
ဇန်န၀ါရီလ ၂၂ ရက်။
အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်ထဲမှာ ခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးရှောင်တွေကို ပြည်နယ်အစိုးရက ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး အခုလို လူသားချင်းစာနာမှုဆိုင်ရာ ကူညီပံ့ပိုးမှုတွေက ပြည်နယ်ရဲ့ ပုံရိပ်ကို ကောင်းမွန်စေသလို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူဖြစ်စေတယ်လို့ မီဇိုရမ်ပြည်နယ် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး Lalnghinglova Hmar က ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ပြောကြားကြောင်း India Today သတင်းမှာဖော်ပြပါတယ်။
“သူတို့တွေ အဆင်ပြေကြပါတယ်။ ကျန်းမာရေးလည်း ကောင်းမွန်ပြီး လုံလောက်တဲ့ ပံ့ပိုးမှုတွေ ရရှိနေကြတယ်” လို့ သူက ဆိုပါတယ်။
သူကဆက်ပြီး “မီဇိုရမ်အစိုးရဟာ ခရီးသွားလုပ်ငန်းကို စီးပွားရေးရဲ့ အဓိက ဦးစားပေးကဏ္ဍတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ အိုက်ဇော်မြို့ကနေ ၃ နာရီလောက် သွားရတဲ့ Thainzal အရပ်မှာ ခရီးသွားလုပ်ငန်း ဇုန်အသစ်တစ်ခု ဖော်ဆောင်ဖို့ စီစဉ်နေပါတယ်။ အဲဒီနေရာမှာ ရေတံခွန်၊ ဂေါက်ကွင်းနဲ့ သာယာလှပတဲ့ တောင်ကြားတောင်ပြင်တွေ ရှိတာကြောင့် အဓိက ဆွဲဆောင်မှုရှိတဲ့ နေရာတစ်ခု ဖြစ်လာမှာပါ” လို့ ပြောပါတယ်။
၂၀၂၃ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း မီဇိုရမ်ပြည်နယ်ကို လာရောက်တဲ့ ခရီးသွားအရေအတွက်ဟာ နှစ်ဆနီးပါး အထိ သိသိသာသာ မြင့်တက်လာခဲ့ပြီး အခု ၂၀၂၆ ခုနှစ်ထဲမှာတော့ ရထားလမ်းဆက်သွယ်မှုတွေ ပါလာမှာဖြစ်လို့ ခရီးသွား ပိုများလာမယ်လို့ တာဝန်ရှိသူတွေက မျှော်လင့်နေကြပါတယ်။
“ဒါဟာ ခရီးသွားအရေအတွက် တိုးလာဖို့တင် မဟုတ်ပါဘူး၊ ခရီးသွားလုပ်ငန်းကနေတစ်ဆင့် မီဇိုရမ်ရဲ့ စီးပွားရေးအနာဂတ်ကို ပုံဖော်ဖို့ပါ” လို့ ဝန်ကြီးက ပြောပါတယ်။
ခရီးသွားတွေ ပြည်နယ်ထဲမှာ ရေရှည်တည်းခိုနိုင်ဖို့အတွက် “မီဇိုရမ် ခရီးသွားပွဲတော်များနှင့် အခမ်းအနားများ ပြက္ခဒိန် ၂၀၂၆” ကိုလည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့ကတည်းက စတင်မိတ်ဆက်ထားပြီး ဖြစ်ပါတယ်။
အဲဒီပြက္ခဒိန်မှာ တစ်နှစ်ပတ်လုံး ရှိနေမယ့် ယဉ်ကျေးမှုပွဲတော်တွေ၊ အားကစားပွဲတွေကို ထည့်သွင်းထားတာကြောင့် ခရီးသွားတွေအနေနဲ့ ကြိုတင်ပြင်ဆင်ပြီး လာရောက်နိုင်မှာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် တစ်နှစ်လုံးမှာ ခရီးသွားစုစုပေါင်း ၈.၄၁ သိန်း (၈၄၁,၃၂၃ ဦး) ကျော် ဝင်ရောက်ခဲ့ပြီး ဒါဟာ မီဇိုရမ်ပြည်နယ် သမိုင်းတစ်လျှောက် အများဆုံး စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။
ရထားလမ်းကြောင့် လေယာဉ်ခနဲ့ ကားခထက် အဆပေါင်းများစွာ သက်သာသွားတာက ခရီးသွားတွေ ပိုများလာရတဲ့ အဓိကအကြောင်းရင်း ဖြစ်တယ်လို့ ဝန်ကြီး Lalnghinglova Hmar က ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာ ခရစ္စမတ်ကာလမှာဆိုရင် အိုက်ဇောမြို့က ဟိုတယ်တွေနဲ့ တည်းခိုခန်း (Homestays) တွေဟာ လူပြည့်သွားတဲ့အထိ စည်ကားခဲ့ပါတယ်။
ရထားလမ်းကဏ္ဍကြောင့် တိုးတက်လာတဲ့ ခရီးသွားလုပ်ငန်းကို အခြေခံပြီး ပြည်နယ်အစိုးရအနေနဲ့ ၂၀၂၆ ခုနှစ်မှာလည်း Aizawl International Half Marathon လို ပွဲကြီးတွေကို ထပ်မံကျင်းပပြီး ခရီးသွားတွေကို ဆွဲဆောင်ဖို့ စီစဉ်နေပါတယ်။
မီဇိုရမ်ပြည်နယ်အစိုးရရဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ နောက်ဆုံးကောက်ယူထားတဲ့ စာရင်းများအရ ပြည်နယ်အတွင်းမှာ မြန်မာစစ်ဘေးရှောင် ၃၄,၀၀၀ ကျော် (၃၄,၄၁၈ ဦး) ရှိတယ်လို့ ဆိုပါတယ်။

