Headlines

ချင်းပြည်နယ်မြောက်ပိုင်းကို စစ်ကော်မရှင်တပ် အင်အားဖြည့်တင်းတာတွေ ထပ်လုပ်လာလို့ ခရီးသွားပြည်သူတွေကို သတိပေး

ဖေဖော်ဝါရီလ ၁၁ ရက်။

တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မြောက်ပိုင်းကို စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ စစ်ကော်မရှင်တပ်က အင်အားဖြည့်တင်းကာ စစ်ကူတွေ ထပ်မံပို့ဆောင်တာတွေ လုပ်နေပြီး ဒီကနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ညနေပိုင်းလောက်မှာ တီးတိန်မြို့နယ် ၊ သိုင်းငင်းရွာကို စစ်ကော်မရှင်တပ်စစ်ကူတွေ ရောက်လာပြီဖြစ်လို့ ခရီးသွားပြည်သူတွေအနေနဲ့ သတိထားကြဖို့ကို PDF – Zoland စစ်ဦးစီးချုပ်က သတိပေးထားပါတယ်။

တီးတိန်မြို့နယ်မှာအခြေစိုက် လှုပ်ရှားနေတဲ့ လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့ဖြစ်တဲ့ PDF – Zoland စစ်ဦးစီးချုပ်က “စစ်သားတွေ Forland ကား ၅ စီးနဲ့ သိုင်းငင်းရွာ ရောက်နေပြီ ဘယ်ဘက်ကို သွားမလဲဆိုတာ မသေချာသေးပါ ။ ဒါကြောင့် ခရီးသွားတွေအနေနဲ့ သတိထားကြပါ” လို့ ၎င်းရဲ့ Greenland Gideon ဆိုတဲ့ သူရဲ့ ဖေ့ဘုတ်လူမှုကွန်ယက်ပေါ်ကနေ ဒီကနေ့ ညနေပိုင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဆန်းကတည်းကနေ တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဟာ ကျဆုံး၊ အထိနာတာတွေ များခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့လောက်မှာဘဲ ကလေးမြို့ကနေ အင်အား ၃၀၀ ဝန်းကျင်ကို ကလေး – သိုင်းငင်းလမ်းကနေ ပို့ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကဘဲ ဖလမ်းမြို့ကို ဦးတည် စစ်အင်အားဖြည့်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် အင်အား ၃၀၀ ခန့်ဟာ ဖေဖော်ဝါရီလ ၈ ရက်နေ့က ချင်းလက်နက်ကိုင်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဖလမ်းမြို့နယ် ထင်းရှုးစခန်း အနီးမှာ တားဆီးတိုက်ခိုက်ခဲ့တာကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ နောက်ဆုပ်ကာ Farso ရွာက ခရစ်ယာန်ဘုရားကျောင်း အပါအဝင် အရပ်သားပြည်သူနေအိမ် ၄ လုံးခန့်ကိုလည်း မီးလောင်ပြာချသွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ကလေး – သိုင်းငင်းလမ်းကနေ ထပ်မံတက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေဟာလည်း ဖလမ်းမြို့ဘက်ကို ဦးတည်စစ်ကြောင်းထိုးလာနိုင်တယ်လို့ ဒေသခံတွေက ထင်မြင်မှုတွေလည်း ရှိနေပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဟာ ဖလမ်းမြို့ပြန်သိမ်းပိုက်နိုင်ရေး စစ်အင်အား ထောင်ချီအသုံးပြုသလို လေကြောင်း ၊ ဒရုံန်းတွေအမြောက်အများအသုံးပြုတိုက်ခိုက်နေသော်လည်း ချင်းလက်နက်ကိုင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က တန်ပြန်တိုက်ခိုက်မှုတွေအကြား ထိခိုက်ကျဆုံးများပြီး အထိနာနေတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *