
မီဇိုရမ်ပြည်နယ်၊ Serchhip ခရိုင် Thentlang ရွာအနီးက တောထဲမှာ အာဖရိကဝက်အဖျားရောဂါ (ASF) ကြောင့် တောဝက် အကောင် ၂၀ ခန့် သေဆုံးနေတာကို တွေ့ရှိခဲ့ပြီးနောက် ၀က်မွေးမြူရေးလုပ်ငန်းရှင်များအား သတိထားရန် ပြည်နယ် တိမွေးကုဌာနက သတိပေးထားကြောင်း ဇန်န၀ါရီလ (၂၀) ရက်နေ့မှာ North East Today မှာဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအစောပိုင်းမှာ ဒေသခံတွေက တောဝက်သေတွေကို စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အာဏာပိုင်တွေကို အကြောင်းကြားခဲ့တာပါ။ သေဆုံးနေတဲ့ တောဝက်တွေဆီက အရိုးခြင်ဆီနမူနာတွေကို ဓာတ်ခွဲခန်းပို့ စစ်ဆေးခဲ့ရာမှာ ဇန်နဝါရီလ ၁၆ ရက်နေ့မှာတော့ ASF ရောဂါပိုးရှိနေတာ အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။
မီဇိုရမ်ပြည်နယ်မှာ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး Lunglei ခရိုင် Lungsen ရွာမှာ ASF ရောဂါ စတင်တွေ့ရှိခဲ့ပြီးနောက်ပိုင်း အခုဖြစ်စဉ်ဟာ တောဝက်တွေ ထပ်မံသေဆုံးတဲ့ နောက်ဆုံးဖြစ်စဉ် ဖြစ်ပါတယ်။
အရင်ကလည်း ၂၀၂၂ ဇူလိုင်မှာ မြန်မာနယ်စပ်အနီး Champhai ခရိုင်၊ ၂၀၂၄ စက်တင်ဘာမှာ Lawngtlai ခရိုင် Bungtlang South ရွာနဲ့ ၂၀၂၅ စက်တင်ဘာမှာ အာသံနယ်စပ် Kolasib ခရိုင် Saipum ရွာတွေမှာ တောဝက်တွေ ASF ရောဂါနဲ့ သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
ဒီရောဂါကြောင့် ပြည်နယ်အတွင်းရှိ အိမ်မွေးဝက်တွေလည်း အမြောက်အမြား ဆုံးရှုံးခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ်ကစပြီး ဝက်ကောင်ရေ ၇၂,၀၁၂ ကောင် သေဆုံးခဲ့ကာ ၅၂,၉၇၉ ကောင်ကို ရောဂါမပြန့်အောင် သတ်ပစ်ခဲ့ရတာကြောင့် မိသားစုပေါင်း ၁၂,၅၀၀ ကျော် ထိခိုက်ခဲ့ပါတယ်။ ငွေကြေးအရ ဆုံးရှုံးမှုတန်ဖိုးဟာ ရူပီး ကုဋေ ၁,၀၁၁.၂၇ (Rs 1,011.27 crore) ကျော် ရှိခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် တစ်နှစ်တည်းမှာတင် ဝက် ၉,၇၁၁ ကောင် သေဆုံးပြီး ၃,၆၂၀ ကောင်ကို သတ်ပစ်ခဲ့ရတာကြောင့် မိသားစု ၃,၈၆၇ စု ထိခိုက်ခဲ့ပြီး ရူပီး ၁၁၄.၆၄ ကုဋေဖိုး ဆုံးရှုံးခဲ့ပါတယ်။
ရောဂါထပ်မံမပြန့်ပွားစေဖို့အတွက် ရောဂါဖြစ်ပွားရာနေရာတွေနဲ့ ရောဂါကူးစက်နိုင်ခြေရှိတဲ့ နေရာတွေမှာ စောင့်ကြည့်စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ အရာရှိတွေက သတိပေးနှိုးဆော်ထားပါတယ်။

