
ဇန်န၀ါရီလ ၁၄ ရက်။
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ အမှုဆောင်ညွှန်ကြားရေးမှူး Salai Za Uk ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အာဆီယံအဖွဲ့၀င် အရှေ့တီမောနိုင်ငံ (Timor-Leste) ၊ ဒီလီမြို့ရှိ သမ္မတနန်းတော်သို့ သွားရောက်ပြီး သမ္မတ José Ramos-Horta နဲ့ တစ်နာရီကြာ အရေးကြီးတဲ့ တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ CHRO ကထုတ်ပြန်ပါတယ်။
ဒီတွေ့ဆုံမှုအတွင်း ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းမှာ အာဏာသိမ်းစစ်ကော်မရှင်က ကျူးလွန်နေတဲ့ “ထိတ်လန့်ခြောက်ခြားဖွယ်ရာ အုပ်ချုပ်မှုစနစ်” နဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါတယ်။
အထူးသဖြင့် စစ်ကော်မရှင်က ဆေးရုံ၊ စာသင်ကျောင်းနဲ့ ဘုရားကျောင်းတွေကို လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ၊ အရပ်သားပြည်သူတွေကို စနစ်တကျ သတ်ဖြတ်နေတာတွေကို သမ္မတထံ အသိပေးခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၂၂ ခုနှစ်က မတူပီမြို့နယ်အတွင်း သတင်းထောက်တစ်ဦးနဲ့ ကလေးငယ်တစ်ဦးအပါအဝင် လူ ၁၀ ဦးကို အစုလိုက်သတ်ဖြတ်ခဲ့မှုနဲ့ ဘာသာရေးခေါင်းဆောင်တွေကို သတ်ဖြတ်ခဲ့မှုတွေအတွက် မြန်မာစစ်ကော်မရှင်အဖွဲ့ဝင် ၁၀ ဦးကို ဒီလီမြို့မှာ တရားစွဲဆိုထားတဲ့ အခြေအနေတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
CHRO အမှုဆောင်ညွှန်ကြားရေးမှူး Salai Za Uk က “ကျွန်တော်တို့ ကိုယ့်နိုင်ငံထဲမှာ တရားမျှတမှုကို အငြင်းပယ်ခံခဲ့ရပေမဲ့၊ အခုလို တရားမျှတမှုအတွက် ကိုယ်တိုင်တိုက်ပွဲဝင်ခဲ့ရတဲ့ ဤမြေပေါ်မှာတော့ ဆုံးရှုံးခဲ့ရတဲ့ တရားမျှတမှုတွေအတွက် ပြန်လည်ကုစားခွင့် ရလိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Timor-Leste နဲ့ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးနဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်ခဲ့ရတဲ့ တူညီတဲ့ သမိုင်းကြောင်းရှိတာကြောင့် အခုလို တွေ့ဆုံမှုဟာ မြန်မာပြည်သူတွေရဲ့ ငိုကြွေးသံကို ကမ္ဘာကကြားအောင် လုပ်ဆောင်ရာမှာ မျှော်လင့်ချက်တစ်ခု ဖြစ်လာတယ်လို့ Chin Human Right Organization (CHRO) ကသူ့ရဲ့လူမှုကွန်ယက်မှာဖော်ပြရေးသားထားပါတယ်။

