
ဇန်န၀ါရီလ ၁၄ ရက်။
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ် ၊ ဟားခါး – ဖလမ်းကြားမှာရှိတဲ့ လဲန်သဲ ( Lente ) ကျေးရွာကို စစ်ကော်မရှင်က ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ မနက်အစောပိုင်း ၁ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်းနဲ့ အရပ်သားအဆောက်အအုံ တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်ဆီကသိရပါတယ်။
ဒေသခံ သတင်းရင်းမြစ်က “ လဲန်သဲရွာက ဟားခါး -ဖလမ်းကြားမှာ ရှိတဲ့ ကျေးရွာဖြစ်တယ် နောက်ပြီး ဝေဘူလဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ လဲန်သဲရွာဘက်ကနေ လာကြတာဖြစ်တယ် မနေ့ကလည်း အပြန်အလှန်ပစ်ခေတ်မှုတွေ ရှိတယ် လဲန်သဲရွာမှာ အရပ်သားမရှိတာက ကြာပြီ ဆိုတော့ မနေ့ညက လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သားထိတာတော့ မရှိဘူး” လို့ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လဲန်သဲ ( Lente ) ကျေးရွာရှိ RC ခရစ်ယာန် ဘုရားကျောင်းနဲ့ Revival Baptist Church ဘုရားကျောင်း အပါဝင် အနီးအနားမှာရှိတဲ့ အရပ်သား နေအိမ်တွေလည်း ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဖလမ်းမြို့ကို ဝေဘူလ ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ အင်အားရာချီရှိ စစ်ကော်မရှင်တပ်ဖွဲ့ဟာ ဖလမ်းမြို့ကနေ ၁၅ မိုင်ခန့် ကွာဝေးတဲ့ လဲန်သဲကျေးရွာဘက်ကနေ ကုန်းကြောင်းတခုအနေဖြင့် အသုံးပြုလာကြတဲ့ နေရာဖြစ်တယ်လို့လည်း သိရပါတယ်။

