF နဲ့ KIO ၅ ဖွဲ့ အွန်လိုင်းအစည်းအဝေးလုပ်ပါတယ် လက်ရှိတော်လှန်ရေးကို အောင်မြင်အောင်ကျနော်တို့ ဘယ်လိုဆင်နွှဲမလဲဆိုတဲ့ဟာ ကျနော်တို့ ဦးစားပေးပြီး ကျနော်တို့ ဆွေးနွေးနေတာဖြစ်တယ် ”လို့ပြောပါတယ်။

တော်လှန်ရေးအောင်မြင်ဖို့ လက်နက်ကိုင်တော်လှန်နေတဲ့ အင်အားစုတွေသာမက ပြည်သူလူထုလည်း မှန်ကန်တဲ့လမ်းကြောင်းပေါ် ခိုင်ခိုင်မာမာ ရပ်တည်ဖို့လိုပြီး စည်စည်းညီညွှတ်ဖို့လည်း အလွန်အရေးကြီးတယ်လို့လည်း KIO / KIA ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောပါတယ်။

တော်လှန်ရေးဘယ်ချိန်ပြီးမြောက် အောင်မြင်မလဲဆိုတဲ့ မေးခွန်းဟာလည်း အားလုံးနဲ့ သက်ဆိုင်ပြီး ကျနော်တို့အားလုံး အောင်မြင်ချင်တဲ့ စိတ်ဓာတ်၊ စစ်ရေး နဲ့ နိုင်ငံရေးကို ပေါင်းစပ်ညှိနှိုင်းပြီးလိမ္မာပါးနပ်စွာဦးဆောင်မှုပေးနိုင်ခြင်းဟာလည်းအင်မတန်အရေးကြီးသလို ပြည်သူရဲ့ထောက်ခံမှု နားလည်မှုနဲ့လိုက်နာမှုပြည့်စုံမှသာအောင်မြင်မှာ ဖြစ်တယ်လို့လည်း KIO / KIA ဒုဗိုလ်ချုပ်ကြီး ဂွန်မော်ကပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *