Headlines

ကွမ်းသီးမှောင်ခိုမှုများတွင် ပါဝင်ပတ်သက်သည့် အရာရှိနှင့် ရဲတပ်ဖွဲ့ဝင်များကို ချွင်းချက်မထားဘဲ အရေးယူမယ်လို့ မီဇိုရမ်အစိုးရ သတိပေး

ဖေဖော်၀ါရီလ ၁၁ ရက်။

မြန်မာနိုင်ငံဖက်ကနေ မီဇိုရမ်ပြည်ဖက် နယ်စပ်ဖြတ်ကျော် ကွမ်းသီးမှောင်ခိုရောင်းဝယ်မှုတွေကို တင်းတင်းကျပ်ကျပ် နှိမ်နင်းသွားမှာဖြစ်ပြီး ဒီတရားမဝင်လုပ်ငန်းမှာ အစိုးရအရာရှိတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေတာကို တွေ့ရှိရင်လည်း ဘယ်သူ့ကိုမှ ချွင်းချက်မထားဘဲ အရေးယူသွားမယ်လို့ မီဇိုရမ်ပြည်နယ်အစိုးရက ကြေညာလိုက်ပါတယ်။

မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး K. Sapdanga က အိုင်ဇောလ်မြို့မှာရှိတဲ့ အာဏာရ ZPM ပါတီရုံးချုပ်မှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ပြုလုပ်တဲ့ အခမ်းအနားအတွင်း မှောင်ခိုလုပ်ငန်းတွေမှာ အရင်ကတည်းက နိုင်ငံရေးသမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်အချို့ ပါဝင်ပတ်သက်နေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စနစ်အတွင်းက အဲဒီလိုလူတွေကို စတင်ဖယ်ရှားနေပြီလို့ ပြောဆိုခဲ့ပါတယ်။

အတိုက်အခံတွေဘက်က အစိုးရရဲ့ မှောင်ခိုနှိမ်နင်းရေးလုပ်ငန်းစဉ်တွေအပေါ် ဝေဖန်တိုက်ခိုက်နေတာတွေ ရှိပေမဲ့လည်း ဒီမှောင်ခိုလုပ်ငန်းနဲ့ ဆက်နွှယ်နေတဲ့ နိုင်ငံရေးသမားတွေကို မဲဆန္ဒရှင်တွေက လက်မခံတော့သလို၊ မှောင်ခိုမှုမှာ ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း အငြိမ်းစားပေးတာတွေ လုပ်ဆောင်နေပြီလို့ ဝန်ကြီးက အတည်ပြုခဲ့ပါတယ်။

“ကွမ်းသီးမှောင်ခိုမှုမှာ ပါဝင်ပတ်သက်နေသူဟာ လက်ရှိတာဝန်ထမ်းဆောင်နေသူဖြစ်စေ၊ အရပ်သားဖြစ်စေ တင်းတင်းကျပ်ကျပ် အရေးယူသွားမှာပါ” လို့ ဝန်ကြီး Sapdanga က ပြောပါတယ်။

အခုလို ပြည်ပကနေ တရားမဝင်တင်သွင်းမှုတွေကို ကန့်သတ်လိုက်တာဟာ ဒေသတွင်း ကွမ်းသီးစိုက်ပျိုးသူတွေအတွက် အကျိုးအမြတ် အများကြီးရှိစေတယ်လို့ သူက မှတ်ချက်ပြုခဲ့ပါတယ်။ အထူးသဖြင့် Mamit ခရိုင်အတွင်းက Hachhek နယ်မြေမှာ မှောင်ခိုနှိမ်နင်းပြီးနောက်ပိုင်း ဒေသထွက်ကွမ်းသီးတွေကို ဝယ်လိုအား သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။

ဒါ့အပြင် ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ကုန်သွယ်မှုနဲ့ စွဲလမ်းမှုပြဿနာတွေကို နှိမ်နင်းဖို့အတွက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက စတင်ခဲ့တဲ့ ‘Operation Jericho’ စစ်ဆင်ရေးကိုလည်း ပိုမိုအရှိန်မြှင့် လုပ်ဆောင်သွားမယ်လို့ ပြည်ထဲရေးဝန်ကြီးက ကြေညာခဲ့ပါတယ်။ ဒီစစ်ဆင်ရေးကို ပြည်ထဲရေးဌာန၊ ယစ်မျိုးဌာနတို့အပြင် Young Mizo Association (YMA) လိုမျိုး အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မီဇိုရမ်ပြည်နယ်အတွင်းကို မှောင်ခိုဝင်ရောက်နေတဲ့ ကွမ်းသီး (Areca Nut) တွေဟာ မြန်မာနိုင်ငံဘက်က နယ်စပ်လမ်းကြောင်းမျိုးစုံကနေ စီးဝင်နေတာဖြစ်ပြီး အဓိကအားဖြင့် ချင်းပြည်နယ် (မြောက်ပိုင်း) ရှိ တီးတိန်မြို့ နဲ့ ဖလမ်းမြို့ တို့ကနေ မီဇိုရမ်ပြည်နယ်ရဲ့ ချမ်ဖိုင်ခရိုင်၊ ဇိုခေါသာနယ်စပ်ဘက်ကို အများဆုံး တင်ပို့နေတာ ဖြစ်ပါတယ်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ကလေးမြို့ နဲ့ တမူးမြို့ တို့ဟာလည်း ကွမ်းသီးကုန်သွယ်မှုရဲ့ အဓိကဗဟိုချက်တွေဖြစ်ပြီး ချင်းတောင်တန်းတွေကို ဖြတ်ကျော်ကာ မီဇိုရမ်နယ်စပ်ဆီကို မှောင်ခိုလမ်းကြောင်းတွေကတစ်ဆင့် အဆက်မပြတ် တင်သွင်းနေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ချင်းပြည်နယ် (တောင်ပိုင်း) ရှိ မတူပီမြို့ နဲ့ ပလက်ဝမြို့ တို့ဘက်ကနေလည်း မီဇိုရမ်ပြည်နယ် တောင်ပိုင်းခရိုင်တွေဖြစ်တဲ့ လောင်တလိုင်နဲ့ ဆိုင်းဟားဘက်ကို ကုန်းလမ်းရော၊ ရေလမ်းကြောင်းတွေကပါ တင်ပို့မှုတွေ ရှိနေတာကြောင့် အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်မှာ ကွမ်းသီးမှောင်ခိုမှုဟာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်နေရတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *