Headlines

တမူးမြို့နယ်မှာ PDF တွေက ဒေသခံအမျိုးသားတွေကို ညအချိန်မတော် တပ်သားစုဆောင်းရေးလုပ်တာတွေ ဆိုးရွားလာလို့ ဒေသခံအမျိုးသမီးတွေက ဆန္ဒပြ

ဖေဖော်ဝါရီလ ၁၆ ရက်။

အိန္ဒိယ – မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အမျိုးသားညီညွတ် ေရးအစိုးရ (NUG)လက်အောက်ခံ PDF တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ဒေသခံအမျိုးသားတွေကို ညအချိန်မတော် တပ်သားစုဆောင်းရေးလုပ်တာတွေ အရမ်းဆိုးရွားလာလို့ တမူးမြို့နယ်က ကျေးရွာ ၅ ရွာလောက်က ဒေသခံအမျိုးသမီးတွေဟာ မင်းသမီးကျေးရွာမှာ စုပေါင်းပြီး ဖေဖော်ဝါရီလ ၁၅ ရက်ညနဲ့ဒီကနေ့ ၁၆ ရက်မှာ ဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။

မင်းသမီးကျေးရွာနေ အမျိုးသမီးတစ်ဦးက “ရွာမှာ ဘာသာရေး၊ နာရေး ကူညီလုပ်ဆောင်ပေးဖို့ လူလတ်ပိုင်း လူငယ်တွေ လုံးဝမရှိတော့ဘူး အဲဒါထက်ဆိုးတာက တောင်ယာလုပ်ကိုင်နေတဲ့ အခင်းထဲ ယာထဲတွေထိ ဆွဲတာ ညအချိန်မတော် အိမ်ယာထဲအထိပါ ဆွဲနေတာဆိုတော့ တော်တော်လွန်သွားလို့ အခုလို ဆန္ဒပြကြတာပါ အခုဆိုရင် လယ်ယာသိမ်းဖို့ ယောကျားသားတွေ မရှိတော့ဘူး နွားဆိုလဲ မိန်းမကျောင်းရတယ် ကျွဲဆိုရင်လည်း မိန်းမတွေက မောင်းရတယ် ဘယ်အရာမဆို မိန်းမကဘဲ ဦးဆောင်နေရတယ် နောက်ပြီး ညမှာဆန္ဒပြကြရတာကလည်း ညတွေမှာဘဲ အိမ်ပေါ်တက်ပြီး ဆွဲကြတာဆိုတော့ ညမှာဘဲ ဆန္ဒပြကြတာဖြစ်တယ် နေ့ဆိုရင်မဆွဲဘူး ညအိပ်ချိန် ကိုးနာရီ၊ ဆယ်နာရီဆိုရင် ရွာထဲ ပတ်ဆွဲလို့ အခုလို ညပိုင်းမှာ ဆန္ဒပြကြတာဖြစ်တယ်” လို့ပြောပါတယ်။

တမူးမြို့နယ်က မင်းသမီးကျေးရွာမှာ လူစုကြပြီး ဇီးဖြူကုန်းကျေးရွာ၊ ရွာသာကျေးရွာ စတဲ့ကျေးရွာ ၅ ရွာက ဒေသခံအမျိုးသမီးတွေ စုပေါင်းပြီး ဆန္ဒပြခဲ့တာလို့ သိရပြီး ဒီကနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာလည်း ဘုတ်ကံကျေးရွာမှာ ဆန္ဒပြတာတွေ ဆက်လက်လုပ်ဆောင်နေကြတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ဒေသခံတစ်ဦးက “အခုဒီကနေ့ နေ့လည်မှာရော ဘုတ်ကံမှာ ဆန္ဒပြနေကြတယ်လို့ သိရတယ် အခုလိုဆွဲနေတာက ခရိုင်အဖွဲ့ကလို့ ကြားတယ် မနေ့က စုဆောင်းထားတဲ့သူတွေကို မနေ့ကဘဲ ပို့တယ်လို့ ကြားတယ် ကချင်ဘက်ကို KIA နဲ့ ပေါင်းပြီးလုပ်တယ်လို့လည်းကြားတယ် ခရိုင်ကဘဲ ဆွဲတာ NUG လက်အောက်ခံတွေဘဲ။ တပ်တော်တွေရှိတုန်းကလည်း အဲလိုမလုပ်ခဲ့ဘူးဖူး လူစုဆောင်းပေမယ့် မရပေမယ့်လည်း တက်ပြီးတော့ မဆွဲဘူး ဆန္ဒရှိရင်တော့ဝင်အဲလိုဘဲ အခု NUG ရောက်လာကတည်းကစလို့ ရွာကလည်း ရစရာမရှိတော့ဘူး ၁၄ ရက်နေ့ညကလည်း ၁၅ နှစ်သားလေးတစ်ယောက်ရယ် သဲပေါ်အိပ်နေတဲ့သူရယ် ရွာသာမှာလည်း အိမ်ပေါ်အိပ်နေတဲ့ သူကိုလည်း နိုးပြီးတော့ သေနတ်တွေနဲ့ထောက်ပြီးခေါ်သွားတယ် ၃ ယောက်လောက်တော့ သိလိုက်တယ်အဲဒီညက ကျတာက ပဲသိမ်းတာတွေ လုပ်နေတဲ့သူတွေကို ဖမ်းသွားတာတွေလည်း ရှိတယ်” လို့ပြောပါတယ်။

အခုလို တမူးမြို့နယ်ထဲက NUG အစိုးရ လက်အောက်ခံ PDF ထိန်းချုပ်နယ်မြေတွေမှာ ညအချိန်မတော် အမျိုးသားတွေကို တပ်သားစုဆောင်းတာတွေ အသက်မပြည့်သေးတဲ့ လူငယ်တွေကို တပ်သားစုဆောင်းတာတွေကို လွန်ခဲ့တဲ့ ၂ လ လောက်ကတည်းကနေ စတင်လုပ်ဆောင်လာတာဖြစ်ပြီး တဖြည်းဖြည်း အခြေအနေ ဆိုးရွားလာတာဖြစ်တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *