
ဖေဖော်ဝါရီလ ၁၆ ရက်။
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဇန်ဇောလ်ကျေးရွာကို စစ်ကော်မရှင်တပ်ဖွဲ့က မနေ့ည ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည ၈ နာရီလောက်မှာ အကြောင်းမဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံအရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ တီးတိန်မြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ PDF – Zoland ထုတ်ပြန်ချက်အရ သိရပါတယ်။
တိုက်ပွဲတစ်စုံတရာ ဖြစ်ပွားခဲ့ခြင်းမရှိတဲ့ တီးတိန်မြို့နယ် ၊ ဇန်ဇောလ်ကျေးရွာကို တံတားဦးလေတပ်ကနေ တက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ ဂျက်ဖိုက်တာတစ်စီးက မနေ့ည ၈ နာရီခန့်မှာ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြင်းထန်လှတဲ့ ဗုံးအရှိန်ကြောင့် လမ်းမပေါ်က ကားပါ လွင့်ထွက်သွားခဲ့ရတယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသွားတဲ့ ဒေသခံ၂ ဦးကိုလည်း လက်ရှိမှာ ဆေးကုသမှုပေးနေသလို စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ အခုလို အကြောင်းမဲ့ ဗုံကြဲတိုက်ခိုက်ခဲ့တာကြောင့် ဇန်ဇောလ်ရွာသားတွေအပြင် အနီးအနား ဝန်းကျင်မှာနေထိုင်ကြတဲ့ ပြည်သူတွေလည်း ညမအိပ်ရပဲ စိုးရိမ်တကြီး နဲ့ ကြောက်လန့်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဇန်ဇော်ကျေးရွာကို အခုလိုအကြောင်းမဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာ မနေ့ညကနဲ့ဆိုရင် ဒုတိယအကြိမ်ဖြစ်ပြီး တီးတိန်မြို့နယ်၊ မွာလ်ဘင်း ကျေးရွာအုပ်စုတွင်ပါဝင်တဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး ဖလမ်းမြို့နယ်နဲ့လည်း နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နေရာမှာ တည်ရှိတဲ့ ကျေးရွာဖြစ်တယ်လို့လည်း သိရပါတယ်။

